မိုင်ဆုန် ပီမိုင်တိုင်း (သို့) ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းများနဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်

နှစ်သစ်ကူးပွဲတော်တွင် ကိန္နရာအက ပါဝင်ကပြနေသည့် ရှမ်းလှပျိုဖြူ တစ်ဦး။ စည်သူလွင်/မြန်မာတိုင်း(မ်)နှစ်သစ်ကူးပွဲတော်တွင် ကိန္နရာအက ပါဝင်ကပြနေသည့် ရှမ်းလှပျိုဖြူ တစ်ဦး။ စည်သူလွင်/မြန်မာတိုင်း(မ်)

ခွန်ဆန်လောနဲ့ နန်းဦးပြင်တို့ရဲ့ ချစ်ပုံပြင်၊ နန်းကျင်ပူ မင်းသမီးလေး၊ တန်ဆောင်တိုင် မီးပုံပျံပွဲ၊
ကိန္နရီ၊ ကိန္နရာအက၊ တိုးနရားအကနဲ့ ဗုံရှည် စတဲ့ လှပပြီး ချစ်စရာကောင်းတဲ့ ရိုးရာယဉ်ကျေးမှု
တွေရှိပေမယ့် ပြည်တွင်းစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ခံစားနေရတဲ့ ရှမ်းပြည်နယ်ရဲ့ နှစ်သစ်ကူး
ပွဲတော်ကို ဒီနှစ်မှာတော့ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ ကျင်းပခွင့်ရခဲ့ပါတယ်။

"ရှမ်းလူမျိုးတွေ ရှင်သန်ကြီးပြင်းခဲ့တာ ၂၁၀၉ ခုနှစ်ရှိပြီဆိုတာရဲ့ သက်သေပါ။ ဘုရားစပွင့်
ကတည်းက ရှမ်းလူမျိုးတွေ ရှိနေခဲ့တာပါ။ ကိန္နရီ၊ ကိန္နရာအကဆိုတာကလည်း ဘုရားရှင်
နတ်ပြည်မှာ မယ်တော်နတ်သားကို တရားဟောပြီး လူ့ပြည်ကို ပြန်ဆင်းလာချိန်မှာ ကြိုဆို
ကခုန်ခဲ့ကြတယ်ဆိုတဲ့ အယူအဆပါ" လို့ ရှမ်းသက္ကရာဇ် ဖြစ်ပေါ်လာပုံနဲ့ ရိုးရာ ကိန္နရီ၊ ကိန္နရာ
အကအကြောင်းကို ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဒုဥက္ကဋ္ဌဖြစ်တဲ့ ပါမောက္ခချုပ်(အငြိမ်းစား)
ဦးစိုင်းအောင်ဆန်း က ရှင်းပြပါတယ်။

အများအားဖြင့် ရှမ်းသက္ကရာဇ်ကို တရုတ်သက္ကရာဇ်နဲ့ တူညီတယ်လို့ ရှမ်းလူမျိုးတွေ ကိုယ်တိုင်က
ထင်မှတ်နေကြပေမယ့် အမှန်မဟုတ်ဘူးလို့ ဦးစိုင်းအောင်ဆန်းက ဆိုပါတယ်။

"ရှမ်းနှစ်က တရုတ်နှစ်ထက် နှစ်နှစ်စောပါတယ်။ တရုတ်က အခု ဆိတ်နှစ်ပါ။ ရှမ်းရိုးရာအရဆိုရင်
အခုက မြွေနှစ်ပါ။ ဒါကို တချို့က မသိဘဲ ဒီနှစ်ကိုလည်း ဆိတ်နှစ်လို့ပဲ ထင်နေကြတယ်။
ဘုရားခေတ်ကတည်းက ဗေဒင်နဲ့ ရက်တွေ၊ ကိန်းခန်းတွေ တွက်ချက်ပြီးလုပ်ခဲ့သလို
ခုချိန်ထိလည်း ရှမ်းရိုးရာအရ တွက်ချက်ပြီး လုပ်နေကြတုန်းပဲ။ ရှမ်းရိုးရာ ပြက္ခဒိန်မှာဆိုရင်လည်း
ဒီလို ဗေဒင်ကိန်းခန်းသဘော နေ့ရက်တွေကို တွက်ချက်ဖော်ပြထားတာတွေ ရှိတယ်။"

ဒီနှစ် ၂၀၁၄၊ နိုဝင်ဘာ ၂၁ ရက်မှာ ကျရောက်တဲ့ ရှမ်းရိုးရာ ၂၁၀၈ ခုနှစ်မှ ၂၁၀၉ ခုနှစ်သို့
ကူးပြောင်းတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့မှာ နိုဝင်ဘာ
၁၈ ရက်ကနေ နိုဝင်ဘာ ၂၁ ရက်နေ့အထိ ခုနစ်ရက်ကြာ ကျင်းပခဲ့ပါတယ်။

ပွဲတော်ကျင်းပရာ တန်ဆောင်တိုင် မီးပုံပျံကွင်းမှာတော့ နှစ်သစ်ကူးမယ့် ၂၁ ရက်နေ့ တစ်ရက်လုံး
တန်ဆောင်တိုင် မီးပုံးပျံပွဲတော်လောက် ပရိသတ်တွေ ပြည့်ကျပ်မနေပေမယ့် ပွဲတက်ရောက်
လာတဲ့ ရှမ်းတိုင်းရင်းသားတွေ လက်ထဲက ရှမ်းအလံတွေက တစ်ကွင်းလုံးနီးပါး ဖုံးလွှမ်းနေပါတယ်။

ကွင်းထဲမှာ စတိတ်စင် နှစ်ခုရှိပြီး တစ်ခုမှာတော့ ရှမ်းတိုင်းရင်းသား တေးသံရှင်တွေက
ရှမ်းသီချင်းတွေနဲ့ ဖျော်ဖြေကြပြီး နောက်စတိတ်စင် တစ်ခုမှာတော့ တိုင်းရင်းသားရိုးရာဝတ်စုံတွေနဲ့
အကတွေဖျော်ဖြေနေကြပါတယ်။

ပွဲကျင်းပရာကွင်းရဲ့ တချို့နေရာတွေမှာ ဗုံရှည်၊ တိုးနရား၊ ကိန္နရီ၊ ကိန္နရာအကတွေနဲ့ အဖွဲ့လိုက်၊
အစုလိုက်တွေ ဖျော်ဖြေနေ တာကလည်း တစ်မူထူးခြားတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ရဲ့ ဆွဲဆောင်မှု
တစ်ခုပါပဲ။

ရှမ်းနှစ်သစ်ကူးညတွင် မီးပုံးပျံ လွှင့်တင်နေကြသည့် လူငယ်များ။ ယုယု/မြန်မာတိုင်း(မ်)ရှမ်းနှစ်သစ်ကူးညတွင် မီးပုံးပျံ လွှင့်တင်နေကြသည့် လူငယ်များ။ ယုယု/မြန်မာတိုင်း(မ်)

ပွဲတော်ကျင်းပရာ လမ်းတွင် ပါဝင်ခဲ့ကြသည့် ရှမ်းတိုင်းရင်းသူများ။ ယုယု/မြန်မာတိုင်း(မ်)ပွဲတော်ကျင်းပရာ လမ်းတွင် ပါဝင်ခဲ့ကြသည့် ရှမ်းတိုင်းရင်းသူများ။ ယုယု/မြန်မာတိုင်း(မ်)

ည ၁၂ နာရီ ထိုးရင် နှစ်သစ်ကူးပါပြီ။ နှစ်သစ်ကူးချိန် မရောက်ခင်မှာတော့ တောင်ကြီးမြို့ရဲ့
နာမည်ကျော် မီးပုံးပျံကို နှစ်သစ်ကူးအထိမ်းအမှတ်နဲ့ လွှတ်တင်ခဲ့ပါတယ်။

လေမငြိမ်လို့ မီးပုံပျံလွှတ်တင်ဖို့ အချိန်အနည်းငယ် စောင့်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့
နှစ်သစ်ကူးပွဲကို ကြိုဆိုတဲ့ မီးပုံပျံကြီးက ကောင်းကင်ပေါ် အောင်မြင်စွာ တက်သွားနိုင်ခဲ့ပါတယ်။

၁၂ နာရီထိုးတာနဲ့ တစ်ပြိုင်တည်း နှစ်သစ်ကူးအထိမ်းအမှတ် မီးရှူး မီးပန်းတွေကလည်း လှပစွာနဲ့
ညကောင်းကင်မှာ နေရာယူလိုက်ကြပါတယ်။

နှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ကွင်းထဲမှာရှိနေတဲ့ ရှမ်းလူမျိုး တွေအားလုံး လက်ခုပ်တီးပြီး
သီချင်းတွေဆိုကာ ပျော်ရွှင်စွာ ၀ိုင်းဖွဲ့ကကြပါတော့တယ်။

"နှစ်ဟောင်းမှာ ပြီးခဲ့တဲ့ မကောင်းမှုမှန်သမျှ ပျောက်ပါစေ၊ အခက်အခဲမှန်သမျှ ဖြေရှင်းနိုင်ပါစေ၊
နှစ်သစ်မှာ လူသစ်၊ စိတ်သစ်နဲ့ အားလုံး အဆင်ပြေပြေ လုပ်နိုင်ကြပါစေ။ ဒီနှစ်သစ်မှာ
ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုးရာကို ထိန်းသိမ်းနိုင်ကြပါစေ၊ အမျိုးဘာသာကို မြှင့်တင်နိုင်ကြပါစေ"လို့
မြန်မာလိုအဓိပ္ပာယ်ပါတဲ့ ဆုတောင်းစာသားတွေကို ရှမ်းဘာသာနဲ့ သီချင်းလိုရွတ်ဆိုပြီး
ဝိုင်းဖွဲ့ကနေကြတာပဲ ဖြစ်ပါတယ်။

ရှမ်းတိုင်းရင်းသားတွေရဲ့ ကခုန်ရခြင်းကို နှစ်သက်မြတ်နိုးတဲ့ စိတ်တွေကို ဒီနှစ်သစ်ကူးပွဲတော်မှာ
တွေ့ရမှာဖြစ်သလို ကိန္နရီ၊ ကိန္နရာအကအပြင် ရှမ်းလူမျိုးတွေရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့
တိုးနရားအက၊ ရိုးရာဓားသိုင်း၊ တုတ်သိုင်းတွေကို လှပစွာ ပုံဖော်ထားတဲ့ ရိုးရာသိုင်းအကနဲ့
လမုန်းပွဲတွေကလည်း အနုပညာအပေါ် ချစ်မြတ်နိုးတဲ့ ရှမ်းလူမျိုးတွေရဲ့ စိတ်ကို
ဖော်ညွှန်းနေပါတယ်။

ဒီနှစ်သစ်ကူးပွဲတော်ရဲ့ အဓိကရည်ရွယ်ချက်တွေက ရိုးရာအက၊ အလှတွေကို ထိန်းသိမ်း
မြှင့်တင်ခြင်းနဲ့ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ ရှမ်းလူမျိုးတွေ ပြန်လည်စုစည်း တွေ့ဆုံခြင်းပဲဖြစ်ပါတယ်။

"အစိုးရနဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်ခင်က ဒီလို နှစ်သစ်ကူးပွဲတော်တွေကို ကိုယ်ရတဲ့
နေရာကနေ လုပ်ခဲ့ရပါတယ်။ ခုအစိုးရကလည်း တရားဝင် ကျင်းပခွင့်ပြုတယ်ဆိုတော့
ရှမ်းတိုင်းရင်းသားပေါင်းစုံ မျက်နှာစုံညီ စုဝေးခွင့်ရတယ်။ ပူးပေါင်းပြီး ကျင်းပနိုင်ခွင့် ရတဲ့အတွက်
တစ်ဦးနဲ့ တစ်ဦးကြားမှာ ရှိတဲ့ မပြေလည်မှုတွေကို လျှော့ချနိုင်လိမ့်မယ်" လို့ ရှမ်းပြည်ပြန်လည်
ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)က ဗိုလ်မှူး လောင်ဆဲန်းက ဆိုပါတယ်။

နှစ်သစ်ကူးပွဲတော်ရဲ့ အပိုင်းတစ်ပိုင်းအဖြစ် စာတမ်းဖတ်ပွဲလည်း ပါဝင်ခဲ့ပါတယ်။

နိုင်ငံတကာက ပညာရှင်တွေ လာရောက်ခဲ့တဲ့ ဒီစာတမ်းဖတ်ပွဲမှာ သုတေသနစာတမ်းပေါင်း
၃၃ စောင်ကိုလည်း ဖတ်ကြားခဲ့ပါတယ်။

ရှမ်းသက္ကရာဇ်၂၁၀၈ ခုနှစ်ကတော့ ပြီးဆုံးခဲ့ပါပြီ၊ ဒီနှစ်သစ်ကူးပွဲတော်မှာ ရှမ်းတိုင်းရင်းသား
အားလုံးနဲ့ ပြည်သူတွေ လိုချင်ကြတဲ့ ငြိမ်းချမ်းရေးအတွက် ဆုတောင်းရင်း ၂၁၀၉ ခုနှစ်ရဲ့
နှစ်သစ်ကို စတင်ခဲ့ကြပါပြီ။

ရှမ်းရိုးရာဗုံရှည် အိုးစည်အကဖြင့် ဖျော်ဖြေနေကြသည့် ရှမ်းတိုင်းရင်းသား လူငယ်မောင်မယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)ရှမ်းရိုးရာဗုံရှည် အိုးစည်အကဖြင့် ဖျော်ဖြေနေကြသည့် ရှမ်းတိုင်းရင်းသား လူငယ်မောင်မယ်များ။ စည်သူလွင်/မြန်မာတိုင်း(မ်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်