နာကျင်ခါးသက်သည့် အတိတ်မှ ချိုမြိန်လှပသော အနာဂတ်များဆီသို့

ကောင်းထက်/မြန်မာတိုင်း(မ်)ကောင်းထက်/မြန်မာတိုင်း(မ်)

"အစက ထုတ်မပြောဘူးလို့နေခဲ့ပေမယ့် ကျွန်မ နာကျင်ခဲ့တာတွေ အကုန်ပြောတော့မယ်လို့
အခု ဆုံးဖြတ်လိုက်ပြီ။ ကျွန်မ ယောက်ျား အိပ်ခ်ျအိုင်ဗီနဲ့ ဆုံးပြီး သုံးရက်အကြာမှာ အိပ်ခ်ျအိုင်ဗီ
ရှိနေတဲ့ ကျွန်မအမေ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွားခဲ့တယ်လေ" လို့ မရတနာ
(အမည်လွှဲ) က ခပ်လှမ်းလှမ်းက ပြတင်းပေါက်ကို လှမ်းကြည့်ရင်း စကားတွေကို တစ်လုံးချင်း
အားယူပြောလိုက်ပါတယ်။

၂၀၀၇ ခုနှစ်မှာ ကိုယ့်ကိုယ်ကိုယ် အိပ်ခ်ျအိုင်ဗီရှိနေပြီလို့ သိသွားတဲ့ မရတနာက ဖခင်၊ မိခင်နဲ့
ခင်ပွန်းသည်ပါ အိပ်ခ်ျအိုင်ဗီရှိနေမှန်းသိတဲ့အခါ ကြုံတွေ့ရတဲ့ မိသားစုအခြေအနေကို
ပြောပြနေပါတယ်။

သားမက် ဖြစ်သူ သေဆုံးချိန်မှာတော့ အိပ်ခ်ျအိုင်ဗီကို အကြောက်ကြီးကြောက်သွားတဲ့ မရတနာရဲ့
မိခင်ဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေပြီး အိပ်ခ်ျအိုင်ဗီ ရှိနေတဲ့ ခင်ပွန်းနဲ့ သားသမီး ခုနစ်ယောက်ကို
ထားပစ်ခဲ့တာပါ။

ဆီးချိုရောဂါ ခံစားနေရတဲ့ဖခင် ခြေတစ်ဖက်ဖြတ်တဲ့အချိန်မှာ သွင်းတဲ့ သွေးကနေတစ်ဆင့်
အိပ်ခ်ျအိုင်ဗီ ကူးလာပြီး ဖခင်ဆီတစ်ဆင့် မိခင်ပါ ကူးစက်တယ်လို့ မရတနာက သံသယ
ရှိနေခဲ့ပါတယ်။

သူကိုယ်တိုင်ကတော့ အိပ်ခ်ျအိုင်ဗီရှိနေတဲ့ ခင်ပွန်းနဲ့ မိခင် သေဆုံးချိန်၊ ရောဂါသည် ဖခင်၊
မောင်နှမငယ် ခြောက်ယောက်နဲ့ သမီးငယ်လေးအတွက် အသက်ဆက်ရှင်ရမယ်လို့ အားတင်း
ထားခဲ့ပေမယ့် သူအလုပ်လုပ်တဲ့ ရွှေဆိုင်ပိုင်ရှင်က မရတနာမှာ အိပ်ခ်ျအိုင်ဗီ ရှိနိုင်တယ်ဆိုတဲ့
သံသယနဲ့ နှစ်လစာပေးပြီး အလုပ်ထုတ်ပစ်ခဲ့တာပါ။

"ယောက်ျား အိပ်ခ်ျအိုင်ဗီရှိပြီး ဆုံးမှန်းလည်းသိရော သူတို့ ကျွန်မကို သွေးစစ်ခိုင်းတယ်။
နောက် နှစ်လစာပေးပြီး အလုပ်ထုတ်ပစ်ခဲ့သလို တခြားရွှေဆိုင်တွေမှာ မလုပ်ဖို့နဲ့ တကယ်လို့
သွားလုပ်ခဲ့ရင် ကျွန်မမှာ အိပ်ခ်ျအိုင်ဗီ ရှိကြောင်း လိုက်ပြောမယ်လို့ သတိပေးခဲ့တယ်" လို့
မရတနာ က နာကျင်စွာ ပြုံးရင်း ပြောပါတယ်။့ 

UNAIDS ရဲ့ စစ်တမ်းထုတ်ပြန်ချက် တစ်ခုအရ ၂၀၁၂ အကုန်မှာ ကမ္ဘာတစ်ဝန်းရှိ ခန့်မှန်းခြေ
လူပေါင်း ၃၅ ဒသမ ၃ သန်းဟာ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်နေကြသူတွေဖြစ်ပြီး အသက် ၁၅ နှစ်နှင့်
အထက်မှာ အိပ်ခ်ျအိုင်ဗီ ပျံ့နှံ့မှု သုညဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

အာရှတိုက်မှာ အိပ်ခ်ျအိုင်ဗီ ကူးစက်မှုဒဏ် အပြင်းထန်ဆုံးခံစားနေရတဲ့ နိုင်ငံတွေထဲမှာ
တစ်ခုအပါအ၀င်ဖြစ်တဲ့ မြန်မာနိုင်ငံမှာတော့ ၂၀၁၃ ခုနှစ်မှာ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူဦးရေ
(ခန့်မှန်း) ၁၈၅,၀၀၀ ရှိနေပါတယ်။

၂၀၁၃ တစ်နှစ်ထဲမှာ အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရသူ ၆,၄၀၀ ခန့် ရှိနေကြောင်းလည်း
ဖော်ပြပါရှိပါတယ်။

အိပ်ခ်ျအိုင်ဗီကူးစက်မှု ကျရောက်လွယ်တဲ့ ဦးတည်အုပ်စုတွေကို မူးယစ်ဆေးဝါးထိုးသွင်း
သုံးစွဲသူများ၊ အမျိုးသားချင်း လိင်ဆက်ဆံသူများနဲ့ အမျိုးသမီး လိင်အလုပ်သမတွေလို့
ဖော်ပြထားပေမယ့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ ကျောင်းဆရာမ မည်သူမဆို
အိပ်ခ်ျအိုင်ဗီရှိသူနဲ့ လိင်ဆက်ဆံမိလျှင်၊ သွေးသွင်းခံရလျှင်၊ တက်တူး၊ မူးယစ်ဆေးဝါး၊ ဒါမှမဟုတ်
အရည်ပြားကိုဖောက်ပြီး သွေးထွက်စေတဲ့ အပ်ကို အတူတူ သုံးမိလျှင် အိပ်ခ်ျအိုင်ဗီ
ကူးစက်ခံရနိုင်ပါတယ်။

အိပ်ခ်ျအိုင်ဗီ ပညာပေးအသိနည်းပါးမှုရဲ့ အကျိုးဆက်ကတော့ လူသားချင်းခွဲခြားဆက်ဆံခံရတာ
ဖြစ်ပြီး အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေရဲ့ အသက်ရှင်ဖြစ်တည်မှုနဲ့ လူ့အခွင့်အရေးတွေကို
ခြိမ်းခြောက်နေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလိုခွဲခြားခံရမှုတွေကို ငြင်းဆိုတိုက်ဖျက်ပြီး ကျန်းမာရေးအသိ ဖြန့်ဝေနိုင်ဖို့ ရွှေဆိုင်ကနေ
အလုပ်ပြုတ်ခဲ့ရတဲ့ မရတနာတစ်ယောက် ခုချိန်မှာတော့ ရတနာ့မေတ္တာ အိပ်ခ်ျအိုင်ဗီလျှော့ချရေးနဲ့
လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့မှာ နေသားတကျ အလုပ်ရနေပါပြီ။ သူ့ရဲ့တာဝန်က ဘ၀တူ
အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေကို ကျန်းမာရေး အသိပညာဖြန့်ဝေဖို့နဲ့ အိပ်ခ်ျအိုင်ဗီ ပိုးထိန်းဆေး
(အေအာရ်ဗီ) မှန်မှန်သောက်ဖို့အပြင် လူမှုရေးအခက်အခဲတွေကိုပါ အချိန်ပေးနားထောင်
ပေးရတာဖြစ်ပြီး ကျန်းမာရေးအသိ အားနည်းလို့ ဆုံးပါးခဲ့ရတဲ့ သူ့မိခင်လိုလူတွေ လျော့စေချင်တဲ့
သူ့ဆန္ဒနဲ့ ထပ်တူကျနေပါတယ်။

"အိပ်ခ်ျအိုင်ဗီရှိမှန်း သိလိုက်တာနဲ့ အမေက အရမ်းရှက်၊ အရမ်း ကြောက်သွားတာ။ ကျွန်မကလွဲပြီး
ဘယ်သူ့ကိုမှ ပေးမသိခဲ့ဘူး။ သားအမိနှစ်ယောက်တည်း ကြိတ်ပြီး စိတ်မချမ်းသာဖြစ်နေကြတာ
အဖေနဲ့ ကျွန်မယောက်ျားတောင် မသိခဲ့ပါဘူး"လို့ မရတနာက ပြောပါတယ်။

အမေနဲ့ ယောက်ျား ဆုံးပါးပြီးနောက်မှာ ပေါင်မှာ အကြိတ်ကြီးတစ်လုံး ပေါက်လာပြီး အိပ်ခ်ျအိုင်ဗီရဲ့
လက္ခဏာတစ်ခုဖြစ်တဲ့ တီဘီရောဂါ စရခဲ့ပြီး နောက်မှာတော့ မရတနာတစ်ယောက် အိပ်ရာထဲ
လဲခဲ့သလို သူ့မိသားစုကိုတော့ သူနေထိုင်ရာ တစ်ရပ်ကွက်လုံးက မျက်နှာချင်းမဆိုင်ရဲတဲ့အထိ
အိပ်ခ်ျအိုင်ဗီကူးစက်မှာ ကြောက်နေခဲ့ကြပါတယ်တဲ့။

"ကျွန်မ သေမလိုဖြစ်ပြီး အိပ်ရာထဲလဲနေတဲ့အချိန်မှာ အိမ်က မောင်လေးတွေ ညီမလေးတွေ
ဘယ်သူမှ ရပ်ကွက်ထဲ ခေါင်းမဖော်ဝံ့ကြဘူး။ အရမ်းရှက်စရာ၊ ကြောက်စရာကောင်းတယ်လို့
သူတို့ထင်နေခဲ့ကြတယ်" လို့ မရတနာ က ပြောပါတယ်။

နောက်ဆုံးမှာတော့ သူငယ်ချင်းတချို့ရဲ့ အားပေးမှုနဲ့အတူ အိပ်ခ်ျအိုင်ဗီ ပိုးထိန်းဆေးလို့
အရပ်သိကြတဲ့ အေအာရ်ဗီဆေးအကြောင်း သိလာရပြီး ဆေးအခမဲ့ ထုတ်ယူနိုင်တဲ့
ရတနာ့မေတ္တာဆေးခန်းနဲ့ ချိတ်ဆက်ပြီး ပုံမှန်ကျန်းမာတဲ့ အခြေအနေကို ပြန်ရယူနိုင်ခဲ့ပါတယ်။

ပတ်ဝန်းကျင်နဲ့ အလုပ်ရှင်တို့ရဲ့ ခွဲခြားမှုတွေကို ခံခဲ့ရတဲ့ မရတနာ တစ်ယောက် ကျန်းမာရေး
ပြန်လည်ကောင်းမွန်လာတဲ့အချိန်မှာ အိပ်ခ်ျအိုင်ဗီ ရှိတာနဲ့ မသေနိုင်ဘူးဆိုတာ ပြဖို့နဲ့
ဘ၀တူတွေကို အားပေးဖို့ ခေါင်းပြန် ထူလာခဲ့ပြန်ပါတယ်။

ဒါပေမဲ့လည်း မိသားစုရဲ့ အားငယ်နေတဲ့စိတ်နဲ့ အရိုးစွဲနေတဲ့ ခွဲခြားမှုအတွေးနဲ့ သူ့ပတ်ဝန်းကျင်က
ထွက်ခွာခဲ့ပြီး ဒဂုံ မြို့သစ်မြောက်ပိုင်းမြို့နယ်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။

ရတနာ့မေတ္တာလူမှုအဖွဲ့မှာ အလုပ်ပြန်လည်လျှောက်ထားခဲ့ပြီး "ဥက္ကဋ္ဌကြီးက ကျွန်မကို
အလုပ်ခန့်လိုက်ပြီလို့ ပြောတဲ့အချိန်မှာ ကျွန်မ အရမ်းကို ၀မ်းသာခဲ့ရပါတယ်" လို့ မရတနာ က
ပီတိမျက်ရည်တွေနဲ့ ပြောပြပါတယ်။

အိပ်ခ်ျအိုင်ဗီကို ရှက်စရာ၊ ကြောက်စရာလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့အတွေးကတော့ ခုချိန်ထိ
မပြောင်းလဲသေးတာမို့ အိမ်တိုင်ရာရောက် လိုက်အားပေး၊ ဆေးတိုက်ရတဲ့ မရတနာတို့
အတွက်လည်း အခက်အခဲတွေ တစ်ပုံကြီး ရှိနေဆဲပါပဲ။

အိမ်လိပ်စာ အမှားပေးခဲ့လို့ တစ်နေ့လုံး အိမ်ရှာရင်း ရွာလည်ခဲ့တာတွေ၊ မိသားစုကို ပေးမသိတဲ့
သူတွေကြောင့် အိမ်ကနေ မောင်းထုတ်ခံရတာတွေနဲ့ အမျိုးသားတွေကို အားပေးစကားပြောတဲ့
အခါ နောက်မိန်းမလို့ပါ အထင်ခံရတဲ့အထိ သူကြုံတွေ့ခဲ့တာတွေကို ပြောပါတယ်။

"သူတို့နဲ့ အိမ်ထဲမှာ စကားပြောနေတုန်း ဧည့်သည်တစ်ယောက်လောက် ၀င်လာတာနဲ့ ဆေးတွေ
စာအုပ်တွေကို ခပ်မြန်မြန်ကောက်သိမ်းပြီး စကားလမ်းကြောင်းတွေပြောင်း၊ သူငယ်ချင်းလို
ဟန်ဆောင်ရတာတော့ ခဏခဏပါပဲ"လို့ မရတနာက ပြောပြီး "သူတို့ ဘာတွေခံစားနေရတယ်
ဆိုတာ ကျွန်မလည်း ဘ၀တူဆိုတော့ ခံစားခဲ့ဖူးလို့ သိတယ်၊ အဲဒီတော့ သူတို့ကို အရင်းနှီးဆုံး
အားပေးနိုင်တယ်"လို့ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗီနဲ့ နေထိုင်သူတွေကို ခွဲခြားမှုတွေ ရှိနေသလို အလုပ်အကိုင်
အခွင့်အလမ်းတွေလည်း နည်းပါးနေတုန်းပဲဆိုတဲ့ မရတနာရဲ့ စကားလုံးတွေကိုတော့ နိုင်ငံတကာ
အိပ်ခ်ျအိုင်ဗီပညာပေးကွန်ရက်တစ်ခုမှာ အလုပ်လုပ်နေတဲ့ အမျိုးသားချင်းစုံမက်သူ တာရာ
(အမည်လွှဲ)က အပြည့်အ၀ ထောက်ခံထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်