ရန်ကုန်မြို့တော်နှင့် အမှိုက်ပြဿနာ

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ရှိသော အမှိုက်ပုံတစ်ပုံ၏ မြင်ကွင်း။ ကောင်းထက်/မြန်မာတိုင်း(မ်)ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ရှိသော အမှိုက်ပုံတစ်ပုံ၏ မြင်ကွင်း။ ကောင်းထက်/မြန်မာတိုင်း(မ်)

ညဘက် လူခြေတိတ်ချိန်။ နောက်ဖေးလမ်းကြားထဲက 'ဖုတ်' ခနဲ ကြားရတဲ့ ထိတ်လန့်ဖွယ်
အသံဆိုးကြီးဟာ ၅၃ လမ်းထဲက ရှစ်ထပ်တိုက်ရဲ့ ပထမလွှာမှာနေထိုင်တဲ့ ဒေါ်ခင်အေးဝင်း
အတွက်တော့ ပုံမှန်ကြားနေကျ အသံပါပဲ။

ခုဆို နောက်ဘေးလမ်းကြားထဲမှာ စည်းကမ်းမဲ့ ပစ်ချထားတဲ့ မီးဖိုချောင်ထွက် အမှိုက်တွေက
တောင်လိုပုံနေပြီ။

အမှိုက်တွေကထွက်လာတဲ့ အနံ့အသက်တွေဟာ လေသင့်တာနဲ့ နီးစပ်ရာ အခန်းတွေထိ
ခန်းလုံးကြိုင်နေပြီ။

ပိုဆိုးတာက အမှိုက်ပုံကို တပ်စွဲထားတဲ့ ခြင် တစ်အုပ်တစ်မပါပဲ။

"နောက်ဆုံးတော့ ကျွန်မတို့ ၅၃ လမ်းထဲမှာ လမ်းသာယာရေးအဖွဲ့ ဖွဲ့လိုက်ရတော့တယ်။
ဒီလမ်းထဲမှာ ကလေးရှိတဲ့ အိမ်က များတယ်။ ညညဆို ခြင်တွေဝင်လို့ တံခါးပိတ်ထားရတယ်။
ကလေးတွေ သွေးလွန်တုပ်ကွေးဖြစ်မှာ ကြောက်တော့ လမ်းသာယာရေးအဖွဲ့က တစ်ခန်းကို
ကျပ် ၁,၀၀၀ ကောက်တယ်။ စည်ပင်ကားခေါ်ပြီး နောက်ဖေးလမ်းကြားထဲက အမှိုက်တွေကို
တစ်လတစ်ခါ သိမ်းရတယ်" လို့ ဒေါ်ခင်အေးဝင်း က ပြောပါတယ်။

အမှိုက်ကား လာသိမ်းပြီး ရက်အနည်းငယ်မှာတော့ နောက်ဖေးလမ်းကြားထဲမှာ အမှိုက်တွေ
ပြောင်စင်သွားပါတယ်။

ဒါပေမဲ့ တစ်ပတ်ခန့် အကြာမှာတော့ အပေါ်ထပ်အခန်းတွေက အမှိုက်တွေ ပစ်မြဲပစ်သလို
နောက်ဖေးလမ်းကြားထဲမှာလည်း အမှိုက်တွေ တောင်ပုံယာပုံ ပုံနေဆဲပါပဲ။

"ကြာတော့ အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တဲ့အခန်းက ပိုက်ဆံ မထည့်ချင်တော့ဘူး။
စည်ပင်က အမှိုက်လှည်း နေ့စဉ် လာပါတယ်။ ဒါပေမဲ့ အပေါ်ထပ်ကနေ အောက်အထိဆင်းပြီး
အမှိုက်ပစ်ရမှာကို ပျင်းကြတယ်" လို့ ဒေါ်ခင်အေးဝင်း က ပြောပါတယ်။

နောက်ဆုံးမှာတော့ ဗိုလ်တထောင်မြို့နယ်၊ ၅၃ လမ်းထဲက ဒေါ်ခင်အေးဝင်းရဲ့ ရှစ်ထပ်တိုက်
မြေညီထပ်မှာ "သင်သည် လူကမွေးသော လူဖြစ်လျှင် အိမ်နောက်အိမ်ရှေ့ အမှိုက်မပစ်ပါနှင့်
(ပုံ - သန့်ရှင်းလိုသူ)" လို့ ရေးထားတဲ့ စာတန်း ကပ်လိုက်ပါတော့တယ်။

"သိပ်လည်း မထူးပါဘူး။ အိမ်ရှေ့ပလက်ဖောင်းတွေမှာ လာချထားတဲ့ အမှိုက်ထုပ်တွေလည်း
ပိုများလာတယ်။ နောက်ဖေးလမ်းကြားထဲက အမှိုက်တွေကိုရှင်းဖို့ စည်ပင်က အမှိုက်ကားကို
လစဉ် ခေါ်ရတုန်းပါပဲ"လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနရဲ့
၂၀၁၂ ခုနှစ်မှာ လေ့လာဆန်းစစ်ချက်အရ ရန်ကုန်မြို့နေ လူတစ်ဦးဟာ တစ်နေ့ကို အမှိုက်
သုည ဒသမ ၄ ကီလိုဂရမ် စွန့်ပစ်ပါတယ်။

ရန်ကုန်တစ်မြို့လုံး လူဦးရေအားလုံးရဲ့ တစ်ရက် စွန့်ပစ်အမှိုက် တန် ၁,၆၉၀ ရှိပါတယ်။
ဒါတွေအကုန်လုံးကို ပြောင်စင်အောင် သိမ်းဖို့အတွက် အမှိုက်သိမ်းကား (သုံးတန်ကား
အစီး ၅၀၀)ခန့် လိုအပ်ပါတယ်။

တကယ်တမ်း ဌာနမှာ လည်ပတ်နေတဲ့ ကားအစီးရေဟာ ၂၈၀ ခန့်ပဲရှိပြီး အမှိုက်သိမ်းကားတွေဟာ
ယိုယွင်းဟောင်းနွမ်းပြီး ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ အိပဲ့အိပဲ့နဲ့ သွားလာနေရတာပါ။

အရင်က အမှိုက်စွန့်ပစ်ဖို့နေရာ သီးသန့်သတ်မှတ်ထားခဲ့တဲ့အတွက် တစ်မြို့လုံးက အမှိုက်တွေကို
ထားဝယ်ချောင်နဲ့ ထိန်ပင်လို သုသာန်တွေမှာ သွားရောက်စွန့်ပစ်ရပါတယ်။

အမှိုက်ကနေ စွမ်းအင်ထုတ်လုပ်မယ့် စီမံကိန်းဟာ အကောင်အထည်ဖော်နေတုန်းပါပဲ။

တကယ်လို့ အနီးအပါးမှာ အမှိုက်ပုံးမရှိလို့ (ဒါမှမဟုတ်) ရှိတဲ့အမှိုက်ပုံးတွေက အမြဲ ပြည့်လျှံနေပြီး
ညစ်ပတ်လို့ တွေ့ရာနေရာမှာ အဆင်ပြေသလို ပစ်ချတတ်တဲ့ အလေ့အထကို လျော့ပါးသွားအောင်
နိုဝင်ဘာလထဲမှာ ဌာနကနေ လိမ္မော်ရောင် အမှိုက်ပုံးအသစ် ၇,၀၅၅ ပုံးကို ရန်ကုန်မြို့အနှံ့
ချထားပေးခဲ့ပြီးပါပြီ။

လက်ရှိမှာ ကျန်နေတဲ့ ပုံး ၅,၀၀၀ ကျော်ကိုလည်း ချပေးနေဆဲပါပဲ။

"အမှိုက်ပုံးချပေးလည်း ပုံးကိုဖွင့်ပြီး ပုံးထဲရောက်အောင် အမှိုက်ပစ်တဲ့ သူနည်းပါတယ်။ အများစုက
ပုံးဘေးမှာ ဖြစ်သလို စည်းကမ်းမဲ့ ပစ်ချသွားတယ်"လို့ ဌာနရဲ့ အမှိုက်သိမ်းဝန်ထမ်း မသန္တာလှိုင် က
ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ ပလက်ဖောင်းတွေနဲ့ လမ်းကြိုလမ်းကြားတွေမှာ ဟိုတစ်စ ဒီတစ်စ ပြန့်ကျဲနေတဲ့
ရောင်စုံ ပလတ်စတစ်အိတ်ခွံမျိုးစုံ၊ ဆေးလိပ်တိုတွေနဲ့ ညစ်ပေနေတဲ့ တစ်ရှူးတွေဟာ မြို့ပြကို
အတော်လေး အကျည်းတန်စေပါတယ်။

"အမှိုက်ကို စည်းကမ်းမဲ့ ပစ်တာဟာ လူမြင်ကွင်းမှာ မသပ်မရပ်ဖြစ်စေတယ်။ နောက်တစ်ခါ
လမ်းဘေးမှာ မီးဖိုချောင်ထွက်အမှိုက် (organic waste) တွေကို သုံးလေးရက်လောက်
ပစ်ထားရင် အရည်တွေထွက်လာပြီး လောက်တွေ တဖွားဖွားနဲ့ ကျန်းမာရေးကို
ထိခိုက်လာနိုင်မယ်။ အမှိုက်ပုံအကြီးကြီးကို ဟင်းလင်းပြင်ကြီးမှာ ဖွင့်ထားရင် လေထုညစ်ညမ်း
လာမယ်" လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဦးအောင်မြင့်မော် က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်