ရက်ကန်းပညာရှင်တွေ ရပ်တည်ဖို့အရေး တစ်ထောင့် တစ်နေရာကနေ ပံ့ပိုးပေးနေတဲ့ မြန်မာအမျိုးသမီး

ပန်းချီပြခန်းနှင့် ကပ်လျက် ရက်ကန်းရုံတွင် ရက်ကန်းခတ်နေသည့် အမျိုးသမီးတစ်ဦး။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)ပန်းချီပြခန်းနှင့် ကပ်လျက် ရက်ကန်းရုံတွင် ရက်ကန်းခတ်နေသည့် အမျိုးသမီးတစ်ဦး။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

၃၅ လမ်း အလယ်ဘလောက် တစ်နေရာက အထပ်မြင့် တိုက်ခန်းကြီးနှစ်ခန်း ခြံရံထားတဲ့
ဂိုဒေါင်လေး တစ်ခုကို ခေတ်မီပြီး သဘာဝအငွေ့အသက်တွေနဲ့အတူ ပြင်ဆင် ဖွင့်လှစ်ထားတဲ့
River Ayyarwaddy ပန်းချီပြခန်းလေးကတော့ သူ့ရဲ့ တစ်နေ့တာအချိန်တွေ
တော်တော်များများကို ရင်းနှီးမြှုပ်နှံထားတဲ့နေရာလို့ ပြောလို့ရပါတယ်။

အောက်ထပ်နဲ့ ပထမထပ်ရဲ့ နံရံတွေမှာတော့ ပြည်တွင်းပန်းချီဆရာတွေရဲ့ ပန်းချီကားချပ်တွေက
နေရာယူထားသလို အပေါ်ဆုံး ထပ်ခိုးအခန်းလေးမှာတော့ အနယ်နယ်အရပ်ရပ်က အမျိုးသမီးတွေ
ပြုလုပ်ဖန်တီးထားတဲ့ လက်မှုပစ္စည်းလေးတွေ၊ သဘာဝဆိုးဆေးနဲ့ ရက်လုပ်ထားတဲ့ ချည်ထည်၊
ပိုးထည်တွေအပြင် စွန့်ပစ်ပစ္စည်းလေးတွေနဲ့ ဖန်တီးထားတဲ့ အသုံးအဆောင်ပစ္စည်းလေးတွေက
စီရရီနဲ့ နေရာတကျ ရှိနေပါတယ်။

အဲဒီဆိုင်လေးအတွင်းမှာတော့ အထက်အောက် မြန်မာဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားပြီး
အနက်ရောင် ဆံပင်တွေကို သပ်ရပ်စွာ စည်းနှောင်ထားတဲ့ အမျိုးသမီးတစ်ဦးက တည်ငြိမ်တဲ့
သွင်ပြင်၊ ဆန့်ကျင်ဘက်ဟန်ပန်နဲ့ ဟိုဟိုသည်သည် ပြေးလွှားလို့ အလုပ်တွေ ရှုပ်နေပါတယ်။

သူကတော့ တခြားသူ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ၊ တောင်ကြီးနဲ့ အမရပူရမှာရှိတဲ့
ရက်ကန်းကျောင်းတွေ၊ ရက်ကန်းရုံတွေနဲ့ ချိတ်ဆက်ပြီးတော့ သဘာဝဆိုးဆေးနဲ့ ရက်လုပ်ထားတဲ့
ချည်ထည်တွေ၊ ပိုးထည်တွေအပြင် ကြာနဲ့ ရက်လုပ်ထားတဲ့ အထည်တွေကို ဂျပန်နိုင်ငံမှာ
Myanmar Clothes Co.Ltd ဆိုပြီး ဂျပန်နိုင်ငံသူ တစ်ယောက်နဲ့ ပူးပေါင်းဖွင့်လှစ်ထားသလို
ဂျပန်နိုင်ငံ Narita လေဆိပ်နဲ့ Osaka လေဆိပ်တို့မှာ One Village One Product ဆိုပြီး
တင်ပို့ရောင်းချလို့ ဈေးကွက်ချဲ့ထွင်နေရုံတင်မကဘဲ ပြည်တွင်းမှာလည်း ရက်ကန်းထည်တွေအပြင်
အသေးစားအိမ်တွင်း လက်မှုလုပ်ငန်းလေးတွေကို ၂၀၀၄ ခုနှစ်ကတည်းက စတင်လုပ်ကိုင်လာတဲ့
မဖြူအိသိမ်း ပဲ ဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ Sunflower Art Gallery and art classes ကိုလည်း
သူ့ရဲ့ ဖခင် ဦးမောင်မောင်သိမ်း (ပုသိမ်)၊ အစ်မဖြစ်တဲ့ မချောအိသိမ်း နဲ့အတူ အနုပညာနဲ့ဆိုင်တဲ့
လုပ်ငန်းတွေကို ပြုလုပ်ခဲ့သလို ရက်ကန်းခတ်တဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်
အနေနဲ့ နေကြာပန်းလေးတွေ Sunflowers Group Social Enterprise ဆိုတဲ့နာမည်နဲ့
ချဲ့ထွင်ပြီးတော့ မြန်မာ့ရိုးရာအထည်နဲ့ လက်မှုပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းကိုလည်း ပြီးခဲ့တဲ့
၂၀၁၃ ခုနှစ်ကတည်းက ပြခန်းနဲ့ တွဲလျက် ဆိုင်ခန်းလေး ဖွင့်လှစ်ခဲ့ပါသေးတယ်။

အခုဆိုရင် သူ့ရဲ့ လက်မှုပစ္စည်းတွေနဲ့ အ၀တ်အထည်တွေကို ရန်ကုန်က လက်မှုပစ္စည်းတွေ
ရောင်းချတဲ့ Pomelo နဲ့ Thiripyitsaya ဆိုင်တွေမှာပါ ရောင်းချနေတာကြောင့် ပြည်တွင်းမှာလည်း
ဈေးကွက် တစ်နေရာကို ရနေတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။

ဒါတင် မကသေးပါဘူး။ သူ့အနေနဲ့ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေဆီ
သွားရောက်ပြီး ငွေကြေးတွေ လှူဒါန်းသလို သူတို့တွေအတွက် ယာယီအသက်မွေးဝမ်းကျောင်း
အတွက် အထောက်အပံ့ပေးနိုင်မယ့် ရက်ကန်းပညာနဲ့ တခြားလက်မှုပညာတွေကို ၂၀၁၂ ခုနှစ်
လောက်ကတည်းက သွားရောက်ပြီးတော့ သင်ကြားပေးတဲ့အပြင် လက်ရှိအချိန်ထိလည်း အဲဒီ
စခန်းကရတဲ့ လက်မှုပစ္စည်းလေးတွေကို ၀ယ်ယူပြီး သူ့ဆိုင်မှာ တင်လို့ရောင်းချနေပါသေးတယ်။

ကိုယ်ပိုင်ဆိုင်လေး ဖွင့်ထားပြီး ရက်ကန်းရုံတွေနဲ့ သူ့ပစ္စည်းတွေကို အားပေးနေတဲ့ ပြည်တွင်း
ပြည်ပက ဖောက်သည်တွေကြားမှာ အလုပ်လုပ်ကိုင်နေရပေမယ့် သူ့အနေနဲ့ကတော့
သဘာဝဆိုးဆေးပိုင်း၊ ရက်ကန်းပိုင်းနဲ့ ပတ်သက်လို့ research ပိုင်းလောက်ပဲ လေ့လာဖူးပြီး
နည်းစနစ်ကျကျ မသင်ယူခဲ့ဖူးသေးဘူးလို့ ဆိုပါတယ်။

"ကျွန်မက ဒီအလုပ်ကိုလုပ်ဖို့ ရွေးချယ်ခဲ့ပေမယ့် ကိုယ်တိုင်လည်း ရက်ကန်းပညာရှင် မဟုတ်သလို
ဆိုးဆေးပညာရှင်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အစကတည်းက ရိုးရာအထည်တွေကို
စိတ်ဝင်စားခဲ့တယ်။ နောက် ဒီလုပ်ငန်းကို လုပ်ရင်းနဲ့လည်း လုပ်ငန်းထဲကို စိမ့်ဝင်လာတယ်။
ခါတိုင်း အားလပ်ချိန်တွေမှာ စာဖတ်၊ ပန်းချီဆွဲတာကို ကြိုက်နှစ်သက်ခဲ့တယ်။ အခုဆိုရင် အဲဒါတွေ
မလုပ်ဖြစ်ဘဲ ပတ်ဝန်းကျင်ကို အကဲခတ်၊ လူတွေကို အကဲခတ်ကြည့်တတ်လာတယ်။
ပြီးတော့သူတို့ ဘာတွေဝတ်သလဲ၊ ဘာဒီဇိုင်းတွေ ခေတ်စားလဲ။ နောက် ကိုယ့်အနေနဲ့
ဒီဇိုင်းဆန်းလေးတွေရအောင် ဘယ်လိုဖန်တီးရမလဲဆိုပြီးတော့ ဒီဇိုင်းနဲ့ ပတ်သက်တာတွေလည်း
လေ့လာဖြစ်လာတယ်"လို့ အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မဖြူအိသိမ်း က ဆိုပါတယ်။

လက်ရှိခေတ် အနေအထားအရ နိုင်ငံခြားဖြစ်ပစ္စည်းတွေကို ရှော့ပင်စင်တာကြီးတွေ၊ ရန်ကုန်မြို့ရဲ့
လူစည်ကားတဲ့နေရာတွေမှာ ဆိုင်ကြီးဆိုင်ငယ်၊ လက်လီလက်ကား အသွယ်သွယ်နဲ့ ရောင်းချ
နေကြပြီးတော့ ခေတ်သစ်လူလတ်၊ လူငယ်တော်တော်များများကလည်း နှစ်ခြိုက်အားပေးနေကြ
ပါတယ်။

ဒီလိုအချိန်မျိုးမှာ အနယ်နယ်အရပ်ရပ်က အမျိုးသမီးလေးတွေနဲ့ မသန်စွမ်းလူငယ်တွေ ဖန်တီး
ပြုလုပ်ထားတဲ့ ရိုးရာလက်မှုပစ္စည်းဆိုင်လေးတွေက အဲဒီလိုဆိုင်တွေနဲ့ယှဉ်ရင် အရေအတွက်
နည်းပေမယ့် စိတ်ပါဝင်စားတဲ့သူတွေ မနည်းတော့ဘူးဆိုတာကို မဖြူအိသိမ်း က သက်သေပြနိုင်ပြီ
ဆိုလို့ရပါတယ်။

ပန်းချီဆရာ၊ အနုပညာရှင်မျိုးရိုးဖြစ်တာကြောင့် အနုပညာကို နှစ်သက်ပေမယ့် ရိုးရာအထည်
ဒီဇိုင်းတွေကို စိတ်ဝင်စားတာကြောင့် ဂျပန်နိုင်ငံက အမျိုးသမီးတစ်ဦးနဲ့ ၂၀၀၆ ခုနှစ်မှာ
စတင်ပြီးတော့ အင်းလေးကရက်ကန်းရုံတွေကနေ အထည်တွေမှာယူပြီး ဂျပန်နိုင်ငံမှာ
ပြန်လည်ရောင်းချတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့တာပါ။

အဲဒီလို လုပ်ကိုင်တဲ့အခါမှာလည်း သူ့အနေနဲ့ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ရတယ်လို့
ဆိုပါတယ်။

"အစစအရာရာ အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေချည်းပဲ ရှိတဲ့ ဂျပန်နိုင်ငံမှာ ဈေးကွက်တစ်ခု
ရဖို့ဆိုတာက ပြောမပြနိုင်လောက်အောင်ကို ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပစ္စည်းဆိုရင်
ဈေးပေါတယ်၊ အရည်အသွေး ညံ့တယ်။ နောက်တစ်ခုက အလုပ်သမားခက အရမ်းသက်သာတယ်
လို့ ထင်ကြတယ်လေ။ အဲဒီလို ထင်နေကြပေမယ့် အစ်မတို့က အရည်အသွေးကို ထိန်းပြီး
သွားတော့ ဒါက မြန်မာပစ္စည်းလားဆိုပြီးတော့ အမေးခံရတယ်။ အဲဒီလိုပြောတော့ မခံမရပ်နိုင်
ဖြစ်မိတယ်။ မြန်မာပစ္စည်းမို့လို့ Made in Myanmar ဆိုတာကို ပစ္စည်းတိုင်းမှာတပ်ပြီး
ယုံယုံကြည်ကြည် ရောင်းသလို ကိုယ်တိုင်လည်း ၀တ်တယ်၊ သုံးတယ်ဆိုပြီးတော့
ရှင်းပြပြောပြရတယ်" လို့ သူက ဆိုပါတယ်။

မဖြူအိသိမ်း။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)မဖြူအိသိမ်း။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဒါကိုကြည့်ပြီး မဖြူအိသိမ်း အနေနဲ့ သူတစ်ပါးအပေါ် ကူညီတတ်တဲ့ စိတ်ထားရှိသလို စကားကို
ခပ်အေးအေးနဲ့ ချိုသာပြေပြစ်စွာ ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်ပေမယ့် သူ့အပေါ်တော့
မဟုတ်တာပြောခဲ့ရင်တော့ သည်းညည်းမခံတတ်ဘူးဆိုတဲ့ စိတ်ထားရှိတယ်ဆိုတာ
သိသာလှပါတယ်။

နောက်ပြီးတော့ သူ့အနေနဲ့ သူ လုပ်ချင်တဲ့အလုပ်ကို လုပ်ကိုင်နေခွင့်ရတာကြောင့် ဘယ်လောက်ပဲ
ဒုက္ခရောက်နေပါစေ အဲဒါကို ဘယ်လိုကျော်လွှားမလဲ ဆိုတာကိုပဲ အမြဲစဉ်းစားပြီး ရအောင်
ကျော်လွှားတတ်ပါတယ်တဲ့။

ဒီလုပ်ငန်းကို လုပ်ကိုင်နေလို့ ကိုယ်ပိုင် လခဆိုတာတော့ မရပေမယ့် အရင်းအနှီးရော၊ အမြတ်ရော၊
အကြွေးတွေပါ သံသရာလည်နေတဲ့ သူ့ရဲ့ ယခင်ကနေ့စဉ်ဘ၀က သူ မလုပ်ချင်တဲ့ တခြား
အလုပ်ကို လုပ်ရတာထက်စာရင်တော့ ဖိအားဆိုတာမျိုး မခံစားခဲ့ရဘူးလို့လည်း ဆိုပါတယ်။

သူ့အနေနဲ့ စစချင်းကတော့ အင်းလေးက ရိုးရာရက်ကန်းရုံတွေမှာ လိုအပ်တဲ့ အထည်တွေကို
မှာယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တောင်ကြီးနဲ့ အမရပူရမှာရှိတဲ့ ရက်ကန်းကျောင်းတွေနဲ့
ချိတ်ဆက်ပြီး ရက်ကန်းကျောင်းတွေအတွက် လိုအပ်တဲ့ ဈေးကွက်တွေကို ချဲ့ထွင်ဖြစ်ခဲ့ပါတယ်တဲ့။

လုပ်ငန်းပိုင်းအရ ကိုယ့်နိုင်ငံက ရိုးရာထည်တွေကို ပြည်ပဈေးကွက်မှာ နေရာတစ်နေရာရချင်တဲ့
စိတ်ဆန္ဒပဲ ရှိပေမယ့် နောက်ပိုင်းမှာ သူလုပ်ကိုင်တဲ့ လုပ်ငန်းက တစ်ဦးကောင်းအတွက်မဟုတ်ဘဲ
ရက်ကန်းရုံတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတိုင်းအတွက်လည်း အကျိုးရှိစေသလို
တစ်ဖက်ကလည်း မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတွေကို ရေရှည်တည်တံ့ဖို့အတွက် ဈေးကွက်
တစ်နေရာ ဖန်တီးပေးသလို ဖြစ်သွားခဲ့ပါတယ်။

ဒါပေမဲ့ ပြည်ပဈေးကွက်ကို ထိုးဖောက်နိုင်အောင် ကုန်ပစ္စည်းတွေကို အရည်အသွေးပိုင်း
ဦးစားပေးနေတဲ့ အချိန်မှာ ရက်ကန်းရုံက အများစုသော အလုပ်သမတွေအနေနဲ့ စားဝတ်နေရေး
အခြေအနေကြောင့် အရည်အသွေးထက် အရေအတွက် များများရရေးကိုပဲ လုပ်ဆောင်ခဲ့တဲ့
အတွက် သူ့ရဲ့ လုပ်ငန်းအစပိုင်းကို အချိန်တွေ၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စတင်ခဲ့ရပါသေးတယ်။

"သူများနိုင်ငံတွေမှာက အလုပ်လုပ်ရသလို ရတဲ့လစာတွေကလည်း ဖူလုံလို့ စုဆောင်းလို့တောင်
ရတယ်။ ဒါပေမဲ့ ကျွန်မတို့ နိုင်ငံမှာကတော့ အဲဒီလိုမဟုတ်ဘူး။ လူ့စွမ်းအား အရင်းအမြစ်ကတော့
သိသိသာသာကြီးကို ကျဆင်းနေသလို အလုပ်လုပ်၊ ရတဲ့လစာက အချိန်တိုင်းအကျမရှိဘဲ
တက်နေတဲ့ ကုန်ဈေးနှုန်းက တော်တော်များများအတွက် မလောက်င ကြဘူး။ အဲဒီတော့
လူတွေက ၀င်ငွေများများ ရရေးအတွက်ပဲ အဓိကထားပြီး လုပ်လာကြပြီး အရည်အသွေးထက်
အရေအတွက်ကို ဦးစားပေးလာကြတယ်။ အမှန်က အရေးကြီးတဲ့ အရည်အသွေးဆိုတာကိုလည်း
မေ့နေကြတယ်။ ရက်ကန်းလုပ်ငန်းတွေဆိုရင်လည်း အဲဒီလိုပဲ။ စားဝတ်နေရေးအတွက်
အဓိကထားပြီး အလုပ်လုပ်နေကြရတယ်" လို့ ရှင်းပြပါတယ်။

ဒါကြောင့် ရက်ကန်း ရက်တတ်ပေမယ့်လည်း အရည်အသွေးထက် အရေအတွက်ကို
ဦးစားပေးနေတဲ့ အချိန်မှာ ပြည်တွင်း၊ ပြည်ပဈေးကွက်ဆိုတာလည်း ဖြစ်သင့်သလောက်
မဖြစ်လာသလို ရက်ကန်းပညာကို တတ်တဲ့သူတွေအနေနဲ့လည်း စားဝတ်နေရေးအတွက်
ဈေးကွက်နည်း၊ ၀င်ငွေနည်းတဲ့ လက်မှုအတတ်ပညာတွေကို စွန့်လွှတ်သွားကြပြီး တတ်ထားတဲ့
ပညာနဲ့ မသက်ဆိုင်တဲ့ ပေါ်ပင်အလုပ်တွေကိုပဲ လုပ်ကိုင်သူတွေ ရှိလာ ကတယ်လို့ သူ့အမြင်ကို
ပြောပြပါတယ်။

အဲဒီလိုဖြစ်ရပ်မျိုးတွေ ရှိတာကြောင့် သူ့အနေနဲ့ သူ့လက်အောက်မှာ လုပ်ကိုင်နေတဲ့
ရက်ကန်းပညာရှင်တွေကို အလုပ်သမားလို မဟုတ်ဘဲ မိသားစုဆန်ဆန်ပဲ ဆက်ဆံသလို
သူတို့တွေအတွက်လည်း နှစ်စဉ်လစာတိုးပေးတာ၊ အထည်အရေအတွက်အလိုက် ခံစားခွင့်
ပေးတာ၊ ကျန်းမာရေးအတွက်လည်း တစ်နှစ်ကို နှစ်ခေါက်လောက် ဆေးစစ်ပေးတာတွေ
ပြုလုပ်ပေးတယ်လို့ သိရပါတယ်။

အခုဆိုရင် သူ့အနေနဲ့ မြန်မာ့ရိုးရာအ၀တ်အထည်နဲ့ သဘာဝဆိုးဆေးအထည်တွေနဲ့ ပတ်သက်လို့
လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာ ၁၀ နှစ်သက်တမ်းကို ရောက်လာပါပြီ။

ပြီးတော့လည်း နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်
များနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များနေ့မှာလည်း
ဂျာမနီအခြေစိုက် GIZ (German Federal Enterprise for International Cooperation) က
ချီးမြင့်တဲ့ "Accelerating Woman Entrepreneur" ဆိုတဲ့ ဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

"၁၀ နှစ်ဆိုတဲ့ သက်တမ်းအတွင်းမှာ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး စေတနာပါ ပါတဲ့
အများကောင်းကျိုးအတွက် လုပ်ခဲ့လို့ ရတယ်လို့ပဲ ထင်ပါတယ်။ ဒီလိုဆုရတဲ့အတွက်
ကျွန်မအနေနဲ့လည်း ရှေ့လျှောက် အလုပ်ဆက်လုပ်ဖို့ အားအင်တွေရတာပေါ့။ နောက်ပြီး
ကျွန်မအနေနဲ့ အစိုးရဖွင့်ပေးထားတဲ့ ရက်ကန်းကျောင်း ၁၄ ကျောင်းစလုံးနဲ့လည်း လက်တွဲ
သွားချင်တယ်။ ဒါမှ ဒီထက်ဒီဇိုင်းဆန်းတွေ ပိုပြီးထုတ်လုပ်နိုင်မယ်လို့ ထင်တယ်" လို့ ပြောပါတယ်။

သူ့ပြောပြချက်အရ အစိုးရက ဖွင့်လှစ်ပေးထားတဲ့ ရက်ကန်းကျောင်းအရေအတွက် စုစုပေါင်း
၁၄ ကျောင်းလောက် ရှိပေမယ့် လူတော်တော်များများက မသိကြသေးသလို ခေတ်လူငယ်တွေ
အနေနဲ့လည်း နောက်ဆုံးပေါ် ဒီဇိုင်းတွေကို စိတ်ဝင်စားနေတဲ့အချိန်မှာ အဲဒီလိုကျောင်းတွေကို
သွားတက်ဖို့ကိုလည်း စိတ်ပါဝင်စားမှု နည်းနေသေးတယ်လို့ ဆိုပါတယ်။

ခြောက်လနဲ့ တစ်နှစ် အစားအစားနဲ့ ဖွင့်လှစ်ပေးထားတဲ့ အဲဒီကျောင်းတွေမှာ ကျောင်းသားတွေကို
နေစရာပေး၊ ပညာအခမဲ့ သင်ပေးတဲ့အပြင် လစဉ်တစ်လကို ၁၈,၀၀၀ လည်း ထောက်ပံ့ကြေးအဖြစ်
ပေးပြီးတော့ အဲဒီကျောင်းက ဆင်းရင်လည်း ကိုယ်တိုင်ပြင်ပမှာ ရက်ကန်းပညာနဲ့ ရပ်တည်လို့
ရနိုင်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒီအချက်တွေကို သိတဲ့သူ တော်တော်နည်းသလို အစိုးရကလည်း အကျယ်တ၀င့်
ကြေညာတာမျိုးလည်း မရှိသေးပါဘူးတဲ့။

နောက်ပြီး ဈေးကွက်ချဲ့ထွင်မှုအရ အခုနှစ် ဒီဇင်ဘာလတွင်းက Made in Myanmar 2 ဆိုပြီး
ရိုးရာအထည်နဲ့ လက်မှုပစ္စည်းပြပွဲလေးကို ပြုလုပ်သွားသလို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဧပြီလတုန်း
ကလည်း Made in Myanmar ဆိုပြီး ပထမဦးဆုံး ရိုးရာအထည်ပြပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။

အသက် ၄၃ နှစ်ဆိုတဲ့ အရွယ်အရ သူ့အနေနဲ့ သူ့ပတ်ဝန်းကျင်၊ အလုပ်နဲ့ မိသားစုအတွက်ပဲ
သူ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့ရတာမို့လို့ ရှေ့ဆက်ပြီးတော့ အများအကျိုးအတွက်
ဖြစ်မယ့် အလုပ်တွေကို လုပ်ချင်ပေမယ့် အချိန်အခါပေးရင်တော့ သူ့အပေါ် နားလည်မှု
အပြည့်ပေးနိုင်မယ့် အမျိုးသားနဲ့အတူ မိသားစုဘ၀ကို ပိုင်ဆိုင်ချင်တဲ့ စိတ်ကူးလည်း
ရှိပါသေးတယ်တဲ့။

ဒါပေမဲ့ လောလောဆယ် plan အရတော့ သူ့အနေနဲ့ ညောင်ရွှေမှာ လုပ်ငန်းတိုးချဲ့ဖို့အတွက်
တောင်ကြီးက ရက်ကန်း ကျောင်းဆင်းအမျိုးသမီး သုံးဦးနဲ့ အတူ ရက်ကန်းရက်လုပ်
ပြသရောင်းချဖို့ စတူဒီယို တစ်ခုကိုလည်း လုပ်ဆောင်သွားမယ့်အပြင် နောက်နှစ်ထဲမှာလည်း
ဂျပန်နိုင်ငံက Kanazawa ဆိုတဲ့ အနုပညာတက္ကသိုလ်မှာ သဘာဝဆိုးဆေးပညာကို
အဓိကထားပြီးတော့ သွားရောက် သင်ကြားသွားမှာပါ။

သို့ပေမယ့် မကြာသေးခင်ကမှ သူ့ facebook စာမျက်နှာမှာ တွေ့ရတာကတော့
သူ ရက်ကန်းခတ်နေတဲ့ ပုံနဲ့အတူ သူ့အနာဂတ် အကောင်အထည်ဖော်ချင်တဲ့ plan ကိုတော့
"စိမ်းစိမ်းစိုစိုနဲ့ ခြံကျယ်ကျယ်ထဲက ပြူတင်းပေါက်တွေ အများကြီးနဲ့ အိမ်သေးသေးလေးရဲ့
အလင်းရောင်ပြည့်ဝနေတဲ့ အခန်းထဲမှာ လှပပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းအသစ်တွေ
အေးအေးဆေးဆေး စဉ်းစားပြီး ဒီလို ရက်ကန်းစင်လေးနဲ့ အေးအေးချမ်းချမ်း အလုပ်လုပ်ချင်တယ်။
အဲဒီ ခြံထဲက အသီး၊ အရွက်၊ အခေါက်တွေနဲ့ ဆိုးထားတဲ့ ချည်တွေနဲ့ပေါ့" လို့ ဆိုထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်