အပြင်းစား ဂီတသံစဉ်တွေ တိုးတက်ပြောင်းလဲ လာပြီလား ...

Los Angel Leads ခွေ ရှိုးပွဲတွင် ပရိသတ်များနှင့် အပေးအယူတည့်စွာ အားပါးတရ ဖျော်ဖြေနေကြသည့် Metal ဂီတအဖွဲ့များ။ ဓာတ်ပုံ - ARKAR ProductionLos Angel Leads ခွေ ရှိုးပွဲတွင် ပရိသတ်များနှင့် အပေးအယူတည့်စွာ အားပါးတရ ဖျော်ဖြေနေကြသည့် Metal ဂီတအဖွဲ့များ။ ဓာတ်ပုံ - ARKAR Production

ဂီတပုံစံမျိုးစုံတွေထဲက ပေါက်ကွဲအော်ဟစ်နေသလို ဆူညံသံတွေနဲ့ ဖော်ကျူးထားတဲ့
ဂီတအမျိုးအစား Metal ဂီတကို မြန်မာနိုင်ငံမှာ လူကြိုက်နည်းကြပေမယ့် ဆယ်ကျော်သက်
လူငယ်အချို့ကို Last Days of Beethoven, Darkest Tears From My Heart, A Letter
From Caesar, Suicide Plan စတဲ့ အဖွဲ့လေးဖွဲ့က အခုနောက်ဆုံး Lost Angel Leads အခွေနဲ့
အတူ ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ကစပြီး ဒီအပြင်းစားဂီတကို လုပ်လာခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ညတစ်ညမှာ
ကျင်းပခဲ့တဲ့ ရှိုးပွဲက ပထမဆုံးအနေနဲ့ Metal ပရိသတ်အများကြီးကို မြင်ဖူးတာပါပဲလို့ မြန်မာနိုင်ငံ
Metal Music လောကမှာ အအောင်မြင်ဆုံးလို့ ပြောနိုင်တဲ့ Last Days of Beethoven အဖွဲ့က
ဂီတာသမား ကိုဖိုးဇော် က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ကွင်းထဲမှာ ဖုန်တွေ အပြည့်ဖွေးနေအောင် မြင်ရပေမယ့် သူတို့ လေးဖွဲ့ရဲ့ ပရိသတ်တွေကတော့
အာရုံမစိုက်နိုင်လောက်အောင် စည်းချက်တွေနဲ့အတူ ဇက်ပြုတ်မတတ် ခေါင်းအပြိုင်ခါနေကြသလို
ပွဲတွေမှာသာ မြင်နိုင်တဲ့ Circle Pit ကိုလည်း ဖုန်အလိမ်းလိမ်းနဲ့ သီချင်းအပုဒ်တိုင်းမှာ
သောင်းကျန်းဖို့ အဆင်သင့်ဖြစ်နေကြသူတွေဖြစ်လို့ ပရိသတ်စစ်စစ်တွေလို့ ဆိုရမှာပါ။

"လေးဖွဲ့စလုံးကို အားပေးမလို့ လာတာပါ။ မြန်မာနိုင်ငံမှာ ဒီလို အမိုက်စား metal အခွေ
ထွက်လာတဲ့အတွက် ဂုဏ်ယူတယ်" လို့ ပရိသတ်တစ်ဦးက ဆိုပါတယ်။

"ပွဲအစပိုင်းမှာ ဘယ်လိုအလွဲတွေဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပရိသတ်က ကျွန်တော်တို့နဲ့အတူ
သောင်းကျန်းပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်။ ပရိသတ်တွေက အားတစ်ခုပါပဲ"
လို့ စိုးပြည့်ဟန်က ပြောပါတယ်။

စတိတ်ခ်ျအောက်မှာ ပရိသတ်ကြည့်တဲ့ နေရာက ဖုန်တွေထနေပြီး ညစ်ပတ်သလို ဖြစ်နေပေမယ့်
သူတို့လေးဖွဲ့ရဲ့ ပရိသတ်တွေကတော့ ဂရုမစိုက်အားတဲ့အထိ ဂီတနဲ့အတူ မျောပါသွားကြတာ
မြန်မာနိုင်ငံမှာ ဒီဂီတက လူငယ်တွေတစ်စိတ် တစ်ပိုင်းကို လွှမ်းမိုးနေပြီလို့ ပြောရမှာပါ။

Lost Angel Leads အခွေစထွက်ကတည်းကစ အခုချိန်ထိ ရွှေ FM ရဲ့ ရောင်းအားအကောင်းဆုံး
ဆယ်ခွေစာရင်းမှာ နံပါတ်(၇)နေရာမှာ နေရာယူလျက်ရှိပြီး Last Days of Beethoven အဖွဲ့ရဲ့
အစောပိုင်းမှာ ထွက်ရှိထားတဲ့ 'Disaster Around You' သီချင်းကလည်း Global Metal
Apocalypse မှ အကောင်းဆုံး metal သီချင်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အခွေနာမည်ကို Lost Angel Leads လို့ ပေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီးတော့လည်း ကိုဖိုးဇော် က
"ကျွန်တော်တို့ ၂၀၀၆ ခုနှစ်မှာ စလုပ်ဖြစ်ခဲ့ချိန်က နမူနာအခွေ တစ်ခွေ လုပ်ဖို့တောင် မလွယ်ကူ
ခဲ့ပါဘူး။ ဒီအခွေ ထွက်မလာခင်ထိလည်း ခက်ခက်ခဲခဲကို ရုန်းကန်ခဲ့ရတယ်။ အဲဒီလို အတိတ်က
ကြိုးစားရုန်းကန်ခဲ့ရတာတွေကို ပြန်ပြီး အမှတ်ရနေစေဖို့ ဒီနာမည်လေးကို ပေးလိုက်တာပါ" လို့
မြန်မာတိုင်း(မ်)ကို ရှင်းပြခဲ့ပါတယ်။

Last Days of Beethoven အဖွဲ့ကို ၂၀၀၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပြီး အခုလက်ရှိ
ဂစ်တာ ဖိုးဇော်၊ ဂစ်တာ တင်ဇော်ရှိန်း၊ အဆို အောင်ဇော်မြတ်၊ ဘေ့စ် ဖိုးကျော်နဲ့ ဒရမ် ဝေယံစတဲ့
အဖွဲ့ဝင် ငါးဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံ Metal လောကမှာ ပရိသတ်အများဆုံးနဲ့
လူကြိုက်အများဆုံး အဖွဲ့တစ်ဖွဲ့ပါပဲ။

Los Angel Leads ခွေ ရှိုးပွဲတွင် ပရိသတ်များနှင့် အပေးအယူတည့်စွာ အားပါးတရ ဖျော်ဖြေနေကြသည့် Metal ဂီတအဖွဲ့များ။ ဓာတ်ပုံ - ARKAR ProductionLos Angel Leads ခွေ ရှိုးပွဲတွင် ပရိသတ်များနှင့် အပေးအယူတည့်စွာ အားပါးတရ ဖျော်ဖြေနေကြသည့် Metal ဂီတအဖွဲ့များ။ ဓာတ်ပုံ - ARKAR Production

"ဒီအခွေက အခွေထဲမှာပါတဲ့ အဖွဲ့ လေးဖွဲ့စလုံးရဲ့ ပထမဆုံးအခွေလို့ ပြောရမှာပါ။ ကျွန်တော်တို့
ရှိုးတွေနည်းတယ်၊ အခွေလည်း မထွက်ကြဘူးဆိုပေမယ့် ဒီကြားထဲက နှစ်တွေမှာ အမြဲ
သီချင်းအသစ်တွေကို လုပ်နေပြီး လေ့ကျင့်မှုတွေလည်း မပြတ်လပ်စေခဲ့ပါဘူး"

"ကျွန်တော်တို့ ဂီတအတွက်က အခိုင်အမာရပ်တည်ပေးမယ့် ပရိုဂျူဆာလို့ လူမျိုးက မရှိပါဘူး။
ကိုယ့်ငွေအား၊ လူအားနဲ့ အကုန်လုပ်ရတာပါ" လို့ ကိုဖိုးဇော် က ရှင်းပြခဲ့ပါတယ်။

သူတို့က အခွေကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်း စီစဉ်ခဲ့ပြီး တစ်နှစ်အတွင်း ထွက်ဖို့ ရည်မှန်းပေမယ့်
တစ်နှစ်ခွဲလောက်ကြာပြီးမှ အခွေကို ပရိသတ်လက်ထဲပို့ပေးနိုင်ခဲ့ကာ ဘာတွေက ကြန့်ကြာစေခဲ့
သလဲဆိုတာကိုလည်း

"တခြားအခက်အခဲ ကြီးကြီးမားမား ရှိတာမျိုးတော့ မဟုတ်ပါဘူး။ Band နဲ့ လုပ်ရတာဆိုတော့
အဖွဲ့ထဲက လူစုံဖို့ စောင့်ရတာက အချိန်ပိုကြာစေခဲ့တာပါ။ အကုန်လုံးကလည်း ကိုယ့်အလုပ်နဲ့
ကိုယ်ဆိုတော့ အချိန်က ညှိနေရတာမျိုးကြောင့်ပါ" လို့ A Letter From Caesar က မယ်လိုဒီပိုင်း
သီဆိုပြီး ဂီတာလည်းတီးတဲ့ ကိုဘုန်းကြီး က ပြောပါတယ်။

သူတို့အဖွဲ့ကို ၂၀၁၀ မှာ ကိုဘုန်းကြီး၊ စိုးပြည့်ဟန်နဲ့ ကိုတူးတူးတို့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး
အခုလက်ရှိမှာ ကိုတူးတူး က မရှိတော့ဘဲ ဒရမ်မာ အောင်သုခ၊ ကီးဘုတ် နေသွေးသစ်နဲ့ ဘေ့စ်
ဇင်မောင်သန့် တို့နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

"ဒီအဖွဲ့ မတိုင်ခင်တုန်းက တခြားအဖွဲ့ ရှိပါသေးတယ်။ နောက်တော့ အဲဒီအဖွဲ့က လူတွေက
နိုင်ငံခြားသွားတဲ့ လူနဲ့၊ ဆက်မလုပ်တော့တဲ့ လူနဲ့ ပျက်သွားတယ်ပေါ့။ ဒါနဲ့ တစိုက်မတ်မတ်လေး
လုပ်ချင်စိတ်နဲ့ စိတ်ချင်းတူတဲ့လူတွေ စုမိပြီး ဒီအဖွဲ့လေး ဖြစ်လာပါတယ်။ ၂၀၁၃ မှာတော့
အဖွဲ့ဝင်တွေက တည်တည်ငြိမ်ငြိမ်လေး ဖြစ်သွားတယ်"လို့ ကိုဘုန်းကြီး က ရှင်းပြခဲ့ပါတယ်။

"ဒီအခွေလေးကို ထုတ်လိုက်နိုင်တဲ့အတွက် အရမ်း ၀မ်းသာပါတယ်။ မြန်မာနိုင်ငံမှာ ဒီမျူးဇစ်
လုပ်နေတဲ့ လူတွေ ရှိတယ်။ ဘယ်မှာလဲ၊ နားထောင်ချင်တယ်ဆိုတဲ့ လူတွေကို ဒီအခွေကို ပြလိုက်
ထုတ်ပြနိုင်တယ်" လို့ ကိုဘုန်းကြီး က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်