ရိုးရာဓလေ့ကြောင့် လူ့အခွင့်အရေး တန်းတူမရတဲ့ ခူမီးအမျိုးသမီးများ

အိမ်အလုပ်များ လုပ်ကိုင်နေသည့် ခူမီးတိုင်းရင်းသူကြီး တစ်ဦးကို တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)အိမ်အလုပ်များ လုပ်ကိုင်နေသည့် ခူမီးတိုင်းရင်းသူကြီး တစ်ဦးကို တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

ချင်းတိုင်းရင်းသား၊ ခူမီးမျိုးနွယ်စု အများဆုံးနေထိုင်တဲ့ ပလက်ဝမြို့ဟာ ချင်းပြည်နယ်တောင်ပိုင်း
ကုလားတန် မြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနဲ့ နယ်နိမိတ်ချင်း နီးစပ်နေသော်လည်း လမ်းပန်းဆက်သွယ်ရေး
ခက်ခဲတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ မြို့လေးလို့ ဆိုနိုင်တယ်။

ခူမီး၊ ရခိုင်နဲ့ ဗမာတို့ အများဆုံးနေထိုင်တဲ့ မြို့လေးဖြစ်ပြီး လူဦးရေ ကိုးသောင်းခြောက်ထောင်ကျော်
ရှိပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်တော်မြို့တို့ကတစ်ဆင့် ရေလမ်းခရီး တစ်ခုတည်းနဲ့သာ
သွားရောက်နိုင်တာကြောင့် ကုန်စည်စီးဆင်းမှု အားနည်းတဲ့ မြို့လေးဖြစ်ပါတယ်။

အစစအရာရာ ဖွံ့ဖြိုးမှု နောက်ကျတဲ့အပြင် ခူမီးအမျိုးသမီးတွေမှာ အမျိုးသားတွေနဲ့
တန်းတူအခွင့်အရေး မရရှိဘဲ ခွဲခြားဆက်ဆံခံရတယ်လို့ ခူမီးအမျိုးသမီးတစ်ဦးဖြစ်တဲ့
မိုင်အောင်မဖြူ က ပြောပြပါတယ်။

တောင်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်တဲ့ ခူမီးတိုင်းရင်းသားတွေဟာ အမျိုးသမီးတွေကို
အမျိုးသားတွေတန်းတူ ပညာမသင်ပေးခြင်း၊ အမွေမပေးခြင်းတို့မှာ အိမ်ထောင်ကျ ပြီးသွားပါက
တခြားအိမ်ရဲ့ သားသမီးများ ဖြစ်သွားတယ်လို့ ယူဆထားသောကြောင့် ခွဲခြားခြင်းဖြစ်တယ်လို့
မိုင်အောင်မဖြူ က ပြောပြပါတယ်။

"အမွေဆက်ခံခွင့် မရှိဘူး။ အလုပ်အကိုင်ကလည်း အမျိုးသမီးတွေက ပိုလုပ်ရတယ်။
အမျိုးသမီးတွေကို နေရာမပေးဘူး။ တချို့အမျိုးသမီးတွေ ကိုယ်တိုင်က အရည်အချင်းမရှိဘူးဆိုတာ
ပညာရေး ဦးစားပေး မတက်ခဲ့ရလို့ သူ့နေရာက မီးဖိုချောင်ပဲဆိုတဲ့ စိတ်စွဲနေတာပါ။
အဲဒါတွေကြောင့် အရမ်းခွဲခြားဆက်ဆံခံရတယ်လို့ မြင်ပါတယ်"လို့ ခူမီးအမျိုးသမီးအဖွဲ့အစည်း
အတွင်းရေးမှူး မိုင်အောင်မဖြူ က ပြောပြပါတယ်။

ခူမီးအမျိုးသမီးအဖွဲ့အစည်းရဲ့ အဓိကရည်ရွယ်ချက်မှာ အမျိုးသမီးများ တန်းတူအခွင့်အရေး
ရရှိရန်ဖြစ်ပြီး လွှတ်တော်မှာ ခူမီးအမျိုးသမီးများကိုယ်စား ၀င်ရောက်အရွေးခံနိုင်ဖို့ဖြစ်တယ်။

၂၀၀၅ ခုနှစ်မှာ ခူမီးအမျိုးသမီးတွေ အသိပညာတိုးတက်လာစေရန် အမြင်ဖွင့်သင်တန်းများ၊
လူ့အခွင့်အရေး တန်းတူရရှိရေး သင်တန်း၊ အမျိုးသား အမျိုးသမီး ခွဲခြားမှုပပျောက်ရေး
သင်တန်းများကို ပလက်ဝမြို့နယ်နဲ့ ကျေးရွာတွေကို သွားရောက်သင်တန်းပေးခဲ့တယ်လို့
အသက် ၄၀ ခန့်အရွယ်ရှိ ခူမီးအမျိုးသမီး မိုင်အောင်မဖြူ က ပြောပါတယ်။

ထိုကဲ့သို့ သင်တန်းများကြောင့် ခူမီးအမျိုးသမီး ၅၀ ရာခိုင်နှုန်းခန့် ခွဲခြားဆက်ဆံခံရတာကို
သိမြင်လာပြီး အသိပညာတိုးတက်လာကြတယ်လို့ သူက ပြောပြပါတယ်။

"အမျိုးသမီးတွေကို အမြင်ဖွင့်သင်တန်း ပေးပါတယ်။ အမျိုးသမီးတွေ အကြမ်းဖက်မှု
ပပျောက်ရေးအနေနဲ့ လှုပ်ရှားဆောင်ရွက်တာပါ။ သင်တန်းပေးလိုက်တဲ့အခါ သူတို့ကိုယ်တိုင်
ခွဲခြားခံရတယ်ဆိုတာ သိလာတယ်။ သူတို့ကိုယ်သူတို့ လွတ်မြောက်မှုရလာတယ်လို
ခံစားလာကြရတယ်။ သင်တန်းပေးတဲ့အခါ အကုန်လုံး ပြောင်းလဲဖို့ မဟုတ်ဘဲ ကိုယ့်စာပေ၊
ဘာသာစကား၊ ယဉ်ကျေးမှုတွေကိုလည်း ထိန်းသိမ်းဖို့ ပြောပါတယ်။ အမျိုးသား၊ အမျိုးသမီး
ခွဲခြားမှုကိုပဲ အဓိကထား ပြောပါတယ်"လို့ သူက ပြောပြပါတယ်။

ခူမီးအမျိုးသမီးတွေကို အမျိုးသားတွေနဲ့ ခွဲခြားဆက်ဆံခံရမှု များစွာရှိတဲ့အနက်
အသွင်းကြေးတောင်းခြင်းနဲ့ မိဘတွေက သမီးမိန်းကလေးတွေကို အမွေမပေးခြင်းဟာ
အပေါ်လွင်ဆုံး ဖြစ်ပါတယ်။

အသွင်းကြေးတောင်းတဲ့ ဓလေ့ဟာ ခူမီးတိုင်းရင်းသားတွေရဲ့ ရိုးရာတစ်ခု ဖြစ်တယ်။

ချင်းရိုးရာ ခွာဒိုကောက်သစ်စားပွဲ တက်ရောက်လာသည့် ခူမီးလှပျိုဖြူများ။ သီရိလူ/မြန်မာတိုင်း(မ်)ချင်းရိုးရာ ခွာဒိုကောက်သစ်စားပွဲ တက်ရောက်လာသည့် ခူမီးလှပျိုဖြူများ။ သီရိလူ/မြန်မာတိုင်း(မ်)

ခူမီးအမျိုးသားတွေက မိမိကြိုက်နှစ်သက်တဲ့ မိန်းကလေးကို မင်္ဂလာမဆောင်ခင် တင်တောင်းတဲ့
အနေနဲ့ သမီးရှင်မိဘတွေ သတ်မှတ်တဲ့ ငွေကြေးပမာဏကို ပေးရခြင်းဖြစ်ပါတယ်။

ရှေးယခင်က ဓား၊ လှံ အရေအတွက်နဲ့ အမျိုးသမီးတွေကို တင်တောင်းရသော်လည်း
ခေတ်ကာလပြောင်းလဲလာတာနဲ့အမျှ ဓား၊ လှံအစား အသွင်းကြေးအဖြစ် ပိုက်ဆံ
တောင်းခံလာခြင်း ဖြစ်တယ်လို့ ခူမီးအမျိုးသား အသက် ၆၀ ကျော် ဦးလှဝင်း က ပြောပါတယ်။

အသွင်းဖိုးငွေပမာဏ တဖြည်းဖြည်းများလာပြီး သိန်း ၃၀ အထိဖြစ်လာကာ ဓလေ့ထုံးတမ်းအနေနဲ့
မဟုတ်တော့ဘဲ ကုန်ပစ္စည်းသဖွယ် ဖြစ်လာတယ်လို့ မိုင်အောင်မဖြူ က ပြောပါတယ်။

"လူ့တန်ဖိုးဆိုတာက ဖြတ်လို့မရပါဘူး။ အသွင်းကြေးကို တန်ဖိုးသတ်မှတ်ပြီး တောင်းတော့
ကုန်ပစ္စည်းတစ်ခုလို ဖြစ်သွားမှာ စိုးရိမ်ပါတယ်။ အဲဒါကြောင့် ကျွန်မအနေနဲ့ အသွင်းကြေး
တောင်းတဲ့ဓလေ့ကို ပြင်ဆင်စေချင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။

ခေတ်နဲ့မလျော်ညီတဲ့ ခူမီးတိုင်းရင်းသား ဥပဒေတွေကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေပြီး
အမျိုးသား၊ အမျိုးသမီးတန်းတူဖြစ်ရေး ဥပဒေ ပြဋ္ဌာန်းနိုင်ရန် ၁၉၄၇ ခုနှစ် ချင်းဥပဒေကို
ပြင်ဆင်ရေးသားနေကြောင်း ခူမီးလူမျိုးစု ဓလေ့ထုံးတမ်း ပြုစုရေးအဖွဲ့ဝင် နယကတစ်ဦးဖြစ်တဲ့
ဦးလှဝင်း ကလည်း ပြောပါတယ်။

"အသွင်းကြေးတောင်းတဲ့ ဓလေ့က ခူမီးတိုင်းရင်းသားရိုးရာမှာ ပါဝင်ပြီးသားဖြစ်တဲ့အတွက်
မထည့်ပြန်ရင် ဥပဒေက မပီပြင်ပါဘူး။ အဲဒါကြောင့် ဥပဒေအရ အသွင်းကြေးက
ဘယ်လောက်ရှိသင့်တယ်ဆိုပြီး ဓလေ့ထုံးတမ်း မပျောက်ပျက်အောင် သတ်မှတ်ရတာပါ။
ခြွင်းချက်အနေနဲ့ အမျိုးသမီးဘက်က မတောင်းဘူးဆိုရင်လည်း ရတယ်ဆိုတာ ပါရှိပါတယ်။
ခူမီးအမျိုးသားတွေပဲ အမွေဆက်ခံခွင့်ရှိတဲ့ ဥပဒေကိုလည်း ပြန်ပြင်ထားပြီး အမျိုးသား၊
အမျိုးသမီး တန်းတူဖြစ်အောင် ဥပဒေကို ပြန်ပြင်ထားပါတယ်"လို့ ဦးလှဝင်း က ပြောပါတယ်။

ပြန်လည် ပြင်ဆင်ထားတဲ့ ခူမီးဥပဒေမှာ ပုဒ်မ ၁၀၁ ခု ပါရှိပါတယ်။

ထိုဥပဒေမှာ အသွင်းကြေးငွေပမာဏကို အနည်းဆုံး တစ်သိန်းကနေ အများဆုံး ၁၀ သိန်းအထိသာ
တောင်းဆိုဖို့ သတ်မှတ်ထားကြောင်း သိရပါတယ်။

ပြင်ဆင်ရေးဆွဲထားတဲ့ ဥပဒေကို လွှတ်တော်မှာ တင်ပြပြီး ၀န်ကြီးက အတည်ပြုလက်မှတ်
ရေးထိုးပေးမှ အတည်ဖြစ်မှာဖြစ်ပြီး လွှတ်တော်သို့ မတင်ပြခင် ပလက်ဝမြို့နယ်က
ခူမီးတိုင်းရင်းသားတွေရဲ့ သဘောတူညီချက်ကို အရင်ကောက်ခံမယ်လို့ ဦးလှဝင်း က ပြောပါတယ်။

"ဥပဒေအားလုံး ပြင်ဆင်ပြီးသွားရင် ၂၀၁၅ ခုနှစ် အစပိုင်းလောက်မှာ လွှတ်တော်တင်မှာပါ။
အရင်တုန်းကလောက် အမျိုးသမီးတွေကို ခွဲခြားတာ မရှိတော့ပေမယ့် အမျိုးသမီး၊ အမျိုးသား
တန်းတူဖြစ်ဖို့ဆိုရင် ဥပဒေထွက်တဲ့အထိ အချိန်ယူရဦးမယ်"လို့ သူက ပြောပါတယ်။

ခူမီးအမျိုးသမီးရေး လှုပ်ရှားဆောင်ရွက်နေသူ မိုင်အောင်မဖြူ က ပြင်ဆင်ရေးဆွဲထားတဲ့
ဥပဒေမူကြမ်းကို မကြည့်ရသေးသော်လည်း အသွင်းကြေးငွေပမာဏ တစ်သိန်းက ၁၀ သိန်းအထိ
ပြန်လည်သတ်မှတ်မယ်ဆိုရင်တောင် ပြန်ပြင်ဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။

အဘိုးအဘွားတွေ လက်ထက်ကတည်းက သားယောက်ျားမှ မွန်မြတ်တယ်လို့ ယူဆပြီး
သမီးအိမ်ထောင်ကျရင် အမွေမပေးတဲ့ ဓလေ့ ရှိခဲ့တယ်လို့ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊
အခြေခံပညာအထက်တန်းကျောင်း(ခွဲ)က အလယ်တန်းပြဆရာမ ဒေါ်သိန်းဘီ က ပြောပါတယ်။

"သမီးက အိမ်ထောင်ကျရင် သူများဆီ ပါသွားမှာ။ သားယောက်ျားလေးကမှ ကိုယ့်ကို
ကျွေးမွေးပြုစုမှာဆိုပြီး သမီး မိန်းကလေးတွေကို ကျောင်းထားပေးတဲ့ မိဘနည်းပါတယ်။
အသွင်းကြေးတောင်းတဲ့ ဓလေ့လည်း ရှိနေပါသေးတယ်။ နည်းနည်း အမြင်ကျယ်လာတဲ့
မိဘတွေက အမွေကိုလည်း အတူတူပေးသင့်တယ်၊ အသွင်းကြေးကိုလည်း ရိုးရာမပျက်အောင်
နည်းနည်းတောင်းတာမျိုး ရှိလာပါတယ်။ ခွဲခြားတာ လုံးဝမရှိတော့ တာမဟုတ်ဘဲ အရမ်းခေါင်တဲ့
တောရွာဘက်တွေမှာ ရှိနေပါသေးတယ်"လို့ ဒေါ်သိန်းဘီ က ပြောပါတယ်။

"ကျွန်မကိုကျတော့ အဖေက အသွင်းကြေးမတောင်းဘူး။ အဖေက မူလတန်းပြကျောင်းအုပ်
ဆိုတော့ အဲဒါက မိန်းကလေးကို ရောင်းစားတာနဲ့ တူတယ်ဆိုပြီး ပညာရေးအမြင်လည်းရှိတော့
အသွင်းကြေးမတောင်းခဲ့ဘူး"လို့ သူ လက်ထပ်စဉ်က အသွင်းကြေးမတောင်းခဲ့ပုံကို ပြောပါတယ်။

နှစ်စဉ် ဒီဇင်ဘာ ၁ ရက်နေ့ဟာ ခူမီးတိုင်းရင်းသားတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပြီး ပွဲတော်နေ့မှာ
ပလက်ဝမြို့နယ် အနယ်နယ်အရပ်ရပ်မှ ခူမီးတိုင်းရင်းသားများသည် ပလက်ဝမြို့ကို ရောက်ရှိလာပြီး
ရိုးရာ အတီးအမှုတ် အကပြိုင်ပွဲတွေ၊ မီးပုံပွဲတွေပြုလုပ်ကာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ
ဆင်နွှဲလေ့ရှိကြပါတယ်။

ချင်းရိုးရာ ခွာဒိုကောက်သစ်စားပွဲ တက်ရောက်လာသည့် ခူမီးလှပျိုဖြူများ။ သီရိလူ/မြန်မာတိုင်း(မ်)ချင်းရိုးရာ ခွာဒိုကောက်သစ်စားပွဲ တက်ရောက်လာသည့် ခူမီးလှပျိုဖြူများ။ သီရိလူ/မြန်မာတိုင်း(မ်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်