ပထမဆုံးအကြိမ် ကျင်းပတဲ့ ရန်ကုန်အမျိုးသမီးများပွဲတော်

ရန်ကုန်အမျိုးသမီးများပွဲတော်တွင် ပြသထားသော ပန်းချီကားများကို ကြည့်ရှုနေသူတစ်ဦး။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)ရန်ကုန်အမျိုးသမီးများပွဲတော်တွင် ပြသထားသော ပန်းချီကားများကို ကြည့်ရှုနေသူတစ်ဦး။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဆေးရောင်စုံထုပ်ကလေးတွေကို ညှစ်ချပြီး စာရွက်ပေါ်မှာ ပုံဖော်ရတာ စိတ်လှုပ်ရှားစရာ
တစ်မျိုးကောင်းသလို ဆွဲပြီးသားစာရွက်ကို တခြားစာရွက် တစ်ခုနဲ့ ပူးပြီးကပ်လိုက်တဲ့အခါမှာတော့
ကိုယ်ဆွဲထားတာမဟုတ်တဲ့ ပုံအသစ်တစ်ခု ထပ်ပေါ်လာတာက အနုပညာရဲ့ ရသအမြောက်ဆုံး
အပိုင်းပဲဖြစ်ပါတယ်။

ရန်ကုန်အမျိုးသမီးများပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပန်းချီ၊ ပန်းပုတွေကတစ်ဆင့်
အမျိုးသမီးတွေနဲ့ ကလေးတွေရဲ့ ခံစားချက်တစ်စုံတစ်ရာကို ဖွင့်လှစ်ပြသတဲ့ အလုပ်ရုံလေးတစ်ခုပဲ
ဖြစ်ပါတယ်။

မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီက ရန်ကုန်အမျိုးသမီးများပွဲတော် ကျင်းပရာနေရာ
တစ်နေရာဖြစ်တဲ့ Think Gallery မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

"ပန်းချီဆွဲတာက အတတ်ပညာပိုင်းပါ။ သင်လို့ရတယ်၊ ဆွဲလို့ရတယ်။ ခံစားချက်ပါရင်တော့
အနုပညာပိုင်းဖြစ်သွားပြီ။ အမှန်တကယ် ကျွန်မ ပြချင်တာက ပန်းပုဘက်ကိုပါ။ ရွံ့စေးတွေ
နယ်ထားပြီး မခြောက်လို့ ဒီဆေးနဲ့ ခြယ်တာကို သုံးလိုက်ရတာပါ။ သုံးလိုက်တဲ့ ကြားခံပစ္စည်းပဲ
ကွာခြားသွားတာပါ။ သဘောတရားကတော့ အတူတူပါပဲ။ ဆွဲလိုက်ပြီး ထွက်လာတဲ့ပုံကို
စာရွက်နဲ့ ထပ်လိုက်တဲ့အခါ နောက်ပုံအသစ်တစ်ခု ရသွားတာကိုက စိတ်လှုပ်ရှားပြီး စိတ်ဝင်စားဖို့
ကောင်းတာပါ" လို့ ဒီအလုပ်ရုံလေးဖြစ်မြောက်ဖို့အတွက် ဆောင်ရွက်ပေးတဲ့ ဆရာမ နန်းနန်းက
ဆိုပါတယ်။

ပထမဆုံးအကြိမ်ကျင်းပတဲ့ ရန်ကုန်အမျိုးသမီးများပွဲတော်ကို Stork Agency နဲ့ Developing
Music ကနေ ကြီးမှူးကျင်းပတာဖြစ်ပါတယ်။

ဂီတ၊ အနုပညာနဲ့ လူမှုဘ၀တွေကြားက အမျိုးသမီးတွေအကြောင်းကို တင်ဆက်ပြသဖို့
ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကို ကျင်းပရတာဖြစ်တယ်လို့ ပရောဂျက် မန်နေဂျာတစ်ဦးဖြစ်တဲ့
Elodie Sobczak က ဆိုပါတယ်။

"ကျွန်မတို့ ရည်ရွယ်ထားတာက အမျိုးသမီးတွေရဲ့ ကဏ္ဍကို အားပေးကူညီဖို့နဲ့ အနုပညာ၊
လူမှုအသိုင်းအ၀ိုင်းမှာ ကျင်လည်နေတဲ့ အမျိုးသမီးတွေရဲ့ ဘ၀တိုးတက်ဖို့ ဆွေးနွေးတိုင်ပင်
ဖော်ပြနိုင်မယ့် ပွဲလေးတစ်ပွဲအဖြစ်လည်းလုပ်ထားပါတယ်" လို့ Elodie Sobczak က
ပြောပါတယ်။

တစ်ရက်ကို အနည်းဆုံး ပွဲနှစ်ပွဲ ကျင်းပသွားမှာဖြစ်ပြီး မတ်လ၂ ရက်နေ့ကနေ စတင်ပြီး ပွဲတော်ရဲ့
အစိတ်အပိုင်းတစ်ခုအနေနဲ့ ပန်းချီပြခန်း နှစ်ခန်းကိုလည်း ဖွင့်လှစ်ပြသသွားမယ်လို့ သိရပါတယ်။

အထူးပွဲအနေနဲ့ အမျိုးသမီးတွေရဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်သက်ပြီး ပညာပေးတာ၊
အတွေ့အကြုံ မျှဝေတာတွေကိုလည်း လုပ်သွားမယ်လို့ သိရပါတယ်။

"ကျွန်မတို့ရဲ့ စကားပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေကတစ်ဆင့် အလွှာမျိုးစုံမှာရှိတဲ့ လူတွေနဲ့
ထိတွေ့ပြီး အတွေ့အကြုံသစ်တွေ၊ နည်းပညာအသစ်တွေကို သင်ယူလေ့လာနိုင်မှာပါ" လို့ 
Elodie Sobczak က ပြောပါတယ်။

ဒါရိုက်တာအောင်ကိုလတ်ရဲ့ 'ကယန်းအလှ' ရုပ်ရှင်ကားကိုလည်း ဒီပွဲတော်မှာပြသမှာဖြစ်ပြီး
မင်္ဂလာစံပြရုံမှာ အထူးပွဲအနေနဲ့ ပြသသွားမှာဖြစ်ပါတယ်။

ဒီပွဲတော်ရဲ့ ပိတ်ပွဲအခမ်းအနားကိုတော့ မတ်လ ၈ ရက်နေ့ အပြည်ပြည်ဆိုင်ရာ
အမျိုးသမီးများနေ့မှာ ကျင်းပမှာဖြစ်ပြီး ပြင်သစ်ယဉ်ကျေးမှုစင်တာမှာ တေးဂီတဖျော်ဖြေပွဲတွေနဲ့
ပိတ်ပွဲအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်။

"မြန်မာအမျိုးသမီးတွေက လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာပဲဖြစ်ဖြစ်
ရှေ့ဆုံးကနေ ဦးဆောင်နိုင်တာ အမြဲတွေ့ရပါတယ်။ နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း
ဘယ်နေရာကပဲဖြစ်ဖြစ် အမျိုးသမီးတွေက နိုင်ငံရဲ့ တိုးတက်မှုအတွက် ဆောင်ရွက်ခဲ့တာတွေလည်း
တွေ့ရပါတယ်။ ပြန်ကြားရေး၊ ပညာရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးစတာတွေမှာ အခုဆိုရင်
အမျိုးသမီးကဏ္ဍတွေ တော်တော်လေး တိုးတက်ပြောင်းလဲလာတာကိုလည်း မြင်နေရပါတယ်" လို့
Elodie Sobczak က ပြောပါတယ်။

ရန်ကုန်အမျိုးသမီးပွဲတော်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ပွဲတော်အချိန်တွေကို
www.yangonwomensfestival.com မှာ အသေးစိတ်ဖော်ပြထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်