လွတ်လပ်မှုအတွက် ပန့်ခ်ဂီတနဲ့ တိုက်ပွဲဝင်နေတဲ့ The Rebel Riot

ွှ့The Rebel Riot ပန့်ခ်အဖွဲ့သားများ။ွှ့The Rebel Riot ပန့်ခ်အဖွဲ့သားများ။

တီးဝိုင်းအဖွဲ့က သီချင်းပထမအပိုဒ်ကို စဆိုလိုက်တာနဲ့ ကျောင်းသားအုပ်ကြီးဟာ
ပျော်ရွှင်တက်ကြွစွာနဲ့ ဩဘာပေးလိုက်ကြပါတယ်။

လက်ပံတန်းဝန်းကျင်တစ်ခွင်မှာ ကျောင်းသားအုပ်ကြီးဟာ စိတ်လှုပ်ရှားမှုနဲ့ လှုပ်လှုပ်ရှားရှား
ဖြစ်နေကြပါတယ်။

နောက်တစ်နေ့မှာတော့ မနေ့က ပျော်ရွှင်ခဲ့တဲ့ ကျောင်းသားအုပ်ကြီးကို ရဲတပ်ဖွဲ့ဝင်တွေက
လူမဆန်စွာ ရိုက်နှက်နေကြပုံတွေကို တစ်ကမ္ဘာလုံးက ရုပ်မြင်သံကြားလိုင်းတွေမှာ
တွေ့မြင်ကြရပါတော့တယ်။

"လက်ပံတန်းမှာ ကျောင်းသားတွေကို ရိုက်နေတယ်လို့ ကြားတော့ ကျွန်တော် အံ့ဩသွားတယ်။
ရှေ့တစ်ရက်က အဲဒီမှာ ကျွန်တော်တို့ ဖျော်ဖြေနေခဲ့တာ၊ ရဲတွေရော၊ ကျောင်းသားတွေရော
အေးအေးဆေးဆေးပဲ။ ကျွန်တော်တို့ ပွဲကို သူတို့ အားပေးနေကြသေးတယ်"လို့ The Rebel Riot
ပန့်ခ်အဖွဲ့က လိဒ်ဂစ်တာသမားဖြစ်တဲ့ ကိုကျော်ကျော်က ၀မ်းနည်းစွာ ပြောလိုက်ပါတယ်။

လက်ပံတန်းမှာ ပညာရေးဥပဒေအတွက် ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို ဖျော်ဖြေခဲ့ကြတဲ့
အဖွဲ့တွေထဲမှာ The Rebel Riot အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။

ပန့်ခ်အဖွဲ့အနေနဲ့ နိုင်ငံရေးသီချင်းတွေသာ သီဆိုရပ်တည်နေတဲ့ သူတို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့
လွတ်လပ်မှုနဲ့ နိုင်ငံရေးဖြစ်စဉ်က အလွဲတွေကို ထောက်ပြဖို့ပါလို့ ဆိုပါတယ်။

စတိတ်စင်ပေါ်မှာ အကြိမ်ပေါင်းများစွာ ဖျော်ဖြေခဲ့ဖူးပေမယ့် ဆန္ဒပြကျောင်းသားတွေကို
ဖျော်ဖြေတာကတော့ ဒါ ပထမဆုံးပါလို့ ဆိုပါတယ်။

"ကျွန်တော် ဒီလိုနေရာမျိုးမှာ ဖျော်ဖြေချင်ခဲ့တာ ကြာပါပြီ။ တခြား နေရာတွေမှာထက်
ကျွန်တော်တို့ ပြောချင်တဲ့ စကားလုံးတွေရဲ့အဓိပ္ပာယ်က ပိုပြီးအကျိုးသက်ရောက်မှု ရှိမယ်လို့
ထင်တယ်"လို့ အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ ကိုကျော်ကျော်က ပြောပါတယ်။

၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းတဲ့ The Rebel Riot ရဲ့ အစပိုင်းကာလက သီချင်းတွေဟာ
ရွှေဝါရောင် တော်လှန်းရေးရဲ့ အငွေ့အသက်တွေ အများဆုံး ပါဝင်နေပါတယ်။

ရွှေဝါရောင်တော်လှန်ရေးမှာ ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေနဲ့ သံဃာတော်တွေရဲ့ ကိုယ်စား
ခံစားချက်တွေကို သူတို့တွေဟာ သီချင်းတွေကနေ ဖွင့်ပြခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အဖွဲ့ဝင်ခြောက်ဦး ရှိခဲ့ပေမယ့် ခုချိန်မှာတော့ သုံးယောက်နဲ့ပဲ (ဒရမ်တီးသူ
ကိုဇာနည်နဲ့ ဘေ့စ်တီးသူ ကိုဥက္ကာတို့နဲ့) အဖွဲ့ကို ဆက်လက်မောင်းနှင်နေပါတယ်။

ဆူးလေ၊ ရှန်ဂရီလာဟိုတယ်နားမှာ သူတို့ရဲ့ ပန့်ခ်ဂီတသရုပ်တွေ လွှမ်းမိုးထားတဲ့
ဆိုင်သေးသေးလေး တစ်ဆိုင်ရှိပါတယ်။

အချွန်အတက်တွေနဲ့ ခါးပတ်တွေ၊ အရိုးခေါင်းပုံလည်ဆွဲတွေ၊ အင်္ကျီတွေကို ရောင်းတာပါ။

ဒီဆိုင်လေးကရတဲ့ ၀င်ငွေတွေဟာ သူတို့ရဲ့ ပန့်ခ်အဖွဲ့လေးအတွက် ဂီတအသစ်တွေ၊
သီချင်းအသစ်တွေ ဖန်တီးဖို့ ရန်ပုံငွေလည်းဖြစ်ပါတယ်။

ကိုကျော်ကျော်ဟာ သူ့ခေါင်းပေါ်က ဆံပင်တွေကို ဘေးနှစ်ဖက် ပြောင်နေအောင် ရိတ်ထားပြီး
အလယ်က ထောင်ထားပါတယ်။

သူ့ဆံပင်ပုံစံက ထူးဆန်းနေပေမယ့် သူ့မှာ နိုင်ငံသားတစ်ယောက်ရဲ့ မျိုးချစ်စိတ်ဓာတ်တွေ
အပြည့်ရှိနေပါတယ်။

"မြန်မာပြည်ကို တိုးတက်စေချင်တယ်။ နိုင်ငံရေးအလွဲတွေကို ကျွန်တော်တို့ သီချင်းတွေနဲ့
သရော်တယ်။ The Rebel Riot က လူမျိုးရေးခွဲခြားမှုတွေ၊ ဖိနှိပ်မှုတွေကို မုန်းတယ်"လို့
ပြောပါတယ်။

သူတို့ အဖွဲ့ရဲ့ အစပိုင်းခရီးကတော့ သိပ်မလွယ်ကူလှပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ် ၂၀၀၇ ခုနှစ်
အချိန်ကာလတုန်းက အင်တာနက်ဆိုတာ လူငယ်တွေကြားမှာ သိပ်ခေတ်စားလှတဲ့ စကားလုံး
မဟုတ်ခဲ့ပါဘူး။ နိုင်ငံခြားကရတဲ့ အခွေအနည်းငယ်က လွဲပြီးတော့လည်း သူတို့မှာ လေ့လာစရာ
များများစားစားလည်း မရှိခဲ့ပါဘူး။

ွှ့The Rebel Riot ပန့်ခ်အဖွဲ့သားများ။ွှ့The Rebel Riot ပန့်ခ်အဖွဲ့သားများ။

"ကျွန်တော် ပန့်ခ်ကို စသိတာကတော့ Sex Pistols ဆိုတဲ့ အဖွဲ့ကြောင့်ပါ။ အဲဒီတုန်းက
သီချင်းတစ်ပုဒ် ဒေါင်းဖို့ဆိုတာ မလွယ်ဘူး။ အင်တာနက်ဆိုင်ဆိုတာ ရန်ကုန်မှာ နှစ်ဆိုင်လောက်ပဲ
ရှိတဲ့အချိန်၊ ကျွန်တော် သီချင်းတွေရဖို့ ရှာဖို့ သွားရတယ်။ သုံးမိနစ်စာ သီချင်းတစ်ပုဒ်အတွက်
တစ်နာရီလောက် အချိန်ပေးရတယ်"လို့ ကိုကျော်ကျော်က ဆိုပါတယ်။

ပန့်ခ်ဂီတအကြောင်းကို ရှာဖွေရင်းနဲ့ သူတွေ့လာခဲ့တဲ့ စာကြောင်းတစ်ကြောင်းကတော့
သူ့တစ်ဘ၀လုံးကို ပန့်ခ်ဂီတသမားအဖြစ် ရပ်တည်စေခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် ပန့်ခ်ကို ချစ်ရတဲ့အကြောင်းရင်းကတော့ ပန့်ခ်ဂီတဆိုတာ ယုံကြည်မှုတွေ မရှိတဲ့
လူ့အဖွဲ့အစည်းက လွတ်မြောက်ခြင်းဆိုတဲ့ စာကြောင်းလေးပါပဲ"လို့ ကိုကျော်ကျော်က သူ့ရဲ့
ပန့်ခ်ဂီတအပေါ်ထားတဲ့ သဘောထားကို ပြောပြပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ ရှစ်နှစ်တာအတွင်းမှာ 'ရုပ်သေးလူ့အဖွဲ့အစည်း' နဲ့
"Fuck Religious Rules" ဆိုတဲ့ သီချင်းအယ်လ်ဘမ်နှစ်ခု ထွက်ရှိထားပါတယ်။

၂၀၁၃ နဲ့ ၂၀၁၄ ခုနှစ်မှာတော့ အင်ဒိုနီးရှားနိုင်ငံက Libertad Fest လိုမျိုး ပွဲတော်တွေမှာ
သွားရောက်ဖျော်ဖြေခွင့် ရခဲ့ပါတယ်။

ခုချိန်ထိ နိုင်ငံရေးနဲ့ဆိုင်တဲ့ သီချင်းတွေကို ဆိုလာခဲ့ပေမယ့် အစိုးရဘက်က သူတို့အပေါ်မှာ
တားဆီးမှုတွေ တစ်စုံတစ်ရာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေ အကြောင်းကို သီချင်းရေးဖွဲ့
သီဆိုချိန်မှာတော့ အစွန်းရောက်ဘာသာရေး သမားတချို့ရဲ့ ခြိမ်းခြောက်စာတွေ ရရှိခဲ့တယ်လို့
ပြောပြတယ်။

"သူတို့ရေးထားတာက ဒီလိုသီချင်းမျိုး ထပ်ဆိုရင် ကျွန်တော်တို့ကို သတ်ပစ်မယ်လို့
ရေးထားပါတယ်" ခြိမ်းခြောက်မှုတွေကြောင့် သူတို့ရဲ့ အနုပညာကို မရပ်ခဲ့ပါဘူး။

ဒီလ ၁၄ ရက်နေ့မှာ သူတို့ရဲ့ 'စစ်ကျွန်ပညာရေး' လို့အမည်ပေးထားတဲ့ သီချင်းတစ်ပုဒ်
ထပ်ထွက်လာခဲ့ပါတယ်။

ဒီလိုသီချင်းတွေ ဖန်တီးနိုင်ဖို့အတွက် The Rebel Riot အဖွဲ့မှာ ဒရမ် ကိုဇာနည်နဲ့ ဘေ့စ်
ကိုဥက္ကာတို့ မပါရင်တော့ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

"ဒီနှစ်ယောက်က ကျွန်တော့်အတွက်တော့ ရဲဘော်ရဲဘက်တွေလိုပါပဲ။ နိုင်ငံရေးအမြင်လည်း
တူတယ်။ ယုံကြည်ချက်တွေလည်း တူတယ်"လို့ ကိုကျော်ကျော်က ပြောပါတယ်။

ကိုဥက္ကာက အသက်၂၄ နှစ်ရှိပြီဖြစ်ပြီး စကားနည်းသလို အေးအေးဆေးဆေးနေတတ်တဲ့
ပုံစံရပါတယ်။

"ဒီအဖွဲ့ကို ကျွန်တော် ၀င်မလာခင်တုန်းက တော်တော်လေး ဆိုးမိုက်ခဲ့တာ။ အရက်သောက်တယ်၊
ရန်ဖြစ်တယ်။ ခုတော့ ကျွန်တော် အများကြီး ပြောင်းလဲသွားတာပါ။ လက်ရှိကျွန်တော် လုပ်နေတဲ့
အလုပ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်"လို့ ကိုဥက္ကာက ဆိုပါတယ်။

ကိုဇာနည်က အဖွဲ့ထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး အဖွဲ့ထဲမ၀င်ခင်က ဒရမ်ကို လုံးဝ
မတီးတတ်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

"ကျွန်တော်က ပန်းချီဆွဲရတာ၊ စာရေးရတာကို ၀ါသနာပါတယ်။ ကျော်ကျော်နဲ့ ခင်ပြီးတော့
ဒီအဖွဲ့ထဲမှာ ဒရမ်တီးမယ့်သူ မရှိဘူးဆိုလို့ ကျွန်တော် ဒရမ်တီး သင်ဖြစ်ခဲ့တာ"လို့ ကိုဇာနည်က
ပြောပြပါတယ်။

သူတို့အဆိုအရ မြန်မာလူမျိုးတွေရဲ့ ပန့်ခ်တွေအပေါ် သဘောထားဟာ ခုချိန်မှာ အနည်းငယ်
ပြောင်းလဲလာပါတယ်တဲ့။

အရင်က ပန့်ခ်တွေလို ဖက်ရှင်အဆန်းတွေတွေ့ရင် လူဆိုးတွေပဲဆိုတဲ့ စိတ်အတွေးတွေ ရှိခဲ့ပေမယ့်
ခုချိန်မှာတော့ အရင်ကလောက် မဟုတ်တော့ဘူးလို့ ပြောပြပါတယ်။

နိုင်ငံရေးသီချင်းတွေ သီဆိုနေတဲ့ အဖွဲ့ ဖြစ်ပေမယ့် အနာဂတ်မှာတော့ နိုင်ငံရေးလောကထဲ ၀င်ဖို့
အစီအစဉ် မရှိပါဘူးလို့လည်း ပြောပါတယ်။

"ကျွန်တော်တို့က ဂီတပညာရှင်တွေ မဟုတ်ပါဘူး။ ပန့်ခ်ကိုချစ်လို့ ဒီဂီတနဲ့ ပြည်သူတွေကို
အကျိုးပြုတဲ့သဘောပါ။ ပြီးတော့ နိုင်ငံရေးသမားလည်းဖြစ်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ကျွန်တော်တို့
သီချင်းတွေရေးမယ်၊ ဆိုမယ်၊ ဒါပါပဲ။ ကျွန်တော်တို့ နောက်ဆုံးအချိန်ထိ ပန့်ခ်ဂီတသမားပဲ
ဆက်လုပ်သွားမှာပါ"လို့ ကိုကျော်ကျော်က ပြောပါတယ်။

ွှ့The Rebel Riot ပန့်ခ်အဖွဲ့သားများ။ွှ့The Rebel Riot ပန့်ခ်အဖွဲ့သားများ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်