ဘိုးဘေးတွေ အကြောင်းပြောပြနေတဲ့ ချင်းတောင် တန်းတွေပေါ်က ကျောက်စာတိုင်တွေ

ဓာတ်ပုံ-ဖြိုးအေးဓာတ်ပုံ-ဖြိုးအေးကွေ့ကောက်မတ်စောက်တဲ့ ချင်းတောင်တန်းလမ်းဘေးတစ်လျှောက်မှာ စိုက်ထူထားတဲ့
ကျောက်တိုင်လေးတွေဟာ ချင်းတိုင်းရင်းသားဘိုးဘေးတွေရဲ့ ဘ၀ဖြတ်သန်းမှုတွေကို
အသေးစိတ်ဖော်ပြထားပါတယ်။

ရှုပ်ထွေးဆန်းပြားတဲ့ ရိုးရာယုံကြည်မှုတွေနဲ့ အမြဲအေးတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့
မြန်မာနိုင်ငံအနောက် မြောက်ပိုင်း ချင်းတောင်တန်းတွေက သူ့ဧည့်သည်တွေကို ဆွဲဆောင်
ထားတဲ့အချက်ထဲမှာ လမ်းဘေးက စီရရီ ကျောက်တိုင်ငယ်တွေလည်း ထိပ်ဆုံးက ပါဝင်လို
့နေပါတယ်။ "ကျွန်တော်တို့ရဲ့ဘိုးဘေး ချင်းစော်ဘွားတွေက သူတို့ ဘယ်လိုခမ်းနားစွာ
နေထိုင်ခဲ့ကြတယ်ဆိုတာကို မှတ်တမ်းတင် တဲ့အနေနဲ့ ဆွေမျိုးမြေးမြစ်တွေက သူတို့ကွယ်လွန်
ချိန်မှာ ကျောက်စာထွင်းပြီး စိုက်ထူကြတယ်"လို့ ကျောက်ပြားပေါ်က ထွင်းလက်စစာသားတွေကို
ခဏကြည့်ပြီး ဆလိုင်းကျဲအိုအန်းက မြန်မာလို ခပ်လေးလေးပြောပါတယ်။

တချို့မျိုးရိုးမြင့်မားပြီး ပိုင်ဆိုင်မှုများပြားတဲ့ ချင်းတိုင်းရင်းသားကြီးတွေရဲ့ ကျောက်စာတိုင်တွေမှာတော့
သူတို့ သတ်ခဲ့တဲ့ ၀က်၊ ကျွဲ၊ နွားနောက်နဲ့ ကျင်းပခဲ့တဲ့ပွဲတော်အရေအတွက်တွေကို ခပ်များများရေး
ထားတာမို့ ပိုကြီးတဲ့ အရွယ်အစားကျောက်တိုင်တွေ ဖြစ်နေတတ်ပါတယ်။ ချင်းတိုင်းရင်းသား
လူမျိုးစုကလည်း ၁၅၃ မျိုးတောင် ရှိတာမို့ ကျောက်စာတိုင်တွေမှာ ထွင်းထုထားတဲ့ စာသားတွေ
ကလည်း အမျိုးစုံလှတဲ့ ချင်းဘာသာစကားတွေ ဖြစ်လို့နေပါတယ်။

"အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေ ဘယ်လိုရှင်သန်နေထိုင်ခဲ့
ကြတယ်ဆိုတဲ့ မှတ်တမ်းတွေကို နောက်လူတွေအတွက် လက်ဆင့်ကမ်းတဲ့သဘောပေါ့"လို
့ ချင်းတိုင်းရင်းသားတွေ ကျောက်တိုင်တွေ စိုက်ထူရတဲ့ ရည်ရွယ်ချက်ကို ဆလိုင်းကျဲအိုအန်းက
ရှင်းပြပါတယ်။ ဒီလိုရှင်းပြနိုင်တာကလည်း ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်ထလန်
စတဲ့မြို့တွေအပြင် ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ မတူပီမြို့တွေအထိ လမ်းဘေးတစ်လျှောက်
စိုက်ထူထားတဲ့ ကျောက်တိုင်တွေကို တစ်ဦးတည်းထွင်းထုသူက ဆလိုင်းကျဲအိုအန်း ဖြစ်နေလို့ပါပဲ။
ဆလိုင်းကျဲအိုအန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တက္ကသိုလ်ဝန်ထမ်း စာမေးပွဲဖြေဆိုအောင်မြင်ပြီး
မန္တလေးမြို့မှာ ပန်းချီပန်းပုကျောင်းတက်ရောက်ကာ ဇာတိ ချင်းပြည်နယ်၊ ဟားခါးမြို့ကို ပန်းချီအနုပညာရှင်တစ်ယောက် ဖြစ်ချင်တဲ့စိတ်နဲ့ ပြန်လာခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော် ဒီပြန်ရောက်ပြီး ပန်းချီရေးမယ့်အစား ကိုယ့်ရိုးရာဓလေ့ဖြစ်တဲ့ ဘိုးဘေးတွေ
အတွက် ကျောက်စာတွေ ထွင်းတဲ့နေရာမှာ အခက်အခဲရှိနေတာတွေ့တော့ စီးပွားရေးလို့မသတ်
မှတ်ဘဲ ကိုယ့်ဓလေ့ကို ဆက်ထိန်းသိမ်းတဲ့ရည်ရွယ်ချက်နဲ့ ကျောက်စာတွေ ထွင်းပေးဖို့ ဆုံးဖြတ်
ချက်ချလိုက်ပါတယ်"လို့ ခုဆို အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ ဆလိုင်းကျဲအိုအန်းက ပြောပြပါတယ်။
ကျောက်စာရေးဖို့ လာအပ်သူအများစုဟာ တစ်စုံတစ်ယောက် ကွယ်လွန်ချိန်နဲ့ ကွယ်လွန်ပြီးသား
လူတွေကို အမှတ်တရ စိုက်ထူပေးချင်တဲ့ အချိန်တွေမှာပဲ အများဆုံးလာကြတာမို့ ချင်းပြည်နယ်မှာ
ဒီလို ကျောက်စာထွင်းဖို့ စိတ်ဝင်စားသူဟာ သူတစ်ယောက်ပဲ ရှိလိမ့်မယ်လို့လည်း ရယ်မောရင်း
ပြောပါတယ်။ "တစ်နေ့၊ ဒါမှမဟုတ် တစ်လကို ကျောက်စာ ဘယ်လောက်ထွင်းရတယ်ဆိုတာ
လူတွေသေတဲ့နှုန်းပေါ် အများဆုံး မူတည်တော့ ကျွန်တော် မခန့်မှန်းနိုင်ဘူး"လို့လည်း ကျောက်
ထွင်းဆရာက ပြောပါတယ်။

ချင်းပြည်နယ်ရဲ့ မြို့ရွာတွေမှာ ဗုဒ္ဓဘာသာ၊ ရိုမန်ကက်သလစ်၊ နှစ်ခြင်းခရစ်ယာန်နဲ့ အစ္စလာမ်
ဘာသာဝင်တွေအတွက် မြေမြှုပ်နှံရာသင်္ချိုင်းတွေ သီးသန့်ရှိသလို ထွင်းထားတဲ့ ကျောက်စာ
တိုင်တွေဟာ အုတ်ဂူတွေပေါ်မှာ စိုက်ထူဖို့ သက်သက်မဟုတ်ပါဘူး။ ကျန်ရစ်တဲ့မိသားစုတွေက
ကျောက်စာတိုင်လေးတွေပြုလုပ်လို့ ကွယ်လွန်သူကြိုက်နှစ်သက် တဲ့ နေရာလေးတွေမှာ
အမှတ်တရ စိုက်ထူပေးကြတာဖြစ်ပါတယ်။ "ချင်းတောင်ကနေ နိုင်ငံခြားထွက်သွားပြီး တစ်နယ်
တစ်ကျေးမှာ သေဆုံးသွားတဲ့ ဆွေမျိုးတွေအတွက်တော့ ဒီကျောက်စာတိုင်တွေကို သူတို့အသွား
များတဲ့ နေရာတွေမှာ စိုက်ကြတယ်"လို့ ဆလိုင်းကျဲအိုအန်းက ပြောပြပါတယ်။

ကျောက်စာတိုင်တွေ ထွင်းထုရာမှာ အသုံးပြုတဲ့ ကျောက်ပြားတွေကို ချင်းပြည်နယ် တောင်စောင်း
တစ်လျှောက်မှာ လိုက်တူးခဲ့ကြရပေမယ့် သယ်ယူဖို့ အခက်အခဲတွေ ရှိနေတာမို့ ခုနောက်ပိုင်းမှာ
ကိုယ်တိုင်ကျောက်ပြား တီထွင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘိလပ်မြေ၊ ကျောက်အပိုင်းအစ
တို့နဲ့ ကိုယ်တိုင်ပြုလုပ်တဲ့ ကျောက်စာတိုင်တစ်ခုရဖို့ တစ်ရက်နဲ့တစ်ည၊ အချိန်ယူရပြီး
သဘာဝကျောက်ပြားတွေကို ထွင်းထုရာမှာတော့ ပိုမာကျောတဲ့အတွက် အချိန်ပိုယူရပါတယ်။

"ကျောက်ပြားနှစ်ခုစလုံးကတော့ နှစ် ၅၀ လောက် သဘာဝဒဏ်ခံနိုင်မယ်လို့ ထင်တယ်။
သဘာဝကျောက်ပြား တွေကတော့ ပိုမာတော့ ပိုခံနိုင်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က လူငှားနဲ့
သွားတူးခတွေရှိတော့ ပိုဈေးကြီးတယ်"လို့ ဆလိုင်းကျဲအိုအန်းက ပြောပါတယ်။ နှစ်ပေနဲ့
တစ်ပေခွဲပတ်လည် စာထွင်းပြီးသား သဘာဝကျောက်ပြားတစ်ပြားကို ကျပ်တစ်သိန်းဝန်းကျင်
ဈေးရှိပြီး ဘိလပ်မြေနဲ့ လုပ်ထားတဲ့ ကျောက်ပြားဆိုရင်တော့ ကျပ်ငါးသောင်းဝန်းကျင် ဈေးပေါက်
ပါတယ်။ အခု နောက်ဆုံးပေါ်အနေနဲ့ မန္တလေးမြို့က လှမ်းမှာယူပြီးပြုလုပ်တဲ့ စကျင်ကျောက်နဲ့
ကျောက်ပြားတွေပေါ်မှာလည်း စာထွင်းနေပါပြီ။

"စကျင်ကျောက်တွေက ပိုလှ၊ ပိုတောက်ပပြီး ပိုမာတယ်။ ခုနောက်ပိုင်း လူချမ်းသာတွေကတော့
စကျင်ကျောက် ကို အမှာများတယ်။ ဈေးကတော့ သဘာဝကျောက်ပြားနဲ့ အတူတူလောက်ပဲ
ကျတယ်"လို့ သူက ရှင်းပြပါတယ်။ ကျောက်ထွင်းရတဲ့အလုပ်က အချိန်ယူရတာမို့ အစောပိုင်းမှာ
ဆေးနဲ့ရေးကြည့်ပေမယ့် ကျောက်သားထဲ ဆေးဝင်ဖို့ ခက်တာကြောင့် အချိန်တိုအတွင်း
ဆေးပျက်ပါတယ်။ "ဒါကြောင့် အရင်ဆုံး ခပ်နက်နက် စာထွင်းပြီးမှ ဆေးထည့်တယ်။ ဒီမှာ
လူကြိုက်အများဆုံးကတော့ အပြာ ရောင်ပဲ။ အေးချမ်းတယ်လေ"လို့ သူက ပြောပါတယ်။
အမှတ်တရ ကျောက်စာတိုင်တွေ ထူတဲ့ဓလေ့က တခြားတိုင်းရင်းသားတွေနဲ့ မတူကွဲပြားတာမို့
အခုနောက်ပိုင်းမှာတော့ ရိုးရာဓလေ့ ပြန်ဖော်ထုတ်တဲ့အနေနဲ့ ချင်းပြည်နယ်ရဲ့ ပွဲတော်တွေမှာ ပွဲတော်အကြောင်း ရေးထွင်းထားတဲ့ ကျောက်ပြားတွေလည်း စိုက်ထူလာကြပါတယ်။ ကျောက်စာထွင်းသူတစ်ယောက်အနေနဲ့ နေ့စဉ် ကျောက်ပြားတွေကြား
ပင်ပင်ပန်းပန်းအချိန်ကုန်ရပေမယ့် ကိုယ့်ရိုးရာဓလေ့ကို ထိန်းနိုင်တဲ့ လူတစ်ယောက်အဖြစ်
ဂုဏ်ယူစိတ်နဲ့ ပီတိဖြစ်တယ်လို့ ဆလိုင်းကျဲအိုအန်းက ပြောပါတယ်။

ကျောက်စာတိုင်တွေထူရာမှာ ကျောက်ပြားပုံစံတွေ ထပ်ဆန်းသစ်ဖို့အတွက်လည်း သူ
ကြိုးစားနေပါတယ်။ "ဒီကျောက်ပြားတွေက ချင်းတိုင်းရင်းသားတွေ ဘယ်လိုနေထိုင်ခဲ့တယ်ဆိုတဲ့
မှတ်တမ်းတွေဖြစ်တဲ့အတွက် တစ်နေ့ မှာ ချင်းပြည်နယ်သမိုင်းအဖြစ် ကျွန်တော့်လက်နဲ့ လုပ်ထားတဲ့ ကျောက်ပြားတွေရှိနေမှာကို တွေးရင် ကျေနပ်ပီတိဖြစ်တယ်"လို့လည်း ဆိုပါတယ်။
ခုချိန်မှာ လမ်းပန်းဆက်သွယ်ရေးနဲ့ စီးပွားရေးအဆင်မပြေမှုတွေကြောင့် အလုပ်လုပ်ဖို့၊ အခြေချဖို့၊
ပညာသင်ဖို့ စတဲ့ အကြောင်းများစွာနဲ့ ပြည်ပကို ထွက်ခွာသွားတဲ့ ချင်းတိုင်းရင်းသားတွေ
များစွာရှိနေပေမယ့် ချင်းတောင်တန်းတွေတစ်လျှောက်မှာတော့ ချင်းတိုင်းရင်းသားတစ်ယောက်
ချင်းစီရဲ့ ဘ၀မှတ်တမ်းတွေက ကျောက်စာတိုင်တွေအဖြစ် ဆက်လက်ကျန်ရစ် ရပ်တည်နေဦးမှာ
ဖြစ်ပါတယ်။ါ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်