အမေရိကမှာ ရေပန်းစားလာတဲ့ မနက်စောစော အုပ်စုလိုက် ကခုန်ကြခြင်း

မတ်လ ၂၅ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ မနက်ခင်းပါတီပွဲမှာ ပါဝင်ဆင်နွှဲနေကြသူများ။ ဓာတ်ပုံ-အေအက်ဖ်ပီမတ်လ ၂၅ ရက်နေ့က လော့စ်အိန်ဂျလိစ်မှာ ကျင်းပခဲ့တဲ့ မနက်ခင်းပါတီပွဲမှာ ပါဝင်ဆင်နွှဲနေကြသူများ။ ဓာတ်ပုံ-အေအက်ဖ်ပီမနက်စာမစားခင် ပါတီတက်ချင်သလား ...။ ဒီလိုလုပ်တာဟာ လူတိုင်း စိတ်ဝင်စားတဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မနက်စောစော အုပ်စုလိုက် ကခုန်ကြတာမျိုးဟာ အမေရိကန်နိုင်ငံမှာ အရမ်းကို ရေပန်းစား လာနေပါတယ်။

သိပ်မကြာခင်က မနက်ခင်းတစ်ခု နံနက် ၆ နာရီခွဲလောက်မှာ လူကြီး၊ လူငယ်အက၀ါသနာရှင် ၂၅၀ လောက်ဟာ လူတော်တော်များများ အိပ်ရာကတောင် မထကြသေးခင်မှာ ဟန်ချီချီကခုန်ကြဖို့အတွက် လော့စ်အိန်ဂျလိစ် မြို့ထဲမှာ စုရုံးရောက်ရှိနေကြပါတယ်။

ဒီလိုမနက်စောစော အုပ်စုလိုက် ကခုန်ကြတာဟာ ညဘက် ပါတီမှာ ကဲရသလိုမျိုး ပျော်စရာကောင်းပြီး မနက်ခင်းအိပ်ရာအထမှာ အရက်နာကျ တာမျိုးလည်း ကြုံရမှာမဟုတ်ဘူးလို့ မနက်ခင်း ကပွဲပါတီတွေကို စီစဉ်ပေးနေတဲ့ Andre Herd က ပြောပါတယ်။

"ညဘက်ပါတီတက်ကဲတာမျိုးကတော့ လူတိုင်းသိတဲ့ အတိုင်းပါပဲ။ အားလုံးလည်း လုပ်နေကြတာမျိုးပေါ့။ ပါတီသွားမယ်။ အရက်ဘီယာသောက် မယ်၊ တစ်ယောက်ယောက်နဲ့တွေ့ရင် အချိတ်အဆက် လုပ်ချင်လုပ်မယ်၊ ဒါမှမဟုတ် အပေါင်းအသင်းတွေနဲ့ ကဲချင်တိုင်းကဲမယ်၊ ပြီးတော့ အိမ်ပြန်မယ်။နောက်နေ့မနက်ကျတော့ အရက်နာကျလို့ ခေါင်းတောင်မထူချင်တာမျိုး ဖြစ်နေပြီ"လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

"ဒီမှာ မနက်စောစော ကတာမျိုးကျတော့ တစ်ယောက်ယောက်နဲ့တော့ တွေ့ဆုံနိုင်ပါတယ်။ ဒီအခန်းထဲမှာ မယုံနိုင်စရာ အင်အားတစ်ရပ် ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်း ဒီကိုလာဖို့ လက်မှတ်တစ်စောင်ဝယ်ရပါတယ်။ ပြီးတော့ ဒီကိုလာတဲ့ရည်ရွယ်ချက်ကလည်း ကခုန်ဖို့ သက်သက်ပါပဲ။ လူတိုင်း ကခုန်ကြပါတယ်"လို့ သူက ရှင်းပြပါတယ်။

မနက်ခင်းပါတီပွဲတွေကို တစ်လမှာတစ်ကြိမ် ကျင်းပကြပါတယ်။ လက်မှတ် တစ်စောင်ကို ၂၅ ဒေါ်လာပေးရပြီး ပါတီပွဲကျင်းပမယ့်အကြောင်းကို ပွဲမတိုင် ခင် တစ်ပတ်လောက်ကြိုပြီး အီးမေးလ်ကနေ အသိပေးကြပါတယ်။

ဒါပေမဲ့ ပုံမှန်ကပွဲတွေနဲ့ မတူတာကတော့ အဲဒီမှာ အရက်တွေ၊ မူးယစ် ဆေးဝါးတွေ မပါပါဘူး။ လော့စ်အိန်ဂျလိစ်မှာရနိုင်တဲ့ အပြင်းဆုံး လန်းဆန်း တက်ကြွစေတဲ့အရာကတော့ ကော်ဖီပါပဲ။ ဘားကောင်တာမှာ နှစ်သက်ရာ သစ်သီးဖျော်ရည်တွေကိုလည်း မှာယူသောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ တီးလုံးတွေကို အဆက်မပြတ်ဖွင့်ပေးဖို့ ဒီဂျေတစ်ယောက်တော့ ရှိပါတယ်။

သူငယ်ချင်းတွေအားလုံး အိမ်ထောင်ကျသွားပြီး ညဘက်ကလပ်တွေ မတက်ဖြစ်တော့တဲ့ Lenore က မနက်စောစော စုဖွဲ့ကခုန်တဲ့ ပါတီတွေက အကောင်းဆုံးပဲလို့ ပြောပါတယ်။

"ကျွန်မက နိုက်ကလပ်တွေ တက်ရတာကို ပျော်ပါတယ်။ အခုတော့ မသွားဖြစ်တော့ပါဘူး။ မနက်စောစော စုဖွဲ့ကခုန်တဲ့ ပါတီတွေကတော့ ကျွန်မ အတွက် ပိုကောင်းတဲ့နေရာတွေပါပဲ။ မနက်စောစော ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်တော့ နွေးနွေးထွေးထွေးဖြစ်ပြီး ချွေးတွေလည်း ထွက်သွားပါတယ်။ ပြီးတော့ ကြောင်တောင်တောင်ဖိနပ်တွေ စီးစရာလည်း မလိုတော့သလို မလုံမခြုံဝတ်စားစရာမျိုးလည်း မရှိတော့ဘူး"လို့ သူက ပြောပါတယ်။

အသက်ကို တိတိကျကျမပြောဘဲ ၆၀ ကျော်ပြီလို့ပဲပြောတဲ့ Frank ဆိုတဲ့ အမျိုးသားကြီးကလည်း "ဒီလိုကပွဲကို ကျွန်တော် နှစ်ခါ တက်ဖူးပါတယ်။ ကျွန်တော်က ကခုန်ချင်တာ သက်သက်ပါ။ အများအားဖြင့် ကျွန်တော် တစ်ယောက်တည်း ကခုန်နေတတ်တာဗျ။ တစ်ခါတလေ အုပ်စုနဲ့လည်း ကခုန်ဖြစ်ပါတယ်။ ကခုန်ရတာကို ကျွန်တော် ကြိုက်တယ်ဗျ။ ကျွန်တော့် ခြေထောက်ကို ငြိမ်ငြိမ်ထားလို့ကို မရဘူး"လို့ ပြောပါတယ်။ နယူးယော့ခ်ကနေ စတင်ခဲ့တဲ့ မနက်ခင်း ကပွဲတွေကို အခုတော့ အမေရိကန် က မြို့တချို့မှာ ပုံမှန်စီစဉ်ပေးနေပါပြီ။ လန်ဒန်နဲ့ တဲလ်အဗစ်မှာလည်း မနက်ခင်းကပွဲတွေ ရေပန်းစားနေပါပြီ။ လော့စ်အိန်ဂျလိစ်မှာတော့ အက၀ါသနာရှင်တွေဟာ မနက် ၉ နာရီဝန်းကျင်လောက်ကျရင်တော့ လူစုကွဲသွားကြပါပြီ။ တချို့ အလုပ်သွားကြဖို့၊ တချို့ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ကြဖို့ ဆိုင်ရာဆိုင်ရာ အသီးသီးသွားကြ ပါပြီ။ သူတို့ရဲ့မျက်နှာတွေမှာတော့ စိတ်ကျေနပ်မှုရသွားတဲ့ အပြုံးတွေ ကိုယ်စီနဲ့ပေါ့။

"ကျွန်မရဲ့ကွန်ပျူတာကို ကမ်းခြေဆီယူသွားပြီး မေးလ်တချို့ပြန်ရဦးမှာပါ။ နေ့လယ်ကျရင် သမီးလေးကို ကျောင်းသွားကြိုရမယ်။ ပြီးရင် တစ်နာရီအထိ သူ့ကျောင်းသင်ခန်းစာအတွက် အပင်တွေအကြောင်း သင်ပြပေးရဦးမှာပါ"လို့ မနက်ခင်း ကပွဲမှာ ပါဝင်ဆင်နွှဲခဲ့သူတစ်ဦးဖြစ်တဲ့ Tawnya Calvillo က ပြောပါတယ်။ "သူ့ကို ဥယျာဉ်ထဲက အပင်တွေအကြောင်း သင်ပြပေးပြီးရင်တော့ ကျွန်မ တို့သားအမိ ရေခဲမုန့်သွားစားဖြစ်မှာပါ။ ပြီးတော့ စက်ဘီးသွားစီးကြမယ်"လို့ သူက တက်တက်ကြွကြွနဲ့ ပြောပြသွားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်