မြန်မာ့ရေမြေသဘာဝ အလှအပတွေကို စာအုပ်ထဲမှာ ပုံနှိပ်ဖော်ပြလိုက်တဲ့ အမေရိကန်ဓာတ်ပုံဆရာ

ဓာတ်ပုံဆရာ ဒေးဗစ်ဟက်ကို သူ့ရဲ့ဓာတ်ပုံစာအုပ်နဲ့အတူ ဧပြီလ ၂ ရက်နေ့က Gallery 65 မှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)ဓာတ်ပုံဆရာ ဒေးဗစ်ဟက်ကို သူ့ရဲ့ဓာတ်ပုံစာအုပ်နဲ့အတူ ဧပြီလ ၂ ရက်နေ့က Gallery 65 မှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

လွန်ခဲ့တဲ့ခြောက်နှစ်က မြန်မာပြည်ကို ဓာတ်ပုံသင်တန်းပေးဖို့ ရောက်လာရင်းနဲ့ မြန်မာပြည်ရဲ့
အလှ၊ မြန်မာလူမျိုးတွေရဲ့ ပျော်ပျော်နေတတ်ပြီး စာနာသနားတတ်တဲ့ စိတ်အရင်းခံတွေဟာ အမေရိကန်ဓာတ်ပုံဆရာ ဒေးဗစ်ဟက်ကို နောက်တစ်ခေါက် ပြန်လာချင်အောင်
ညှို့ငင်ဆွဲဆောင်ခဲ့ပါတယ်။

မြန်မာပြည်ကို ဒုတိယအကြိမ် ပြန်ရောက်လာတဲ့အချိန်မှာတော့ ကမ္ဘာ့အစွန်အဖျားဒေသတွေကို
သွားရောက်လည်ပတ်ပြီး ဓာတ်ပုံရိုက်ကူးလေ့ရှိတဲ့ ဒေးဗစ်မှာ စိတ်ကူးတစ်ခု ပါလာခဲ့ပါတယ်။

အဲဒါကတော့ မြန်မာလူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုတွေ၊ ဒေသရဲ့ အလှအပတွေကို
ဓာတ်ပုံရိုက်ကူးပြီး နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ဓာတ်ပုံစာအုပ်ကောင်း တစ်အုပ်
ထုတ်ဝေဖို့ပါပဲ။

ဒီစိတ်ကူးကို အကောင်အထည်ဖော်ဖို့အတွက် ဒေးဗစ်နဲ့ သူ့ရဲ့ လမ်းပြတို့ဟာ မြန်မာပြည်တစ်နံ
တစ်လျားကို ရထား၊ ကား၊ လေယာဉ်တွေနဲ့သာမက နွားလှည်း၊ ကုန်တင်ကားနဲ့ ဆိုက်ကားပါ
မကျန် ကြုံသလိုစီးခရီးနှင်ကာ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။

ရန်ကုန်၊ ပြည်၊ ရခိုင်ပြည်နယ် မြောက်ဦး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် ဘားအံ၊
မွန်ပြည်နယ်၊ ပုဂံနဲ့ ဆလုံတိုင်းရင်းသားတွေ နေထိုင်တဲ့ မြိတ်ကျွန်းစုအနီးတစ်ဝိုက်ထိပါ
သွားရောက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

သူ့ရှုခင်းဓာတ်ပုံတွေဟာ ပန်းချီကားချပ်တွေနဲ့ ဆင်တူလောက်အောင် လက်ရာမြောက်
သက်ဝင်လှပြီး ဓာတ်ပုံထဲက လူတွေရဲ့ မျက်လုံးတွေမှာလည်း ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုတွေ
ပေါ်လွင်အောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။

ခြောက်နှစ်တာအတွင်း မြန်မာပြည်ကို ရှစ်ကြိမ်ထက်မနည်း လာရောက်ရိုက်ကူးထားတဲ့
ဓာတ်ပုံတွေကို Burma: An Enchanted Spirit အမည်နဲ့ စာအုပ်ထုတ်ဝေခဲ့ပြီး ပြီးခဲ့တဲ့
ဧပြီလ ၂ ရက်နေ့က ယောမင်းကြီးလမ်းထဲရှိ Gallery 65 မှာ မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။

စာအုပ်မိတ်ဆက်ပွဲနဲ့အတူ ဓာတ်ပုံတချို့ကိုလည်း ဧပြီလ ၄ ရက်နေ့အထိ ပြသခဲ့ပါတယ်။

"ကျွန်တော် ဒီကိုရောက်လာတဲ့အချိန်မှာ ဆန်းပြားတဲ့ဓလေ့စရိုက်တွေနဲ့ မြန်မာလူမျိုးတွေရဲ့
ချစ်စရာစိတ်နေ သဘောထားတွေရဲ့ ညှို့ယူဆွဲဆောင်တာကို ခံလိုက်ရပါတယ်။

မြန်မာပြည်ကို မရောက်ဖူးသေးတဲ့ လူတော်တော်များများကို အဲဒီအကြောင်းတွေပြချင်လို့
ကျွန်တော် ဓာတ်ပုံစာအုပ် ထုတ်ဝေခဲ့ပါတယ်။

အဲဒီ စာအုပ်ကို ကမ္ဘာ့နိုင်ငံအနှံ့ ဖြန့်ချိမှာပါ"လို့ ဓာတ်ပုံဆရာ ဒေးဗစ်က ပြောပါတယ်။

ဒေးဗစ်ကို ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာ မွေးဖွားခဲ့ပြီး acoustic ဂစ်တာတီးခတ်သူ
တစ်ဦးလည်း ဖြစ်ပါတယ်။

၁၉၉၀ နှောင်းပိုင်းမှာ သူ့ပထွေး ၀ယ်ပေးခဲ့တဲ့ Canon AE-1 အမျိုးအစား ဖလင်ကင်မရာတစ်လုံးနဲ့
ဥရောပ တစ်ခွင်လည်ပတ်ရင်း ဓာတ်ပုံရိုက်ကူးရာကနေ ဓာတ်ပုံပညာအပေါ် ၀ါသနာထုံတာကို
စတင်သတိထားမိလာတာ ဖြစ်ပါတယ်။

"ကျွန်တော်ငယ်ငယ်တုန်းက ပုဂံဘုရားပုထိုးပုံတွေနဲ့ မြန်မာလူမျိုးတွေရဲ့ ရိုးရာ ဓလေ့တွေကို
ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို တွေ့ဖူးရာကနေ မြန်မာပြည်ကို တစ်နေ့ သွားလည်မယ်လို့
စိတ်ကူးခဲ့ပါတယ်"လို့ သူက ပြောပါတယ်။

လေယာဉ်အဆင့်ဆင့် စီးရုံနဲ့တင် မရောက်နိုင်တဲ့ ဝေးလံခေါင်ဖျားတဲ့ ချင်းတောင်တန်းပေါ်က
ကျေးရွာတွေကို ရက်ပေါင်းများစွာ လမ်းလျှောက်သွားခဲ့ပြီး ဒေသခံတွေနဲ့အတူတူ အချိန်ယူ
ဓာတ်ပုံရိုက်ကူးခဲ့ပါသေးတယ်။

"မြန်မာလူမျိုးတွေနဲ့ ဆက်ဆံတဲ့အခါ ကျွန်တော့် စိတ်ထဲမှာ နွေးထွေးမှု၊ ချစ်ခြင်းနဲ့ ပျော်ရွှင်မှုတွေ
ခံစားရပါတယ်။ အဲဒါက သူတို့ရဲ့ အတွင်းကျဆုံး နှလုံးသားကလာတဲ့ စစ်မှန်တဲ့ စိတ်အရင်းခံတွေပါ။
ကျွန်တော် အဲဒါကို သူတို့နဲ့ ပေါင်းကြည့်တိုင်း ခံစားမိတယ်။ မြန်မာလူမျိုးတွေက ပျော်တတ်တယ်၊
ခင်တတ်တယ်၊ ခွင့်လွှတ်တတ်တယ်။ ဒါကြောင့် သူတို့နဲ့ မိတ်ဆွေဖြစ်ရတာ ကျွန်တော့်
အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုလို့ ခံစားမိတယ်"လို့ ဒေးဗစ်က ပြောပါတယ်။

"သူ့ဓာတ်ပုံတွေက သဘာဝအလင်းရောင်ကို သုံးပြီးရိုက်ကူးထားတာ ကျွန်တော်အရမ်း
သဘောကျပါတယ်။ ဓာတ်ပုံထဲက လူတွေရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ
ပေါ်လွင်အောင် ရိုက်ကူးထားတာကို သိပ်သဘောကျပါတယ်"လို့ Gallery 65 ပန်းချီပြခန်းကို
ဖွင့်လှစ်ထားသူဖြစ်တဲ့ ဦးမင်းလွင်က ပြောပါတယ်။

Burma:An Enchanted Spirit စာအုပ်ကို ကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး
ဓာတ်ပုံဆရာရဲ့ ၀က်ဘ်ဆိုက် heathstudios.com မှာ ဆက်သွယ် မှာယူနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်