သန့်ရှင်းမှုနဲ့ စေတနာ ပေါင်းထားလို့ ဖောက်သည်တွေ အသည်းစွဲဖြစ်လာတဲ့ ဧရာဝတီ မင်းသမီးလေး

ဖောက်သည်တွေနဲ့ စည်ကားနေတဲ့ Princess Irrawaddy ဆိုင်ကလေး။ သောမတ်စ်ကင်းန်/မြန်မာတိုင်း(မ်)ဖောက်သည်တွေနဲ့ စည်ကားနေတဲ့ Princess Irrawaddy ဆိုင်ကလေး။ သောမတ်စ်ကင်းန်/မြန်မာတိုင်း(မ်)

လေ့ကျင့်ခန်းလုပ်ပြီးလို့ အပြန်မှာ လာစားကြသူတွေ၊ မနက်ခင်းစာ စောစောစားတတ်တဲ့ သူတွေနဲ့ 
Princess Irrawaddy မနက်ခင်းစာဆိုင်လေးဟာ မနက်စောစော ၅ နာရီဝန်းကျင်ကတည်းက
ဖောက်သည်တွေနဲ့ စည်ကားစပြုနေပါပြီ။

ရန်ကုန်လို အမြဲတမ်းအလုပ်ရှုပ်နေတဲ့ မြို့တစ်မြို့မှာ မနက်စောစောစာကို ပြီးစလွယ်
စားလိုက်ကြသူတွေများပေမယ့် တကယ်တမ်းတော့ တစ်နေ့လုံးစားသမျှထဲမှာ မနက်စာက
ခွန်အားအပေးဆုံးလို့ လက်ခံယုံကြည်ထားတဲ့ ကိုရဲသူရက သူ့မိသားစုပိုင် မနက်ခင်းစာ
သီးသန့်စားသောက်ဆိုင်လေးကို ၂၀၁၁ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

ရန်ကင်းမြို့နယ်ထဲက အနော်ရထာလမ်းနဲ့ ရန်ကင်းလမ်းသွယ်-၄ လမ်းထောင့်မှာ ဖွင့်လှစ်ထားတဲ့
နှစ်ခန်းတွဲဆိုင်လေးက ရိုးရှင်းပေမယ့် မိသားစုဆန်တဲ့အငွေ့အသက်ကြောင့် နွေးထွေးမှုကို
ခံစားရပါတယ်။

အထက်ပိုင်းမြို့တွေဖြစ်တဲ့ မန္တလေးနဲ့ မြစ်ကြီးနားအပါအ၀င် ရှမ်းပြည်မြောက်ပိုင်းမှာ
အဓိကစားသုံးကြတဲ့ ခေါက်ဆွဲအမည်တွေကို ဒေသရင်းအရသာမပျက်အောင် ချက်ပြုတ်
ရောင်းချတာမို့ ရန်ကုန်မြို့က အကောင်းဆုံးခေါက်ဆွဲ ဆိုင်တွေထဲက တစ်ဆိုင်ဖြစ်လာပါတယ်။

ဆီချက်ခေါက်ဆွဲ၊ မန္တလေးအထမ်းမြီးရှည်၊ လားရှိုးခေါက်ဆွဲ၊ ဗန်းမော်မျှစ်ချဉ်ခေါက်ဆွဲ၊ ရွှေတောင်
ခေါက်ဆွဲ၊ တိုဟူးနွေး၊ ရှမ်းခေါက်ဆွဲ စတဲ့အမည်(အမယ်)တွေမှာ ခေါက်ဆွဲတစ်မျိုးချင်းစီရဲ့
အရသာက မတူဘဲ ကွဲပြားနေပါတယ်။

အဲဒီအချက်က အမည် (အမယ်)တစ်ခုချင်းစီကို စေတနာအပြည့်နဲ့ ဂရုတစိုက် ဖန်တီးထားမှန်း
ခံစားမိစေပါတယ်။

"တစ်မျိုးချင်းစီ မတူတဲ့ခေါက်ဆွဲတွေကို သီးသန့်ထားပြီး စားစရာလုပ်ဖို့ အစာတွေကတော့
ကိုယ့်ကုန်ကြမ်းနဲ့ ကိုယ်ပဲ။ တာရှည်ခံပစ္စည်း chemical တွေ မပါအောင် လုပ်ပေးတာမို့
ကျွန်တော်တို့ ခေါက်ဆွဲကို တစ်ခါတည်းနဲ့ အများကြီးလုပ်ထားလို့ မရဘူး။ တစ်ရက် နှစ်ရက်စာ
အတွက်လောက်ပဲ လုပ်ထားတယ်။ အဲဒါထက်ပိုသွားရင်လည်း တာရှည်ခံအောင်လုပ်တဲ့
chemical တွေ မပါတဲ့အတွက်ကြောင့် ပစ္စည်းက ကြာကြာမခံဘူး"လို့ ဆိုင်မှာအသုံးပြုတဲ့
ခေါက်ဆွဲဖတ် ပြုလုပ်ပုံကို ဆိုင်ကို ဦးစီးသူတစ်ဦးဖြစ်တဲ့ ကိုရဲသူရက ပြောပြပါတယ်။

ဒါကြောင့် မနက် ၁၀ နာရီလောက်ဆိုရင် "နန်းကြီး မရတော့ဘူး"၊ "မြီးရှည်တော့ ရှိသေးတယ်"
စတဲ့ အသံတွေကို Princess Irrawaddy မှာ ပုံမှန်အားဖြင့် ကြားရတတ်ပါတယ်။

မုန့်ဖတ်ရှိသလောက်ကိုပဲ ရောင်းပေးတာမို့ တစ်နေ့စာအတွက် ပြင်ထားတာ ကုန်သွားရင်တော့
အလွယ်နည်းနဲ့ ဈေးထဲကနေ သွားဝယ်ပြီး ရောင်းပေးတာမျိုးလည်း ဒီဆိုင်မှာ မပြုလုပ်ပါဘူး။

"ကျန်းမာရေးအတွက် အဓိကကိုယ်ရောင်းပေးတဲ့ အစားအစာမှာ chemical မပါဘူးပေါ့။
အခြေခံအားဖြင့် အချိုမှုန့်လိုမျိုးပေါ့။ အသင့်ဖျော်သောက်လို့ရတဲ့ ကော်မီမစ်တို့၊ လက်ဖက်ရည်အပြင်
ဆိုဒါပါတဲ့ အအေး၊ အချိုရည်လည်း မရောင်းပေးထားဘူး။ ကုန်ကြမ်းတွေ ဟင်းသီးဟင်းရွက်တွေ၊
သားငါးတွေဆေးတာကအစ ဂရုတစိုက်နဲ့ ဆေးပေးတယ်"လို့ သူ့ဆိုင်ကနေ ကျန်းမာရေး
အာမခံချက်ထားတာတွေ ကို ကိုရဲသူရ ပြောပြပါတယ်။

ဒါကြောင့်လည်း "မနက်စာကို ရှင်ဘုရင်ကြီးလို စားပါဆိုတာနဲ့ မပြည့်စုံပါဘူး။ သန့်ရှင်းအဟာရ
ပြည့်သော Healthy Food ဖြစ်မှ ပြည့်စုံမှာပါ"လို့ရေးသားထားတဲ့ ဆိုင်းဘုတ်ကြီးကို ဆိုင်ရှေ့မှာ
ဝင့်ဝင့်ထည်ထည် ချိတ်ဆွဲထားတာကို တွေ့ကြရမှာပါ။

ဒီဆိုင်က လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေနဲ့ နှပ်ပြီး ဖျော်ပေးတဲ့ လက်ဖက်ရည်၊
ကော်ဖီတို့ကလည်း ဖောက်သည်တွေရဲ့ အသည်းစွဲပါပဲ။

လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က ဘီယာနဲ့ အဖျော်ယမကာတွေပါ ရနိုင်တဲ့ စားသောက်ဆိုင်လုပ်ငန်းကို
လုပ်ကိုင်ခဲ့ပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေအကြောင်းကို ကိုယ်တိုင်
သတိထားမိလာတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ကိုယ်တိုင်စားသုံးသလို
တခြားသူတွေကိုလည်း စားစေချင်တဲ့ဆန္ဒနဲ့ ဒီဆိုင်ကို မိသားစုစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင်
ဖွင့်လှစ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတွင်းမှာဖြစ်ပွားတဲ့ ရောဂါဝေဒနာ အများစုက စားသောက်ကုန်ကြောင့်လို့ နားလည်ထားတဲ့
ကိုရဲသူရတို့ မိသားစုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပဲ ရောင်းချဖို့ ဆုံးဖြတ်ချက်
ချခဲ့ကြပါတယ်။

သူတို့အိမ်မှာ မိခင်ကြီး (Princess Irrawaddy ရဲ့ မိခင်ကြီးဖြစ်သူ) မနက်တိုင်း စီစဉ်ပေးတဲ့
မနက်စာတွေဟာ အရသာကောင်းသလို ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း
အဆင်ပြေတယ်လို့ ယုံကြည်တာကြောင့် မောင်နှမမိသားစုနှစ်စုက ဦးစီးပြီး ခုလို မနက်စာ
ခေါက်ဆွဲဆိုင်လေး လုပ်ဖြစ်ခဲ့ကြပါတယ်။

သောမတ်စ်ကင်းန်/မြန်မာတိုင်း(မ်)သောမတ်စ်ကင်းန်/မြန်မာတိုင်း(မ်)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်