ရွှေရောင် ကာလက ခေတ်ဟောင်း ရုပ်ရှင်တွေဆီသို့ တစ်ခါတစ်ခေါက် ...

ဓာတ်ပုံ - Pansodan archiveဓာတ်ပုံ - Pansodan archive

လွတ်လပ်ရေး မရသေးခင်ကာလတုန်းက ပြသခဲ့တဲ့ 'နီလာရောင်' ရုပ်ရှင်ဇာတ်ကားကြီးမှာ
စတန့်မင်းသား ချစ်ဆွေတစ်ယောက် တကယ့် မိချောင်းအစစ်နဲ့ နပန်းလုံးပြီး ကျားကုတ်ကျားခဲ
သရုပ်ဆောင်ပြခဲ့တာကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို ရခဲ့ပါတယ်။

ဒါ့ပြင် မြန်မာအဆွေ ရုပ်ရှင်ထုတ်လုပ်ရေး (နောက်ပိုင်းမှာ အေ၀မ်းရုပ်ရှင် ထုတ်လုပ်ရေးအဖြစ်
အမည်ပြောင်းလဲခဲ့)ကလည်း မြန်မာလေယာဉ်မှူးတွေရဲ့အကြောင်းကို တစ်မူထူးခြားအောင်
ဂျပန်မင်းသမီးတွေနဲ့အတူ ဂျပန်နိုင်ငံမှာ ၁၉၇၃ ခုနှစ်မှာ သွားရောက်ရိုက်ကူးတင်ဆက်ခဲ့တဲ့
'ဂျပန့်ရင်သွေး' ဇာတ်ကားကြီးကလည်း နိုင်ငံတကာအဆင့်ကိုမီတဲ့ ရုပ်ရှင်ကားတစ်ကား
ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အဲဒီဇာတ်ကားတွေဟာ မြန်မာရုပ်ရှင် ချစ်ပရိသတ်တွေကို အထူးအဆန်း
ဖြစ်စေခဲ့ပြီး တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ကြပါတယ်။

ဒါပေမဲ့ နှမြောဖို့ကောင်းတာကတော့ ဒီလိုမျိုး ခက်ခက်ခဲခဲနဲ့ အချိန်ပေး ရိုက်ကူးခဲ့တဲ့
အရည်အသွေးမြင့် မြန်မာ့ရုပ်ရှင်ရွှေခေတ်က ဇာတ်ကားကောင်းတွေကို ကျွန်မတို့လို
နောက်လူတွေအနေနဲ့ ငွေရောင်ပိတ်ကားပေါ်မှာ ကြည့်ရှု ခွင့်မရနိုင်တော့တာပါပဲ။

ကျွန်မတို့ မမီလိုက်တဲ့ အဲဒီခေတ်အချိန်က မြန်မာ့ရုပ်ရှင်လောကကြီးအနေနဲ့ အောင်မြင်မှုတွေနဲ့
ရွှေရောင်နေ့ရက်တွေ ရှိခဲ့တာကတော့ တကယ့်အမှန်တရားပါပဲ။ ဒါတင် မကသေးပါဘူး။

လွတ်လပ်ရေးခေတ်နှောင်းကာလတွင်းမှာတော့ မြန်မာ့ရုပ်ရှင်လောကကြီးရဲ့ အောင်မြင်မှုက
နိုင်ငံတွင်းသာမက တိုင်းတစ်ပါးနိုင်ငံတွေထိပါ ပေါက်ရောက်လောက်တဲ့အထိ
အားကောင်းခဲ့ပါတယ်။

၁၉၇၅ ခုနှစ်က အကယ်ဒမီခြောက်ဆုပိုင်ရှင် ဒါရိုက်တာကြီး ဦးသုခ ရိုက်ကူးခဲ့တဲ့
'ရွှေချည်ငွေချည်တန်းပါလို့' ဇာတ်ကားကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံတကာ
ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တာပါ။

အဲဒီလို အဖိုးတန်တဲ့ ဇာတ်ကားကြီးတွေကို ရုပ်ရှင်မော်ကွန်းနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေ
ကနေ စနစ်တကျ ရင်အုပ်မကွာ မထိန်းသိမ်းနိုင်ခဲ့ကြတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့
ယနေ့ခေတ်က ရုပ်ရှင်ဒါရိုက်တာကြီးတွေနဲ့ ကျွမ်းကျင်သူတွေအနေနဲ့ နှမြောတသ ဖြစ်ရုံကလွဲလို့
ဘာမှ မတတ်နိုင်ကြပါဘူး။

တချို့တစ်ဝက်သော အဖြူအမည်းဇာတ်ကားတွေ၊ ဆေးရောင်စုံဇာတ်ကားကြီးတွေနဲ့
အကယ်ဒမီဆုရဇာတ်ကားကြီးတွေကိုတော့ လေအေးပေးစက်ပါတဲ့ အဆောက်အအုံထဲမှာ
ရုပ်ရှင်မော်ကွန်းကနေ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

"စိတ်မကောင်းစရာက ၁၉၃၀ ၀န်းကျင်နောက်ပိုင်း ဇာတ်ကားတွေပဲ ထိန်းသိမ်းလိုက်နိုင်ပြီး
အဲဒီရှေ့ပိုင်းအချိန်က ဇာတ်ကားတွေကိုတော့ လက်လွှတ်လိုက်ရတာပါ"လို့ ရွှေစင်ရုပ်တုငါးခုပိုင်ရှင်
ဒါရိုက်တာကြည်စိုးထွန်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မေလထဲမှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် အမှတ်တရ ရုပ်ရှင်ပွဲတော်မှာတော့
၁၉၅၀ နဲ့ ၁၉၈၅ ခုနှစ်အတွင်းက ဇာတ်ကား လေးကားကို နှစ်ပေါင်းတော်တော်ကြာမှ ပြန်လည်
ပြသနိုင်ခဲ့ပါတယ်။

အသက် ၇၀ အရွယ်ရှိနေပြီဖြစ်တဲ့ အေ၀မ်းသိန်းထွဋ်ကတော့ နိုင်ငံရဲ့ သမိုင်းတွေကို ပြသနိုင်တဲ့
ရုပ်ရှင်သမိုင်းဟာ စစ်အစိုးရလက်ထက်မှာပဲ ကန့်သတ်မှုတွေကြားမှာ အရှုံးဘက်ကို
ကျရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

"အဲဒီအချိန်တုန်းကတော့ ပြည်တွင်းက ရုပ်ရှင်ရုံတော်တော်များများကို ပြည်သူပိုင်အဖြစ်သိမ်းပြီး
ပိတ်ပစ်လိုက်ကြတယ်။ ရုပ်ရှင်ကုမ္ပဏီတွေရော၊ ရုပ်ရှင်လောကကြီးတစ်ခုလုံး အဲဒီကစလို့
အလဲလဲအကွဲကွဲ ဖြစ်တော့တာပါပဲ" လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကံကောင်းစွာနဲ့ပဲ ၁၉၈၈ ပြည်တွင်းအရေးအခင်း ကာလမတိုင်ခင်မှာ အေ၀မ်းရုပ်ရှင်
ကုမ္ပဏီကြီးက တချို့သောရုပ်ရှင်ဇာတ်ကား မူရင်းဖလင်တွေကို ၁၉၈၀ ပြည့်နှစ်ဝန်းကျင်မှာ
စတင်တည်ထောင်ခဲ့တဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနကို ပေးပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"မြန်မာ့အသံမှာ အင်္ဂလိပ်ရုပ်ရှင်ကားတွေကို ထုတ်လွှင့်လို့ရတဲ့ Telecinema တစ်ခု ရှိတယ်။
ဒါကြောင့် ကျွန်တော့်လက်ထဲမှာရှိတဲ့ ရုပ်ရှင်ဇာတ်ကားတချို့ကို မြန်မာ့အသံကနေတစ်ဆင့်
ပြန်ထုတ်လွှင့်နိုင်အောင် ပို့ပေးခဲ့နိုင်တယ်။ နောက်ပြီး ကျွန်တော်တို့လို တခြားကုမ္ပဏီတွေက
ဖလင်လိပ်တွေကို မြန်မာ့အသံကိုပို့ဖို့ တိုက်တွန်းခဲ့တယ်။ တချို့တွေကတော့ မြန်မာ့အသံမှာ
ကိုယ့်ဇာတ် ကားတွေ ထုတ်လွှင့်ရင်ပြီးရော ဆိုပြီးတော့ပဲ ဖလင်တွေကို ပို့ပေးခဲ့ကြသလို
တချို့တွေကတော့ မပို့ပေးကြပါဘူး။ အဲဒီမူရင်းဖလင်တွေကို မြန်မာ့အသံက တိပ်ခွေတွေနဲ့
ကူးယူပြီးတော့ ကျွန်တော်တို့ကို မူရင်းတွေ ပြန်ပေးပါတယ်။ ဒါပေမဲ့ ၈၈ အရေးအခင်းလည်းပြီးရော
မြန်မာရုပ်ရှင်လောကကြီးတစ်ခုလုံးက စစ်အစိုးရရဲ့ခြယ်လှယ်မှုတွေ၊ ဘောင်ခတ်မှုတွေကို
ခံခဲ့ရတယ်"လို့ အေ၀မ်းသိန်းထွဋ်က ပြောပါတယ်။

မြန်မာ့ရုပ်ရှင်သမိုင်းကြောင်းကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး
မှတ်တမ်းတင်ရုပ်ရှင်ကို ၁၉၂၀ ပြည့်နှစ်မှာ ဒါရိုက်တာ ဦးအုန်းမောင်က စတင်ရိုက်ကူးခဲ့ပါတယ်။

နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးထွန်းစိန်ရဲ့ဈာပနကို မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ အဲဒီမှတ်တမ်းတင်
ရုပ်ရှင်ကို ပလေဒီယမ်ရုပ်ရှင်ရုံ (ယခု ရှန်ဂရီလာဟိုတယ်နေရာ)မှာ အမေရိကန်ရုပ်ရှင်ဇာတ်ကားနဲ့
အတူ ပထမဦးဆုံး ရုံတင်ပြသနိုင်ခဲ့ပါတယ်။

ဆရာကြီးဦးအုန်းမောင်ရဲ့ မှတ်တမ်းတင်ရုပ်ရှင်က ရုပ်ရှင်ကို စိတ်ဝင်စားတဲ့ သူတွေအတွက်
အားဆေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ရုပ်ရှင်ကို ချစ်မြတ်နိုးတဲ့သူတွေချည်း စုစည်းထားတဲ့ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီကြီး
ကို ပထမဦးဆုံး တည်ထောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး feature-length film
ဖြစ်တဲ့ 'မေတ္တာနှင့်သူရာ' ဇာတ်ကားကို ရိုက်ကူးထုတ်လုပ် နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ - Pansodan archiveဓာတ်ပုံ - Pansodan archive

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်