ဆင်ဆာစောင့်နေတဲ့ "သမ္မတထံသို့ပေးစာ"

ဩဂုတ်လထဲမှာ ရိုက်ကူးဖို့ ပြင်ဆင်ထားတဲ့ 'သမ္မတ ထံသို့ပေးစာ'ဆိုတဲ့ ဇာတ်ကားဟာ
ဆင်ဆာခွင့်ပြုချက် ရရှိဖို့ နှောင့်နှေးနေတယ်လို့ ဒါရိုက်တာဝိုင်းက ဆိုပါတယ်။

မတရားအမှုဆင်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို သတင်းထောက်တစ်ယောက်က
လိုက်ပြီး ဖော်ထုတ်တဲ့ ဇာတ်လမ်းကို ဆင်ဆာခွင့်ပြုချက်အတွက် မတ်လကတည်းက
ဆင်ဆာဘုတ်အဖွဲ့ကို ပေးပို့ထားတယ်လို့ ဒါရိုက်တာဝိုင်းက ဆိုပါတယ်။

ဧပြီလအတွင်းမှာ ဘုတ်အဖွဲ့က ပြင်ဆင်စေလိုတဲ့ အချက်တွေနဲ့အတူ ပြန်လည်ပေးပို့လာတဲ့
အတွက် ပြင်ဆင်ပေးခဲ့ပြီး ဆင်ဆာထပ်မံတင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

"သူတို့ဘက်က ဇာတ်လမ်းနာမည်လည်း လက်ခံထားပြီးပြီ။ တချို့ဇာတ်ကွက်တွေမှာ ရဲနဲ့
တရားရုံးတွေရဲ့ လုပ်ထုံးနဲ့ မညီတာတွေ ရှိတယ်ဆိုပြီး ပြင်ဆင်ခိုင်းတာပါ။ ကျွန်တော်တို့
ဘက်ကလည်း လက်ခံ ပြင်ဆင်ပေးပြီး ပြန်တင်တာပါ။ ဒါပေမဲ့ အခုထိတော့ လွတ်လပ်စွာ
ရိုက်ကူးခွင့် ကျမလာခဲ့ဘူး"လို့ ဒါရိုက်တာဝိုင်းက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါပေမဲ့ ဆင်ဆာဘုတ်အဖွဲ့ကနေ ဇာတ်ကားထုတ်လုပ်တဲ့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးကို
ဇာတ်လမ်း နာမည်ပြောင်းပေးဖို့နဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင် တစ်ဦးဖြစ်တဲ့ လွှတ်တော်အမတ်
ဝန်ကြီးရဲ့သားနေရာမှာ ခရိုနီရဲ့သားအဖြစ် အစားထိုးဖို့ တရားဝင်စာရွက်စာတမ်းနဲ့ မဟုတ်ဘဲ
ပြောကြားခဲ့တယ်လို့ ဒါရိုက်တာ ၀ိုင်းက ဆိုပါတယ်။

"ဒီဟာကို ပြောင်းလိုက်ရင် ဇာတ်လမ်းကျောရိုး တစ်ခုလုံးကို ပြောင်းသလိုဖြစ်သွားမှာဖြစ်လို့
ကျွန်တော်ကတော့ မပြောင်းနိုင်ဘူး။ ဒီကားက အစိုးရကို ပုတ်ခတ်တာလည်း မဟုတ်ဘူး။
ပြည်သူကိုကိုယ်စားပြုတဲ့အဖြစ် အပျက်တွေကိုပဲ ရိုက်ကူးပြတာပါ။ ရှေ့မှာ နိုင်ငံရေးကို သရော်တဲ့
ကားတွေ ရိုက်ကူးထားတာတွေ အများကြီး ရှိပါတယ်။ ဒီကားကိုမှ ဘာလို့ခွင့်မပြုနိုင်တာလဲလို့
ကျွန်တော်လည်း စဉ်းစားလို့မရဘူး"လို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင်လုပ်ငန်း၊ ရုပ်ရှင်ဆင်ဆာအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကတော့ "ကျွန်တော်တို့
ပြောစရာစကား မရှိပါဘူး။ ခဏစောင့်ပါဦးလို့ သူတို့ ဘက်ကိုလည်း ပြောထားပါတယ်။
ထုတ်လုပ်ရေးဘက်ကလည်း လူကြီးတွေနဲ့ စကားပြောနေတာတွေရှိတယ်လို့ ဆိုပါတယ်။
ကျန်တာတော့ ကျွန်တော်တို့မှာ ပြောစရာမရှိပါဘူး"လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဒါရိုက်တာဝိုင်းကတော့ ဇာတ်ကားတစ်ကားဟာ ပုံမှန်အားဖြင့် ဆင်ဆာခွင့်ပြုချက်အတွက်
နှစ်ပတ်ကနေ လေးပတ်အတွင်းသာ ကြာမြင့်လေ့ရှိတယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က မီးစိမ်းမပြတော့ ကျွန်တော်တို့လည်း ဘာမှလုပ်လို့ မရပါဘူး။ ဒီအတိုင်း
ရပ်ထားရုံပဲ ရှိပါတယ်။ ခွင့်ပြုမှပဲ ရိုက်ကူးလို့ရမှာပါ။ ဆန္ဒပြလည်း ကျွန်တော်တို့ပဲ ခံရမှာပါ"လို့
ပြောပါတယ်။

ဒါရိုက်တာ ၀ိုင်းဟာ 'မာယာပရောဂျက်'၊ 'စေတန်ရဲ့ကချေသည်'၊ 'အာဒမ် ဧ၀ ဒဿ'၊ 'လက်ပံ' စတဲ့
ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပြီး စေတန်ရဲ့ကချေသည် ဇာတ်ကားနဲ့ ၂၀၁၃ ခုနှစ်အတွက်
အကယ်ဒမီဆုရရှိထားသူ ဖြစ်ပါတယ်။

သူရိုက်ကူးထားပြီး လတ်တလော ရုံတင်ပြသနေတဲ့ 'ကျွန်မက နှင်းဆီပါမောင်' ဟာ
ပရိသတ်အားပေးမှုကို အထူးရရှိနေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်