၅၂၈ ချစ်ခြင်းမေတ္တာအကြောင်း ဖော်ကျူးနိုင်ခဲ့တဲ့ အစ္စရေးအမျိုးသမီး ဒါရိုက်တာရဲ့ မှတ်တမ်းရုပ်ရှင်

ဒါရိုက်တာ ရှာလီဘာကိုဗစ်ကို ဇွန်လ ၁၅ ရက်နေ့က East ဟိုတယ် ရန်ကုန်မှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)ဒါရိုက်တာ ရှာလီဘာကိုဗစ်ကို ဇွန်လ ၁၅ ရက်နေ့က East ဟိုတယ် ရန်ကုန်မှာ တွေ့ရစဉ်။ သီရိလူ/မြန်မာတိုင်း(မ်)

တကယ်လို့များ Shirly Berkovitz တစ်ယောက် သူ့ရဲ့အိမ်တံခါးပေါက်ရှေ့ကို မဖိတ်ခေါ်ဘဲ
ရောက်လာခဲ့တဲ့ ရှက်တတ်တဲ့ သူစိမ်းအမျိုးသားတစ်ယောက်ရဲ့နောက်ကို စိတ်အလိုလိုက်ပြီး
မလိုက်ခဲ့မိဘူးဆိုရင် ချစ်ခြင်းမေတ္တာနဲ့ အနားသတ်ခဲ့တဲ့ ဇာတ်လမ်းကောင်းတစ်ခုကို ဘယ်သူမှ
သိလိုက်မှာတောင် မဟုတ်ပါဘူး။

သူစွန့်စားခန်းပြုလုပ်မယ့် ဗီဒီယိုဖိုင်တွေကို ကြည့်ပေးဖို့ အိမ်တံခါးကိုလာခေါက်ပြီး တောင်းဆိုတဲ့
အသက် ၂၂ အရွယ် အစ္စရေးလူငယ်လေး 'အော်' ကို အစ္စရေးမှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ရှာလီဟာ
ပထမဦးဆုံး စတင်မြင်ဖူးခဲ့တာပါ။

ဒါပေမဲ့ 'အော်' ထားခဲ့တဲ့ ဗီဒီယိုဖိုင်တွေထဲက အကြောင်းအရာတွေက သာမန်စွန့်စားမှုခရီးတစ်ခု
ထွက်ဖို့ ပြင်ဆင်ထားတာမဟုတ်ဘဲ သူ့ဘ၀အတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို
စနစ်တကျ လုပ်ကိုင်ဖို့ မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

အဲဒါကတော့ သူ့ရဲ့မိဘတွေကို လိမ်လည်ပြောဆိုကာ ထိုင်းနိုင်ငံသွားပြီး လိင်ပြောင်းဖို့
စီစဉ်ဆုံးဖြတ်ထားတဲ့ မှတ်တမ်းဖိုင်တွေပါပဲ။

အစ္စရေးနိုင်ငံမှာနေထိုင်တဲ့ ရှာလီအတွက်ကတော့ လိင်ပြောင်းတဲ့ ကိစ္စရပ်ဆိုတာ အထူးအဆန်း
တစ်ခုမဟုတ်ပေမယ့် ဗီဒီယိုထဲမှာတွေ့ရတဲ့ 'အော်'ရဲ့ ဘယ်သူမှမသိသေးတဲ့ လျှို့ဝှက်ချက်တွေ၊
အိပ်မက်တွေနဲ့ နာကျင်ခံစားမှုတွေကို မြင်တွေ့အပြီးမှာတော့ သူ့အနေနဲ့ အဲဒီခရီးစဉ် တစ်လျှောက်
လိုက်ပါလို့ ဖြစ်ပျက်လာမယ့် အကြောင်းအရာတွေအကုန်လုံးကို မှတ်တမ်းတင်ဖို့
ဆုံးဖြတ်ခဲ့ပါတော့တယ်။

"ပထမတော့ ဒီခရီးစဉ်က တကယ်ပဲလား၊ ဒီအဖြစ်အပျက်တွေကရော ကိုယ့်အတွက် တကယ်ကို
အောင်မြင်မှာလားဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် မသိခဲ့ဘူး။ ကိုယ်သေသေချာချာမသိတဲ့
အခြေအနေတစ်ခုနောက်ကို ပုံအောပြီးလိုက်ခဲ့တယ်ဆိုတာက တကယ်တော့ အလောင်းအစား
တစ်ခု လုပ်သလိုပါပဲ။ ဒါပေမဲ့ ဒီအဖြစ်အပျက်တွေက တကယ်ပဲ ဖြစ်ပျက်တော့မယ်ဆိုတာကို
သိရှိခဲ့တဲ့နောက် ကိုယ့်အတွက် ထီဆုကြီး တစ်ဆုပေါက်သလို ခံစားလိုက်ရတယ်။
ကျွန်မအဲဒီအချိန်က အရမ်းကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို မတော်တဆရခဲ့တာပါ။ ဒါပေမဲ့
အဲဒီဖြစ်ရပ်ကို အဆုံးသတ်ဖို့အတွက် ကျွန်မအနေနဲ့ ထိုင်းနိုင်ငံကို လိုက်ကိုလိုက်သွားသင့်တယ်လို့
တွက်ဆထားခဲ့တယ်"လို့ အသက် ၃၈ နှစ်အရွယ် မစ္စရှာလီ ဘာကိုဗစ်က ဆိုပါတယ်။

အစ္စရေးနိုင်ငံ Beit Berl တက္ကသိုလ်က အနုပညာဌာနတစ်ခုဖြစ်တဲ့ Hamidrasha ရဲ့ ရုပ်ရှင်ဌာန
ကနေ ရုပ်ရှင်ဖန်တီးမှုပညာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ရှာလီကို အစ္စရေးနိုင်ငံရဲ့ဒုတိယလူဦးရေအများဆုံးမြို့
ဖြစ်တဲ့ Tel Aviv မှာ မွေးဖွားခဲ့တာပါ။

အဲဒီနောက်မှာတော့ သူဖန်တီးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကားတွေက အစ္စရေးနိုင်ငံနဲ့ ကမ္ဘာတစ်လွှားက
အနုပညာဝေဖန်သူတွေရဲ့ ချီးကျူးမှုတွေကို ရရှိခဲ့တာပါ။

၂၀၀၉ ခုနှစ်က သူပထမဦးဆုံး ဖန်တီးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ကို အစ္စရေးနိုင်ငံက Yes Docu
ရုပ်သံလိုင်းမှာ ထုတ်လွှင့်ခဲ့ပြီး Docaviv ရုပ်ရှင်ပွဲတော်မှာ အစ္စရေးရုပ်ရှင်ကားတစ်ကားအနေနဲ့
ပါဝင်ယှဉ်ပြိုင်ခဲ့သလို Romania International ရုပ်ရှင်ပွဲတော်နဲ့  Belgrade International
ရုပ်ရှင်ပွဲတော်တို့မှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ကားအဖြစ် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အပြင်
ကမ္ဘာတစ်လွှားက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ပေါင်း ၁၀ ခုကျော်မှာလည်း ပြသခဲ့ပြီးပါပြီ။

လူတွေအကြောင်းကို စိတ်ဝင်တစားနဲ့ လေ့လာပြီး မှတ်တမ်းရုပ်ရှင်တွေအဖြစ် ပြန်လည်
အသက်သွင်းရတာကို နှစ်သက်တဲ့ ရှာလီအတွက် 'အော်' ရဲ့ဇာတ်ကြောင်းတွေကို လွယ်လွယ်နဲ့
စိတ်ဝင်စားသွားမိတာ အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အဲဒီလိုရိုက်ကူးဖို့ အထောက်အပံ့တွေမရှိတဲ့ အတွက် စွန့်စားမှုတစ်ခုကို လုပ်ခဲ့ရပါတယ်။

အဲဒါကတော့ သူ့ရဲ့ ကိုယ်ပိုင်ကားကိုရောင်း၊ အချစ်တော်ခွေးလေးကို အိမ်နီးချင်းတွေဆီအပ်၊
လက်ရှိအလုပ်ကလည်းထွက်ပြီး အော်နဲ့အတူ ထိုင်းနိုင်ငံကို လေယာဉ်နဲ့ လိုက်သွားဖို့
ဆုံးဖြတ်လိုက်ပါတော့တယ်။

ကမ္ဘာတခြားဘက်မှာရှိတဲ့ အော်ရဲ့မိဘတွေကတော့ သားဖြစ်သူက အင်္ဂလန်သွားပြီး
ပညာသင်ယူနေတယ်လို့ မှတ်ယူထားကြတာပေါ့။

'အော်'ကိုယ်တိုင်ကလည်း အဲဒီလိုထင်အောင် လက်မှတ်အတုတွေ လုပ်ခဲ့ပါတယ်။ သူ့မိဘတွေ
ဆီက ရရှိတဲ့ ပညာသင်စရိတ်တွေကို ထိုင်းနိုင်ငံက လိင်ခွဲစိတ်တဲ့နေရာမှာ အသုံးပြုခဲ့ပါတယ်။
ဒါတွေက တခြားသူတွေအတွက်တော့ ကောက်ကျစ်စဉ်းလဲပြီး မပြုလုပ်သင့်ဘူးလို့ ထင်မိကြမှာပါ။

ဒါပေမဲ့ ရှာလီဘာကိုဗစ်အတွက်ကတော့ 'အော်'အကြောင်း အချိန်ကြာကြာလေ့လာရလေလေ၊
သူ့ကိုယ်သူ နေရာ မှန်ကိုမခံစားရဘဲ သူ့ရဲ့စိတ်ဝိညာဉ်က မှားယွင်းတဲ့ခန္ဓာကိုယ်ထဲမှာ
ပိတ်မိနေမိသလို အလိုမကျမှုတွေကို အမြဲတစေခံစားနေရတဲ့ ဘယ်သူမှမသိသေးတဲ့ 'အော်'ရဲ့
ခံစားချက်တွေကို နားလည်လာလေလေပါပဲ။

နောက်ဆုံးမှာတော့ ရှာလီတစ်ယောက် 'အော်'က သူ့မိဘတွေဆီက မျှော်လင့်မထားတဲ့ တုံ့ပြန်မှုကို
ကြောက်ရွံ့လို့ လိမ်လည်ခဲ့တယ်ဆိုတာကို နားလည်လာခဲ့ပါတော့တယ်။

ဒါကြောင့် 'အော်'အနေနဲ့ မိဘတွေသဘောမတူတဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
အစ္စရေးကနေ ထိုင်းနိုင်ငံအထိ ရောက်အောင်လာပြီး လိင်ပြောင်းလဲဖို့ နှာခေါင်း၊ မေးရိုး၊ နှာဖူး၊
ရင်သားတွေနဲ့ ဆန့်ကျင်ဘက်လိင်တစ်ယောက်အဖြစ် ပြောင်းလဲပစ်ဖို့ တစ်လကြာ
ခွဲစိတ်ကုသမှုတွေ ခံယူခဲ့တာပါ။

"ကျွန်မက ကျွန်မရိုက်ကူးမယ့် ဇာတ်ကောင်ရဲ့ အရိပ်တစ်ခုဖြစ်ရပါမယ်။ ကျွန်မတို့မှာလည်း
ကျွန်မတို့ မိသားစုတွေကို ဖွင့်မပြောကြဘဲ ထိမ်ချန်ခဲ့တဲ့ လျှို့ဝှက်ချက်တွေရှိကြပါတယ်။
ကျွန်မဆီမှာလည်း ကျွန်မ အမေကို ဖွင့်မပြောရဲခဲ့တဲ့ လျှို့ဝှက်အိပ်မက်တွေရှိသလို ကျွန်မ
အမေဆီမှာလည်း သူ့အမေဆီကို ဖွင့်မပြောဖြစ်ခဲ့တဲ့ လျှို့ဝှက်ချက်လေးတွေ ရှိမှာပါ။ ဒီလိုမျိုးတွေနဲ့ပဲ
ကမ္ဘာကြီးက လည်ပတ်နေတာပါ။ ဘာကြောင့် ဒီလိုမျိုး ဖြစ်နေရတာလဲ။ ဘာကြောင့် ကျွန်မတို့
တစ်တွေအနေနဲ့ ဖွင့်ပြောပြဖို့ ကြောက်ရွံ့နေကြရတာလဲ။ ဒီအချက်ကို ထောက်ပြချင်တဲ့သဘောပါ။
ကျွန်မတို့တစ်တွေအနေနဲ့ ဖွင့်ပြောပြဖို့ ကြောက်ရွံ့မှုတွေကို လျှော့ချသင့်ပါတယ်"လို့ သူ့အမြင်ကို
ဆိုပါတယ်။

သီရိလူ/မြန်မာတိုင်း(မ်)သီရိလူ/မြန်မာတိုင်း(မ်)

"လူတိုင်းရဲ့စိတ်ထဲမှာ သူတို့ဖြစ်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်တွေ ကိုယ်စီရှိကြပေမယ့်
တော်တော်များများကတော့ အဲဒီစိတ်ကူးတွေ တကယ်ဖြစ်လာအောင် မလုပ်နိုင်ကြပါဘူး။ ဒါပေမဲ့
အော်ကတော့ သူ့စိတ်ဝိညာဉ်ကို နေရာမှန်ပြန်ရောက်အောင်လုပ်ဖို့ဆိုတဲ့ အိပ်မက်ကို
တကယ်ဖြစ်လာအောင် အမျိုးသမီးတစ်ဦးအဖြစ် သက်သေပြနိုင်ခဲ့တယ်။ ဒါက ကျွန်မအတွက်တော့
တကယ်ကို အတုယူသင့်တဲ့ သင်ခန်းစာတစ်ခုပါပဲ"လို့လည်း ဆိုပါတယ်။

၅၂ မိနစ်ကြာတဲ့ မှတ်တမ်းရုပ်ရှင်ကားတစ်ကား ဖြစ်လာဖို့အတွက် ရှာလီဟာ ရိုက်ကူးရေးကို
တစ်နှစ်ခွဲလောက် အချိန်ယူခဲ့ရပြီး တည်းဖြတ်မှု အပိုင်းအတွက် နှစ်နှစ်ကြာအောင် အချိန်ယူ
လုပ်ဆောင်ခဲ့ရတာပါ။

သူ့ကြိုးစားအားထုတ်မှုတွေဟာ သဲထဲရေသွန် မဖြစ်ခဲ့ပါဘူး။

"The Good Son" မှတ်တမ်းရုပ်ရှင်ကို သူ့နိုင်ငံက Yes Doc ရုပ်သံလိုင်းမှာ ထုတ်လွှင့်နိုင်ခဲ့ပြီး
ကမ္ဘာတစ်လွှားက ရုပ်မြင်သံကြားလိုင်း ၁၀ ခုလောက်ကိုလည်း ထုတ်လွှင့်ပြသဖို့
ရောင်းချနိုင်ခဲ့ပါတယ်။

နာမည်ကြီး Amsterdam နိုင်ငံတကာမှတ်တမ်းရုပ်ရှင်ပွဲတော်မှာလည်း လူကြိုက်အများဆုံး
ရုပ်ရှင်အဖြစ် သတ်မှတ်ခံရပြီး Barcelona မှတ်တမ်းရုပ်ရှင်ပွဲတော်မှာ အဖွင့်ရုပ်ရှင်အဖြစ်၊ 
Jerusalem Internatinal ရုပ်ရှင်ပွဲတော်မှာလည်း အစ္စရေးနိုင်ငံကိုယ်စားပြု ဇာတ်ကားတစ်ကား
အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တဲ့အပြင် ကမ္ဘာတစ်လွှားက နိုင်ငံတကာရုပ်ရှင်ပွဲတော်ပေါင်း ၂၀ ကျော်
လောက်မှာလည်း ပြသနိုင်ခဲ့ပါသေးတယ်။

ဒါတင် မကသေးပါဘူး။ ရန်ကုန်မြို့မှာ ဇွန်လ ၁၅ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်ခဲ့တဲ့
တတိယအကြိမ် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာလည်း ရှာလီရဲ့
"The Good Son" ဇာတ်ကားကို ပါဝင်ပြသနိုင်ခဲ့ပြီး ပရိသတ်ရာကျော်လောက်ရဲ့ အားပေးမှုကို
ရရှိခဲ့ပါတယ်။

ဇာတ်ကားကို ဆုပေးပွဲရဲ့ အောင်ဆန်းဆုကြည်ဆု (နိုင်ငံတကာ) အတွက် တခြားနိုင်ငံတကာ
ရုပ်ရှင်တွေနဲ့အတူ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတော့ မချိတ်နိုင်ခဲ့ပါဘူး။

"ဒီလိုမျိုး အံ့ဩဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့တာ ကျွန်မအတွက်
ထီဆုကြီးပေါက်သလိုပါပဲ။ ဒီရုပ်ရှင်ကိုပြဖို့အတွက် ဖိတ်စာရခဲ့တာကြောင့် အစ္စရေးကနေ
ဒီမြန်မာနိုင်ငံအထိ လာရောက်ခဲ့ရတဲ့အတွက်လည်း ၀မ်းသာပါတယ်။ ပြီးတော့ ကျွန်မ
ထင်မထားလောက်တဲ့ ပရိသတ်အရေအတွက်က ကျွန်မရုပ်ရှင်ကို လာကြည့်ကြတယ်
ဆိုတာကလည်း အင်မတန်မှ ၀မ်းသာဖို့ကောင်းပါတယ်"လို့ ဇွန်လ ၁၆ ရက်နေ့က
နေပြည်တော်ရုပ်ရှင်ရုံမှာ "The Good Son" ဇာတ်ကားကို ပထမဦးဆုံး အကြိမ်ပြသအပြီး
သတင်းစာရှင်းလင်းပွဲမှာ ရှာလီက ဆိုခဲ့ပါတယ်။

သူ့အနေနဲ့ နောက်ထပ်ဖန်တီးမှုတစ်ခုလို့ ခေါ်ရမယ့် အစ္စရေးမှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတစ်ခု
အကြောင်းကို လျှို့ဝှက်သည်းဖိုမှတ်တမ်း ရုပ်ရှင်ကားတစ်ကားအဖြစ် ရိုက်ကူးသွားမယ်လို့လည်း
ဆိုပါတယ်။

ဒီမှတ်တမ်းကားကိုတော့ သားရဲ့သေဆုံးမှုကို ဖခင်ကိုယ်တိုင် ထောက်လှမ်း စုံစမ်းတဲ့
ဇာတ်လမ်းတစ်ခုအကြောင်းကို အခြေခံထားတာဖြစ်ပြီး ဒီဇာတ် လမ်းရိုက်ကူးဖို့အတွက်
အချိန်နှစ်နှစ်ခွဲလောက် ပြင်ဆင်ခဲ့ရတဲ့အပြင် နောက်ထပ်နှစ်နှစ်လောက်ကြာမှ ထုတ်လုပ်နိုင်မယ်
လို့လည်း ဆိုပါတယ်။

'အော်'ရဲ့အကြောင်းကို ဆက်ပြောရမယ်ဆိုရင်တော့ လိင်ပြောင်းပြီး အမျိုးသမီးတစ်ဦးအဖြစ်
ခံယူလိုက်တဲ့ 'အော်'က တစ်လကြာခွဲစိတ်မှုအပြီးမှာ ဇာတိမြေ အစ္စရေးကိုပဲ ပြန်လာခဲ့ပါတယ်။

'မစ္စတာ'ကနေ 'မစ္စ'အဖြစ် ပြောင်းလဲလိုက်တဲ့ 'အော်'ကို ပထမတော့ မိဘတွေကတွေ့ဖို့၊
လက်ခံဖို့ အင်မတန်မှ ခက်ခဲခဲ့ပေမယ့် နောက်ဆုံးမှာတော့ သားသမီးအပေါ်ထားရှိတဲ့ မိဘရဲ့
ချစ်ခြင်းမေတ္တာက အနိုင်ရသွားခဲ့ပြီး ပြန်ပြီးလက်ခံခဲ့ပါတယ်။

ဒါပေမဲ့ 'အော်'က အလုပ်နှစ်ခုလုပ်ပြီးတော့ ရတဲ့ဝင်ငွေနဲ့ သူ့မိဘတွေဆီက လိမ်လည်သုံးစွဲခဲ့တဲ့
ငွေတွေကို ပြန်ဆပ်ခဲ့သလို ဓာတုဗေဒဘာသာရပ်နဲ့လည်း ကျောင်းပြီးအောင်တက်နိုင်ခဲ့တဲ့အပြင်
တစ်ဆက်တည်းမှာပဲ သူ့ရဲ့ပထမဦးဆုံး အမျိုးသားချစ်သူနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

မြန်မာပရိသတ်တော်တော်များများကတော့ ဒီဇာတ်လမ်းလေးကို နိုင်ငံတွင်းမှာ မှတ်တမ်းရုပ်ရှင်
အဖြစ် မရိုက်ကူးဖူးသေးတဲ့၊ မတွေ့ဖူးသေးတဲ့ လိင်ပြောင်းတဲ့ သူတွေအနေနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့
အဖြစ်အပျက်တစ်ခုအနေနဲ့ မှတ်ယူအားပေးကြပေမယ့် ရှာလီကတော့ အဲဒီလို မယူဆပါဘူး။

"ဒီမှတ်တမ်းရုပ်ရှင်လေးက ကိုယ်တကယ်မြတ်နိုးချစ်ခင်တဲ့ သူတစ်ယောက်ကို ခွင့်လွှတ်
နားလည်ပေးပြီး ဘာပဲဖြစ်နေဖြစ်နေ နောက်ဆုံး သူ့အပေါ် လက်ခံပေးနိုင်မှုဆိုတဲ့ ချစ်ခြင်းမေတ္တာကို
ဖော်ကျူးထားတဲ့ ဇာတ်လမ်းလေးပါ။ လိင်ပြောင်းတာ တစ်ခုတည်းကိုပဲ အသားပေးပြထားတာ
မဟုတ်ပါဘူး"လို့ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်