အိမ်ခြေမဲ့တွေ ဣနြေ္ဒပျက်ရတဲ့ မိုးရာသီ

ရန်ကုန်မြို့တွင်း တစ်နေရာမှာ တွေ့ရတဲ့ အိမ်ခြေမဲ့များ။ သီရိလူ/မြန်မာတိုင်း(မ်)ရန်ကုန်မြို့တွင်း တစ်နေရာမှာ တွေ့ရတဲ့ အိမ်ခြေမဲ့များ။ သီရိလူ/မြန်မာတိုင်း(မ်)

မိန်းမငယ်လေးတစ်ယောက် ထိုင်အလှပြင်နေရင်း ဘေးနားက ဆော့နေတဲ့ ကလေးငယ်တွေကို
သူ့အလှကုန်တွေကို လာမကိုင်ဖို့ အော်ပြောနေပါတယ်။

မိန်းကလေးက ရေမိုးချိုးပြီးခါစ လန်းဆန်းနေတာမို့ သူ့စိတ်ကြိုက် မိတ်ကပ်နဲ့ သနပ်ခါးဘူးတွေကို
ဖွင့်ပြီး စိမ်ပြေနပြေ ထိုင်အလှပြင်နေတာပါ။

ဒါပေမဲ့ သူထိုင် အလှပြင်နေတဲ့နေရာက သူ့အိမ်ခန်း၊ သူ့အိမ်၊ တစ်စုံတစ်ယောက်အိမ်တစ်အိမ်မှ
မဟုတ်ဘဲ လူသွားလူလာတွေနဲ့ ရှုတ်ရှက်ခပ်နေတဲ့ ရန်ကုန်မီးရထားဘူတာကြီးရဲ့ ပလက်ဖောင်း
တစ်ခုပေါ်မှာပဲ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်ရှိပြီဖြစ်တဲ့ သူ့နာမည်က မြတ်သဇင် ဖြစ်ပေမယ့် သူ့ကိုသိတဲ့ လူတိုင်းကတော့
"သေးသေး" လို့ပဲခေါ်ကြပါတယ်။

သေးသေးတို့ မိသားစုဟာ တားမြစ်ချက်တွေကို မသိကျိုးကျွံပြုပြီး ရန်ကုန်ဘူတာကြီးမှာ
နေထိုင်လာတာ ခုနစ်နှစ်ကျော်ပါပြီ။

"ဒီနေ့တော့ မိုးရွာမယ့်ပုံ သိပ်မပေါ်ဘူး။ ညကျရင် ကောင်းကောင်းအိပ်ရတော့မယ်"လို့
ရပ်နားထားတဲ့ မီးရထားနဲ့ စင်္ကြံအမိုးစွန်းတို့ လွတ်နေတဲ့ ကောင်းကင်ကို လှမ်းကြည့်ရင်း
သေးသေးက ပြောလိုက်ပါတယ်။

ရပ်ထားတဲ့ရထားက ည ၈ နာရီခွဲမှာ ရန်ကုန်ဘူတာကြီးကနေ နေပြည်တော်ကို ထွက်ခွာမှာဖြစ်ပြီး
ရထားမထွက်ခင် အချိန်ကိုက်ပြီး သေးသေးတစ်ယောက် မြန်မြန်ဆန်ဆန် အလှပြင်နေတာ
ဖြစ်ပါတယ်။

"သူငယ်ချင်းတွေကတော့ ဟိုဘက်နားမှာ ဆော့နေကြတယ်။ သမီးသနပ်ခါး လိမ်းပြီးရင်တော့
သူတို့နဲ့ ရေသန့်ရောင်းဖို့ ပြင်ကြရတော့မယ်"လို့ ဘူးထဲက သနပ်ခါးကိုယူပြီး လက်ဖ၀ါးထဲမှာ
ရေနည်းနည်းနဲ့ ဖျော်ရင်း ပြောလိုက်ပါတယ်။

မောင်နှမ ခြောက်ယောက်မှာ အငယ်ဆုံးဖြစ်တဲ့ သေးသေးက မီးရထား ဘူတာရုံမှာ ခုလိုနေရတာ
မရှက်ပေမယ့် သူ့အထက်က အစ်ကိုကတော့ နေစရာ အိမ်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့
စစ်ထဲဝင်သွားခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ မေလမှာ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဟာ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသနဲ့
ရန်ကုန်တိုင်းကိုပါ တိုက်ခတ်ခဲ့ပြီး သေးသေးတို့ နေထိုင်တဲ့ ပုဇွန်တောင်မြို့နယ်၊ ရထားလမ်းဘေးက
ကျူးကျော်တဲတွေပါ မကျန် လှဲဖြိုခံခဲ့ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဦးစီးပြီး မုန်တိုင်းဒဏ်ခံရတဲ့ အပျက်အစီးတွေကို
ရှင်းလင်းတဲ့အခါ ပိုင်ဆိုင်ကြောင်းမပြနိုင်တဲ့ ကျူးကျော်တဲအိမ်တွေကိုတော့ ပြန်ပြီးဆောက်လုပ်ခွင့်
မပြု တော့ပါဘူး။

အဲဒီအချိန်ကစလို့ ရန်ကုန်ဘူတာကြီးရဲ့ ပလက်ဖောင်းဟာ သေးသေးတို့ရဲ့အိမ် ဖြစ်လာပါတော့
တယ်။

"ရေလား..။ ညဘက်မှာ အချိန်ကြာကြာ ဒီမှာလာရပ်တဲ့ မီးရထားတွဲတွေရဲ့ အိမ်သာခန်းထဲက
ရေတွေကိုဖွင့်ပြီး ခပ်ရတယ်။ ဒါပေမဲ့ မီးရထားရဲတွေ တွေ့ရင်တော့ အော်ထုတ်တတ်လို့
မြန်မြန်ခပ်ရတယ်"လို့ သေးသေးက မနီးမဝေးမှာ ရေပုံးထဲကရေတွေကို ခပ်ချိုးနေတဲ့ သူ့အမေကို
လှမ်းကြည့်ရင်း သူတို့ရဲ့ရေရရှိမှုကို ရှင်းပြပါတယ်။

ဘူတာရုံရဲ့ ပလက်ဖောင်းတစ်လျှောက်မှာ အိမ်ခြေမဲ့မိသားစု ၁၀ စုထက် မနည်း နေထိုင်ကြပြီး
ချိုးရေ၊ အ၀တ်လျှော်ဖွပ်ဖို့အတွက် သုံးရေနဲ့ ထမင်းဟင်းချက်ဖို့ ရေသုံးစွဲမှု အတွက်ကိုတော့
ခေတ္တရပ်နားတဲ့ မီးရထားတွဲ သန့်စင်ခန်းတွေရဲ့ ရေဘုံဘိုင်တွေကတစ်ဆင့် ရယူကြပါတယ်။

မိုးရာသီဟာ တစ်နွေလုံးမြင့်မားခဲ့တဲ့ အပူရှိန်တွေကို လျှော့ချပေးပြီး မိုးစက်တွေနဲ့
အေးမြလန်းဆန်းစေပေမယ့် သေးသေးတို့ မိသားစုအပါအ၀င် ရန်ကုန်မြို့က အိမ်ခြေရာမဲ့သူတွေ
အတွက်တော့ ဆန့်ကျင်ဘက်ပါပဲ။

မိုးတွင်းကာလဟာ သူတို့အတွက် အခက်အခဲတွေကြားထဲက ပိုပြီးခက်ခဲတဲ့ ကာလတစ်ခုပါပဲ။

ဘေးဘက်ဝဲယာကနေ ကျလာတဲ့ မိုးစက်တွေကြောင့် ဘူတာရုံတံစက်မြိတ်အောက်မှာ
မိသားစုတွေ တိုးဝှေ့ထိုင်ရင်း မိုးလင်းရတဲ့ ညတွေကြောင့် မိုးသည်းလို့ ညဘက်အိပ်ရတာ
အေးချမ်းတယ်လို့ သတ်မှတ်တဲ့ လူ့အသိုင်းအ၀ိုင်းနဲ့တော့ ခံစားချက်ချင်း ပြောင်းပြန်ဖြစ်နေပါလိမ့်
မယ်။

"မိုးရွာတာက နေ့ခင်းပိုင်းဆိုရင်တော့ ကိစ္စမရှိပါဘူး။ သမီးတို့ ဒီလိုပဲ ရထားပေါ်တက်
ဈေးရောင်းလိုက်၊ မိုးခိုလိုက်နဲ့ နေလို့ရပေမယ့် ညဘက်တွေကတော့ စိတ်ညစ်ဖို့ကောင်းတယ်"လို့
သေးသေးက ပြောပါတယ်။

ပလက်ဖောင်းပေါ် စောင်ကိုယ်စီခြုံရင်း တန်းစီအိပ်ရတဲ့ သေးသေးတို့ မိန်းမငယ်လေးတွေကို
မိုးအပြင် အလစ်သုတ်သမားနဲ့ တဏှာရူးတွေနဲ့ အနှောင့်အယှက်ကဝေးအောင် မိခင်တွေခမျာ
မိုးအေးအေးမှာ မအိပ်ဘဲ ထိုင်စောင့်ကြရပါတယ်။

"တစ်နေ့လုံးပင်ပန်းတော့ အိပ်ပျော်နေတဲ့အချိန် ဘယ်သူ ကိုယ့်ကို လာကိုင်လည်း
မသိတော့ဘူးလေ။ မိုးဖွဲဖွဲရွာရင် အိပ်ပျော်သွားတတ်တော့ အဖေနဲ့ အမေကြား ၀င်အိပ်ရတယ်"လို့
သေးသေးက ပြောပါတယ်။

ရန်ကုန်မြို့တွင်း တစ်နေရာမှာ တွေ့ရတဲ့ အိမ်ခြေမဲ့များ။ သီရိလူ/မြန်မာတိုင်း(မ်)ရန်ကုန်မြို့တွင်း တစ်နေရာမှာ တွေ့ရတဲ့ အိမ်ခြေမဲ့များ။ သီရိလူ/မြန်မာတိုင်း(မ်)

သူ့ရဲ့အဖြစ်ချင်ဆုံးဆန္ဒက သူ့အမေ ကတိပေးထားတဲ့အတိုင်း အဖေ့ရဲ့အမွေဆိုင်အိမ်
ရောင်းပြီးတဲ့အခါ ရတဲ့ငွေနဲ့ အိမ်ခန်းလေး ငှားနေနိုင်ဖို့ပါပဲ။

ပထမအိမ်ထောင်လည်းရှိတဲ့ သူ့အဖေရဲ့ဝေစုကို မများရင်တောင် အိမ်ခန်းလေးတစ်ခန်းလောက်
ငှားနေနိုင်ဖို့ ဖြစ်တန်ကောင်းပါရဲ့တဲ့။

"ဒီမှာ အသစ်ရောက်လာတဲ့ ရဲမှူးက အရမ်းအပေါက်ဆိုးတယ်။ ခွင့်မပြုဘဲ ဒီမှာဆက်နေမယ်ဆိုရင်
ထောင်လေးလချမယ်လို့ ပြောထားပေမယ့် ခုထက်ထိတော့ ဘယ်သူမှလည်း
အဖမ်းမခံရသေးပါဘူး"လို့လည်း သေးသေးက အပူပင်ကင်းကင်းပဲ ပြောပါတယ်။

ကိုနေမင်းတို့ မိသားစုကတော့ လွန်ခဲ့တဲ့သုံးနှစ်က ရန်ကုန်ဘူတာကြီးမှာ နေခဲ့ဖူးပါတယ်။

ဒါပေမဲ့ မိုးရာသီမှာ သူ့ကလေးငယ်တွေ ဒုက္ခရောက်လွန်းတာကြောင့် အခန်းကျဉ်းလေးတစ်ခု
ငှားရမ်းနေနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။

ဝင်ငွေမရှိတဲ့ အခြေအနေကို ဖြတ်ကျော်ဖို့ ကိုနေမင်းတို့မိသားစုဟာ ပြီးခဲ့တဲ့ သုံးနှစ်ကျော်က
မွေးရပ်ဇာတိ ကရင်ပြည်နယ်က ထွက်ခွာလာကြပြီး ရန်ကုန်ဘူတာကြီးမှာ နေခဲ့ကြတာဖြစ်ပါတယ်။

"ပလက်ဖောင်းပေါ်မှာ နေရတာ မိုးတွင်းဆို ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေနဲ့ မိုးကလည်း
စိုနေတော့ ကလေးတွေအတွက် ဘယ်လိုမှ အဆင်မပြေဘူး" လို့ ကိုနေမင်းက ပြောပါတယ်။

ဒါကြောင့် သူအလုပ်ကြမ်းဝင်လုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တောင်းပန်ပြီး
နေထိုင်ခဲ့ရာက အလုပ်လုပ်ရင်း ၀ါသနာပါတဲ့ ပန်းချီဆေးရေးဖို့အတွက် ပိုက်ဆံစုခဲ့ပါတယ်။

လုပ်ငန်းခွင်ပြီးဆုံးချိန်မှာ သူတို့လက်ထဲ စုဆောင်းထားတဲ့ ပိုက်ဆံနဲ့ သံလျင်မြို့နယ်က
သဘာဝတရားရိပ်သာခြံဝင်းထဲမှာ အခန်းငယ်လေးတစ်ခန်း ငှားရမ်းနေထိုင်ခဲ့ပါတယ်။

၁၅ ပေx ၈ ပေ အခန်း ငယ် ငှားရမ်းခအတွက် တစ်လကို ကျပ်တစ်သောင်းခွဲ ပေးရပါတယ်။

ပန်းချီကားငယ်လေးတွေနဲ့ စက္ကူပေါ်လက်တွေ့ရေးဆွဲတဲ့ ပန်းချီကား ရောင်းချတဲ့အလုပ်ကို
ဗိုလ်ချုပ်ဈေးရှေ့မှာ လင်မယားနှစ်ယောက်စလုံး လုပ်ကိုင်နေကြပြီး ကလေးငယ်တွေနဲ့အတူ
ညနေတိုင်း အခန်းငယ်ဆီကို ဘတ်စ်ကားနှစ်နာရီကြာစီးပြီး ပြန်ကြပါတယ်။

"ကျွန်တော်တို့ ဘတ်စ်ကားစီးရခက်တာ၊ တစ်နေကုန် လမ်းဘေးမှာ မိသားစုနဲ့ ပန်းချီကားလေးတွေ
ရောင်းရတာ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ပန်းချီကားတွေ မိုးစိုမှာ၊ ညဘက်တစ်ခန်းလုံး မိုးရေယိုမယ့်
မိုးညတွေကိုပဲ ကြောက်တာ"လို့ ကိုနေမင်းက ပြောပါတယ်။

မိုးတွင်းမှာ မိသားစုရှိသူတွေ ပူပင်ကြရသလို တစ်ကိုယ်ရည်တစ်ကာယ သမားတွေလည်း
ကျောချစရာနေရာ မရှိတဲ့အခါ အခက်ကြုံရပါတယ်။

ကိုကျော်စိုးကတော့ လှိုင်မြို့နယ်ထဲက ဆိုက်ကားသမားတစ်ယောက် ဖြစ်ပါတယ်။

အလယ်ပိုင်းဒေသ နတ်မောက်မြို့ကနေ တစ်ယောက်တည်း ထွက်လာတဲ့ ကိုကျော်စိုးဟာ
ဆိုက်ကားနင်းလို့ ၀မ်းစာရှာပြီး ဆိုက်ကားဂိတ်မှာပဲ အိပ်ပါတယ်။

ဒါပေမဲ့ ခုလို မိုးရာသီမှာတော့ ကိုကျော်စိုးအတွက် ညအိပ်ဖို့နဲ့ ဆိုက်ကားသိမ်းဖို့ ဈေးပေါတဲ့
အဆောင်တစ်ခု လိုအပ်နေပါတယ်။

"တခြားအချိန်တွေနဲ့ မတူဘူး။ မိုးတွင်းက တစ်ညလုံးမိုးစိုပြီး ဂိတ်က အမိုးပဲရှိတော့ နေလို့မရအောင်
ချမ်းတယ်။ ဆိုက်ကားကိုလည်း မိုးရေထဲ ညတိုင်းရပ်လို့ အဆင်မပြေဘူး"လို့ ကိုကျော်စိုးက
ပြောပါတယ်။

အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ကိုကျော်စိုးက မိခင်ရဲ့နောက် အိမ်ထောင်နဲ့ အဆင်မပြေတာကြောင့်
လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ရန်ကုန်ရောက်လာပြီး စီးပွားရှာနေသူ ဖြစ်ပါတယ်။

"မိုးရာသီကတော့ ကျွန်တော် အမုန်းဆုံးရာသီပဲ။ နေဖို့ရော ဆိုက်ကားနင်းဖို့အတွက်ပါ
အဆင်မပြေဘူး။ လူတွေကလည်း မိုးရွာနေရင် သိပ်အပြင်မထွက်ကြဘူး"လို့ စိတ်ပျက်နေတဲ့
အသံနဲ့ ပြောပါတယ်။

ဗိုလ်ချုပ်လမ်းမပေါ်က အများသုံးရေအိမ်တွေရှေ့မှာ ပိုက်ဆံကောက်ရင်း ရေအိမ်အတွက်
ရေစက်တွေထားတဲ့ အခန်းလေးထဲမှာ နေထိုင်ခွင့်ရထားတဲ့ မသီတာ (အမည်လွှဲ)ရဲ့ဘ၀ကတော့
သေးသေးတို့ မိသားစု၊ ကိုနေမင်းတို့ မိသားစု၊ ဆိုက်ကားဆရာ ကိုကျော်စိုးတို့ရဲ့ဘ၀နဲ့ နှိုင်းယှဉ်ရင်
နတ်ဘုံနတ်နန်းပါပဲ။

စည်ပင်သာယာဝန်ထမ်းတစ်ဦးဖြစ်တဲ့ မသီတာက လွန်ခဲ့တဲ့ ရှစ်နှစ်ကတည်းက ဒီအများသုံး
အိမ်သာမှာ ပိုက်ဆံကောက်တဲ့ဝန်ထမ်းအဖြစ် အလုပ်လုပ်ရင်း မိသားစုနဲ့ အတူနေထိုင်နေတာ
ခုချိန်ထိပါပဲ။

အိမ်သာဝင်ခ တစ်ယောက် တစ်ရာကျပ်ကို ကောက်ခံနေတဲ့ မသီတာက သန့်ရှင်းသပ်ရပ်နေပြီး
ရှစ်ပေပတ်လည်လောက်ရှိတဲ့ ရေစက်ခန်းကို အခန်းဖွဲ့ထားတဲ့ သူတို့မိသားစုရဲ့ဂေဟာ
ကလေးကလည်း သပ်ရပ်နေပါတယ်။

"ကျွန်မက သိပ်စိတ်မပူတတ်ဘူး။ တကယ်လို့ ဒီမှာ နေလို့မရတော့ရင်လည်း အမေရှိတဲ့
ကြည့်မြင်တိုင်ဘက်ကို ပြန်ပြီး နေစရာရှာရမှာပေါ့။ နွေတွေ၊ မိုးတွေက အမြဲဖြစ်နေမှာပဲလေ။
စိတ်ပူနေရင် ကိုယ်ပဲ ပင်ပန်းမယ်။ ဒီလိုပဲ အဆင်ပြေပါတယ်"လို့ မသီတာက အိမ်သာဝင်ပေါက်မှာ
ထိုင်ခုံချ၊ သူ့လက်ထဲက စမတ်ဖုန်းနဲ့ ဂိမ်းဆော့နေရင်း တည်တည်ငြိမ်ငြိမ်ပဲ ပြောပါတယ်။

ရန်ကုန်မှာ အိမ်ခြေမဲ့မိသားစုတွေအတွက် နားခိုစရာနေရာတန်ဖိုးက ဆက်တိုက်မြင့်တက်နေတာမို့
အိမ်ငှားဖို့၊ အိမ်ဝယ်ဖို့တွေထက် လတ်တလော မိသားစုနေထိုင်နိုင်ဖို့အတွက်ပဲ သူ့အနေနဲ့
အာရုံစိုက်တယ်လို့ မသီတာက ဆိုလိုက်ပါသေးတယ်။

တစ်နေကုန် ခပ်အုံ့အုံ့အနေအထားဖြစ်နေတဲ့ မိုးတိမ်မည်းတွေက ညနေ စောင်းလာတာနဲ့အမျှ
ပိုထုထည်ကြီးမားရင်း နောက်ဆုံး မိုးစက်တွေအဖြစ် အရည်ပျော်ကျချိန်မှာတော့
မသီတာတစ်ယောက် သူနေထိုင်ရာ ရေစက် အခန်းငယ်လေးဆီကနေသာ အများသုံးအိမ်သာ
အ၀င်အထွက်ကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေပါတော့တယ်။

အဲဒီအချိန်မှာတော့ သေးသေးတစ်ယောက် မီးရထားတစ်စီးစီးထဲမှာ (သို့) စင်္ကြံတစ်နေရာရာမှာ
ခပ်ကုတ်ကုတ်လေးထိုင်ပြီး မိုးခိုနေမလားဆိုတာကတော့ ....။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်