Monday, April 24, 2017

မြန်မာပြည်မှာ စာသင်ကျောင်းတွေ ဆောက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား

နိုင်ငံတစ်ဝန်းမှာ စာသင်ကျောင်းမရှိတဲ့ကျေးရွာ ဘယ်နှရွာလောက်ရှိမယ်လို့ ထင်ပါသလဲ။
အများကြီးပါပဲ။ အဲဒီစာသင်ကျောင်းမရှိရှာတဲ့ ရွာတွေက ကလေးတွေအဖို့ ကျောင်းရှိတဲ့အရပ်ဆီ
ရောက်အောင်သွားရတဲ့ခရီးဟာ များသောအားဖြင့် ပန်းခင်းလမ်းတော့ မဟုတ်ပါဘူး။

မြစ်ဝကျွန်းပေါ်ဒေသမှာဆိုရင် ကလေးတွေဟာ လှိုင်းဒဏ်ကိုအန်တုပြီး လှေနဲ့ ကျောင်းတက်ရသလို
တောင်ပေါ်ဒေသက ကလေးငယ်တွေဟာလည်း မိုးတွင်းမှာ ရွှံ့တွေကြောင့် ချော်နေတဲ့
တောင်ဆင်းလမ်းအတိုင်း တောင်ခြေက ကျောင်းကလေးကို ခက်ခက်ခဲခဲနဲ့ သွားကြရပါတယ်။

ကျောင်းရောက်ပြန်တော့လည်း အကာအရံမလုံတဲ့ အဆောက်အအုံထဲမှာ ကြမ်းကြားကနေ
လှစ်ခနဲထွက်လာမယ့် ကင်းမြီးကောက်အန္တရာယ်လိုမျိုး ဘေးပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။

ဒီတော့ မြို့ပြမဟုတ်တဲ့ နေရာတွေတော်တော်များများမှာ အိမ်နဲ့ကျောင်း အလွန်အလှမ်းဝေးလွန်းတဲ့
ပြဿနာဟာ ကလေးတွေ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်နှုန်းမြင့်မားရတဲ့ အကြောင်းရင်းထဲ
တွေက တစ်ခုလို့ပြောမယ်ဆိုရင် ဒါဟာ ဟိုးယခင်ကတည်းက ကြားဖူးနေတဲ့ဇာတ်လမ်းတစ်ပုဒ်ပဲ
ဖြစ်ပါလိမ့်မယ်။

အမေရိကန်နိုင်ငံသားဖြစ်တဲ့ ရောဘတ်ကွန်းဝဲလ်ဟာ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလမှာ
ရှမ်းပြည်တောင်ဘက်ပိုင်းက တောင်တန်းတွေဆီ အလည်ရောက်သွားတဲ့အခါ ကျောင်းမရှိတဲ့
ရွာတွေက ကလေးငယ်တွေဟာ အဝေးကြီးအထိသွားပြီး ကျောင်းတက်ရတဲ့ အခက်အခဲတွေနဲ့
တချို့ရွာတွေမှာ ကျောင်းရှိပြန်တော့လည်း သက်ငယ်မိုးထားတဲ့ တဲသာသာကျောင်းတွေကို
တွေ့ခဲ့ရတာမို့ စိတ်ကူးတစ်ခုရခဲ့ပါတယ်။

သူ့စိတ်ကူးကတော့ ကျောင်းတကယ် လိုအပ်နေတဲ့ ကျေးရွာတွေနဲ့ ကျောင်းရှိပေမယ့်လည်း
လုံခြုံခိုင်ခံ့တဲ့ အဆောက်အအုံနဲ့ ကျောင်းမျိုးမရှိတဲ့ ကျေးရွာတွေမှာ ရွာခံတွေရဲ့ပံ့ပိုးပေးမှုနဲ့
ကျောင်းဆောက်လုပ် လှူဒါန်းပေးဖို့ပဲဖြစ်ပါတယ်။

ရောဘတ်ဟာ ဒေသခံတွေရဲ့လိုအပ်ချက်ကို ကောင်းကောင်းနားလည်တဲ့ အဲဒီဒေသက
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ရွာမှာ ကျောင်းတစ်ကျောင်း
ဆောက်လုပ်မယ်ဆိုရင် ကျပ် သိန်း၂၀၀ ခန့် ကုန်ကျမယ်ဆိုတာကို သိခဲ့ရပါတယ်။

ရောဘတ်ရဲ့စိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ၁၉၉၆ ခုနှစ်မှာ သူနဲ့အတူတူ
မြန်မာပြည်ကို လာရောက်လည်ပတ်ဖူးတဲ့ မိတ်ဆွေဖြစ်သူ Mr Andrew Lederer က ရန်ပုံငွေ
တွေကို ကူညီပြီး ရှာဖွေပေးခဲ့ပါတယ်။

ကျောင်းတစ်ကျောင်းဆောက်ဖို့ ငွေပြည့်သွားတဲ့အခါ Build a School in Burma လို့ အမည်ရတဲ့
အဖွဲ့ကို တည်ထောင်ခဲ့ပြီး ကလောမြို့နယ်၊ နန်းဩကျေးရွာမှာ သူတို့အဖွဲ့ရဲ့ ပထမဆုံး
အခြေခံပညာမူလတန်းကျောင်းကလေးကို တည်ဆောက်ပေးခဲ့ပါတယ်။

ကျောင်းဆောက်လုပ်တာဟာ ၂၀၁၁ ခုနှစ်၊ မတ်လမှာ ပြီးစီးခဲ့ပါတယ်။

"၂၀၁၀၊ပြည့်နှစ်တုန်းက ကျွန်တော် ရှမ်းပြည်တောင်ပိုင်းက တောင်တန်းတွေဆီ
အလည်ရောက်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ ရွာတွေမှာ စာသင်ကျောင်း
လုံးဝ မတွေ့ခဲ့ရပါဘူး။ စာသင်ကျောင်းရှိတဲ့ ရွာတချို့ ဆိုလည်း စာသင်ကျောင်းအဆောက်အအုံဟာ
သက်ငယ်မိုးထားတဲ့ တဲလေးတွေပါပဲ"လို့ သူ့ခရီးစဉ်ကနေ သိရှိခဲ့ရပုံကို ရောဘတ်က
ပြောပြပါတယ်။

နေထိုင်ရာ အမေရိကန်နိုင်ငံကနေ မြန်မာနိုင်ငံဆီ မကြာခဏလာရောက်ဖြစ်တဲ့ ရောဘတ်က
ကုမ္ပဏီတစ်ခုမှာ စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အငြိမ်းစား
ယူလိုက်ပြီဖြစ်ပါတယ်။

Build a School in Burma အဖွဲ့ကို သူ့ရဲ့ ပင်စင်ငွေ၊ သမီးဖြစ်သူ ရို့စ် (တက္ကသိုလ်ကျောင်းသူ
တစ်ဦးဖြစ်ပြီး ကျောင်းဆောက်လုပ်လှူဒါန်းနိုင်ဖို့အတွက် အချိန်ပိုင်းအလုပ်ဆင်းပြီး အပိုဝင်ငွေ
ရှာပေးသူ) နဲ့ Andrew Lederer တို့လို သူ့ရဲ့မိတ်ဆွေတွေ ထည့်ဝင်တဲ့ အလှူငွေတွေနဲ့
တည်ထောင်ခဲ့တာဖြစ်ပါတယ်။

"ဝေးလံတဲ့ဒေသက ကျေးရွာတွေမှာ ကျောင်းတွေ မရှိကြပါဘူး။ ဒါကြောင့် ရွာက ကလေးတွေက
ကျောင်းရှိတဲ့ ကျေးရွာဆီ အဝေးကြီးသွားရတာ အန္တရာယ်အလွန်များပါတယ်။ မူလတန်းကျောင်းရှိတဲ့
ကျေးရွာတွေက ကလေးတွေဆိုလည်း အလယ်တန်းရောက်တဲ့အခါ ကျောင်းရှိတဲ့ရွာမှာ
ကျောင်းအိပ်ကျောင်းစား သွားနေရတာကို တွေ့ရပါတယ်။ အဲဒီအခါ ကျောင်းစရိတ်တင်မကဘူး၊
နေစရိတ်နဲ့ စားစရိတ်ပါ ကုန်ကျတဲ့အခါ မတတ်နိုင်တဲ့ မိသားစုတွေက ကလေးကို ကျောင်းမလွှတ်
တော့ပါဘူး။ အစိုးရက အခမဲ့ပညာရေးလို့ ပြဋ္ဌာန်းထားပေမယ့် အစိုးရ ကျောင်းတွေမှာတော့
ငွေကြေးအနည်းငယ်တော့ ကောက်ခံနေတုန်းပါပဲ။ မိဘတွေကလည်း စာအုပ်ဖိုး၊ ကျောင်းဝတ်စုံဖိုးနဲ့
အခြားကုန်ကျစရိတ်တွေ ရှိနေတုန်းပါပဲ။ ဒီလို အထွေထွေကုန်ကျစရိတ်တွေ မတတ်နိုင်တာကြောင့်
ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်တဲ့ကလေးတွေ များလာတာဖြစ်တယ်"လို့ ရောဘတ်က
ပြောပါတယ်။

United Nations Human Development Index ရဲ့ အဆိုအရ မြန်မာပြည်က ကလေးတွေဟာ
ကျေးရွာမှာ အလယ်တန်းကျောင်း မရှိတာကြောင့် မူလတန်းပြီးတာနဲ့ ကျောင်းထွက်လေ့
ရှိကြပါတယ်။

ပညာမပြည့်စုံတာကြောင့် ကလေးငယ်တွေဟာ အရွယ်မတိုင်ခင် လူကုန်ကူးခံရဖို့ အခွင့်အလမ်း
များကြပြီး မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ လယ်လုပ်ငန်းတွေထဲက ရုန်းမထွက်သာ
ဖြစ်ကြရပါတယ်။

မြန်မာပြည်ရဲ့ ပညာရေး အခြေအနေဟာ တခြားအာဆီယံနိုင်ငံတွေထက် များစွာနိမ့်ကျနေတာမို့
မြန်မာပြည်မှာလာပြီး ကျောင်းဆောက်လုပ် လှူဒါန်းပေးတာလို့ သူ့ရည်ရွယ်ချက်ကို ရောဘတ်က
ပြောပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်