စင်ကာပူမှာ သွားရောက်ယှဉ်ပြိုင်မယ့် မြန်မာ သက်ငယ်အလှမယ်လေး

မေမေ မအိဖြိုးပွင့်နဲ့ သမီးလေး ရှင်းသန့်ဖြူစင်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)မေမေ မအိဖြိုးပွင့်နဲ့ သမီးလေး ရှင်းသန့်ဖြူစင်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

သက်ငယ်တန်း မစ္စနဲ့ မစ္စတာ ရွေးချယ်ပွဲ "Prince and Princess International 2015" ကို
စင်ကာပူနိုင်ငံမှာ ဇူလိုင်လ ၂၄ ရက်နေ့ စတင် ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံကို ကိုယ်စားပြု
သွားရောက်ယှဉ်ပြိုင်မယ့်သူ တစ်ဦးဖြစ်တဲ့ အသက် ခုနစ်နှစ်အရွယ် သမီးလေး ရှင်းသန့်ဖြူစင်
ကတော့ အဆင်သင့်ဖြစ်နေပါပြီ။

အာရှနိုင်ငံတွေက ပါဝင်ကြတဲ့ဒီပွဲကြီးမှာ Mr and Ms Teen ၊ Mini Mr and Mini Ms နဲ့ Little Mr
and Little Ms ဆိုပြီး ပုံစံသုံးမျိုး ခွဲခြားထားပါတယ်။

အသက်အရွယ်ကိုတော့ ခုနစ်နှစ်ကနေ ၁၂ နှစ်အတွင်း သတ်မှတ်ထားပြီး ရှင်းသန့်ဖြူစင်ကတော့
Little Ms ပြိုင်ပွဲဝင်တစ်ဦး ဖြစ်ပါတယ်။

ခုလိုပြိုင်ပွဲဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး Miss Asia Pacific World ရဲ့ နေရှင်နယ်ဒါရိုက်တာဖြစ်တဲ့
မလှနုထွန်းက သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ပြိုင်ပွဲဝင် ကလေးငယ်တွေကို ပြီးခဲ့တဲ့လက
စတင်ဖိတ်ခေါ်ခဲ့တာကြောင့် ဓာတ်ပုံတွေပို့ဖြစ်ခဲ့တယ်လို့ ရှင်းသန့်ဖြူစင်ရဲ့ မိခင်ဖြစ်တဲ့ မအိဖြိုးပွင့်က
မြန်မာတိုင်း(မ်)ကို ပြောပြပါတယ်။

ဓာတ်ပုံတွေ ပို့ပေးခဲ့တဲ့နောက် မနုလှထွန်းက ရှင်းသန့်ဖြူစင်ကို လူချင်း တွေ့ဆုံစစ်ဆေးခဲ့ပါတယ်။

"သမီးလေး အရွေးခံရတော့ အံ့ဩပြီး ပျော်လည်းပျော်သွားတယ်။ သမီးမှာ အရင်ကတည်းက
လူမကြောက်တတ်တဲ့အပြင် လုပ်နိုင်တဲ့ စွမ်းရည်ရှိနေတယ်လို့ ခံစားမိထားတယ်လေ"လို့
မအိဖြိုးပွင့်က ပြောပါတယ်။

သမီးအရွေးခံရပုံကို မလှနုထွန်းထံကနေ ပြန်သိရတာကိုလည်း "သမီးကို သူ့ဆရာမက
အင်တာဗျူးတော့ 'Swim Suit ရှိလား' မေးလိုက်တာ၊ 'သမီးက one or two pieces' လို့
ပြန်ဖြေတယ်တဲ့။

'ကလေးကိုယ်တိုင် ပြိုင်ပွဲအပေါ် အရမ်းစိတ်ဝင်စားတယ်' လို့ ဆရာမက ပြန်ပြောပြတယ်"လို့
မအိဖြိုးပွင့်က ပြောပြပါတယ်။

Alba နိုင်ငံတကာကျောင်းမှာ year III တက်နေတဲ့ ရှင်းသန့်ဖြူစင်က အင်္ဂလိပ်စကားကို
အဆင်ပြေအောင် ပြောဆိုနေနိုင်တာမို့ ပြိုင်ပွဲမှာ အမေးအဖြေကဏ္ဍအတွက် မလှနုထွန်းနဲ့အတူ
လေ့လာနေပါတယ်။

ပြည်တွင်းက တေးရေးသူတစ်ယောက် ရေးစပ်ပေးထားတဲ့ ငြိမ်းချမ်းရေးသီချင်း (အင်္ဂလိပ်ဘာသာ)
ကို ပြိုင်ပွဲမှာ သီဆိုပြမှာဖြစ်သလို မြန်မာ့ရိုးရာ 'သူငယ်တော်' အကကိုလည်း
ကပြတင်ဆက်သွားမှာ ဖြစ်ပါတယ်။

အားကစားဝတ်စုံ၊ ရိုးရာဝတ်စုံ၊ ပွဲတက်ဝတ်စုံတွေနဲ့ လမ်းလျှောက်ပြတဲ့ အစီအစဉ်လည်း
ပါဝင်တာမို့ ခုချိန်မှာ cat walk လျှောက်နည်း လေ့ကျင့်ခန်းတွေ လုပ်နေပြီး ကျောင်းကိုတော့
ပြိုင်ပွဲရက်လောက်ပဲ ခွင့်ယူမယ်လို့ မအိဖြိုးပွင့်က ပြောပါတယ်။

သမီးလေး ရှင်းသန့်ဖြူစင်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)သမီးလေး ရှင်းသန့်ဖြူစင်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

"သူငယ်တော်အကက ယဉ်ကျေးမှုတက္ကသိုလ်ကဆရာမနဲ့ သင်ပေးနေတယ်။ သူ တကယ်
ဝါသနာပါတာက ပန်းချီဆွဲတာ ဆိုပေမယ့် ပြိုင်ပွဲမှာတော့ ပန်းချီမပါဘူး။ သီချင်းကတော့
သူအရင်ကတည်းက အမျိုးတွေ မွေးနေ့မှာ ဆိုနေကျဆိုတော့ အဆင်ပြေနေပါပြီ"လို့ ဆိုပါတယ်။

မိခင်တစ်ယောက်အနေနဲ့ အာရှနိုင်ငံက ပြိုင်ပွဲဝင်ကလေးတွေကို ကြည့်ပြီး သမီးဖြစ်သူအတွက်
စိတ်လှုပ်ရှားနေပုံပေါ်ပေမယ့် တကယ် ပြိုင်ပွဲဝင်ရမယ့် ရှင်းသန့်ဖြူစင်လေးကတော့ ပေါ့ပေါ့ပါးပါး၊
ပျော်ပျော် ရွှင်ရွှင်ပါပဲ။

"အခု သူငယ်တော်အကကို သမီးအားတဲ့ အချိန်တွေမှာ လေ့ကျင့်နေပါတယ်ရှင့်။
ပင်ပန်းပါတယ်ရှင့်"လို့ ရှင်းသန့်ဖြူစင်က လူကြီးလေးလို ခပ်တည်တည်ပဲ ပြောပါတယ်။

"ဆုရမယ်ထင်လား"ဆိုတဲ့ မေးခွန်းကို မဖြေဘဲ ပြုံးစိစိလုပ်နေတဲ့ ရှင်းသန့်ဖြူစင်လေးက
"ရွယ်တူကလေးတွေ အများကြီးနဲ့ တွေ့ရမှာဆိုတော့ သူငယ်ချင်းတွေ ဖြစ်လာမှာလား"ဆိုတဲ့
မေးခွန်းကိုတော့ "သမီး ဖြစ်ချင်ဖြစ်လိုက်မှာပေါ့ရှင့်"လို့ မဆိုင်းမတွ ခပ်သွက်သွက်ဖြေပါတယ်။

ရှင်းသန့်ဖြူစင်နဲ့ သူ့မိခင်တို့ဟာ စင်ကာပူနိုင်ငံကို ၂၂ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ပြိုင်ပွဲဝင်တွေ ပါဝင်နိုင်အောင် စီစဉ်ပေးတဲ့ မလှနုထွန်းက ခုကလေးပြိုင်ပွဲကို
တကယ့်အကြီးတန်း အလှမယ်ပြိုင်ပွဲတွေလို သဘောမထားဘဲ ကလေးတွေရဲ့ အသိပညာ
စွမ်းရည်တိုးစေချင်လို့ စီစဉ်တာဖြစ်တယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ထိုင်းနဲ့ တခြားအာရှနိုင်ငံတွေက ကလေးတွေရဲ့ စွမ်းရည်တွေကလည်း အရမ်းကောင်းပြီး
သူတို့မှာ အတွေ့အကြုံတွေလည်း ရှိနေပြီးသားဆိုတော့ ကျွန်မတို့ ဆုရမယ်၊ မရဘူးဆိုတာတော့
မမှန်းနိုင်သေးပါဘူး"လို့ မလှနုထွန်းက ပြောပါတယ်။

"နိုင်ငံတကာပြိုင်ပွဲကို သွားရပြီဆိုကတည်းက ကလေးတွေရဲ့စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုတွေ ရှိလာမယ်၊ တခြားကလေးတွေ ဘယ်လိုတော် နေတယ်ဆိုတာလည်း
မြင်တွေ့နိုင်မယ်လေ။ ဒါကြောင့် ဆုဆိုတာထက် ကလေးတွေရဲ့စွမ်းရည် မြှင့်တင်တဲ့
သဘောပါ" လို့လည်း ဆိုပါတယ်။

ကလေးတွေ ရေကူးဝတ်စုံဝတ်ရမှာနဲ့ ပတ်သက်ပြီး တကယ်တမ်းက အားကစားဝတ်စုံပဲ ၀တ်ရမှာ
ဖြစ်ပါတယ်လို့ ပြန်ရှင်းပြပါတယ်။

"ဘူဂေးရီးယားနဲ့ အနောက်နိုင်ငံတော်တော် များများမှာလည်း ကလေးတွေအတွက် ခုလိုပြိုင်ပွဲတွေ
လုပ်နေကြပါတယ်။ ကျွန်မတို့က ကလေးတွေကို မိတ်ကပ်တွေ၊ နှုတ်ခမ်းနီနီရဲရဲ ဆိုးပေးပြီး
တကယ့်အလှမယ်တစ်ယောက်လို စိတ်ဝင်စားအောင်လုပ်မှာ မဟုတ်ပါဘူး။ တခြားကလေးတွေ
ဗဟုသုတ ဘယ်လောက်ရှိပြီ၊ ကိုယ့်ကလေးတွေရဲ့စွမ်းရည် ဘယ်လောက်ရှိပြီဆိုတာကို
ဖလှယ်တဲ့ သဘောပါ"လို့ ရှင်းပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်