သံတိုင်တွေနောက်က အနုပညာလက်ရာတွေ

ဒီဓာတ်ပုံတွေက ၁၉၈၈ အရေးအခင်းကာလနဲ့ အစိုးရသစ် တက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်
အကြားမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေပြုလုပ်ခဲ့တဲ့ အနုပညာလက်ရာတွေနဲ့
တခြားပစ္စည်းလေးတွေကို မှတ်တမ်းတင်ထားတာတွေ ဖြစ်ပါတယ်။

ဒီပစ္စည်းတွေကို ၁၉၉၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ အကျဉ်းကျခဲ့တဲ့ အစိုးရဆန့်ကျင်
သူတစ်ဦးဖြစ်သူ ပန်းချီဆရာထိန်လင်း၊ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၂ ခုနှစ်အထိ အကျဉ်းကျခဲ့ပြီး
ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ထောက်တစ်ဦးဖြစ်ခဲ့သူ စာရေးဆရာမ မသိင်္ဂီ၊ ၁၉၉၉ ခုနှစ်ကနေ
၂၀၁၂ ခုနှစ်အထိ အကျဉ်းကျခဲ့ပြီး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ပန်းချီဆရာဆန်းဇော်ထွေးနဲ့
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာ)တို့ရဲ့ အကူအညီနဲ့ ရိုက်ကူးခဲ့တာ
ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပလတ်စတစ်စလေးတွေကနေစပြီး သတ္တုပြားတွေအထိ ရသမျှပစ္စည်းလေး
တွေကို သုံးပြီး မြန်မာနိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ ပြုလုပ်ထားတဲ့ အရာဝတ္တုတွေဟာ
ဖန်တီးတီထွင်မှုတွေကို ပြုလုပ်ခြင်းက ကြမ်းတမ်းခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ရာမှာ
လူတွေအတွက် ဘယ်လောက်အထိ အင်အားဖြစ်စေသလဲဆိုတာကို ပြသပေးနေပါတယ်။

"ပန်းချီဆွဲနေတဲ့အချိန်ဆို စကားလုံးနဲ့ မဖော်ပြနိုင်တဲ့ပုံတွေကို ကျွန်တော့် စိတ်ကူးထဲမှာ
ပုံဖော်ကြည့်နိုင်တယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အရာအားလုံးကို ကဗျာတစ်ပုဒ်လိုပဲ
ကျွန်တော်မြင်ရတယ်။ ဒီလိုနဲ့ ကျွန်တော်ပန်းချီဆွဲတယ်၊ အရောင်တွေကို ရှာဖွေခဲ့တယ်။
ပန်းချီရေးနေတဲ့ အချိန်ဆိုရင် ကျွန်တော့်ခေါင်းထဲမှာ ကျွန်တော်ရယ်၊ ကျွန်တော့် အနုပညာတွေရယ်ပဲ
ရှိနေတယ်။ အကျဉ်းထောင်ဆိုတာလည်း မရှိဘူး။ အစောင့်တွေလည်း မရှိဘူး။
ကျွန်တော့်စိတ်ထဲမှာ ကျွန်တော်ဟာ လွတ်မြောက်နေတယ်"လို့ ဆန်းဇော်ထွေးက ပြောပါတယ်။

ဧပြီလ ၄ ရက်နေ့ကစပြီး ပြုလုပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့
အချက်အလက်တွေအရ နိုင်ငံရေးအကျဉ်းသား ၁၇၂ ဦး အကျဉ်းကျနေဆဲဖြစ်ပြီး နိုင်ငံရေးတက်ကြွ
လှုပ်ရှားသူ ၂၉၆ ဦးဟာလည်း တရားခွင်ကြားနာမှုတွေကို စောင့်စားနေရတယ်လို့ သိရပါတယ်။

သရက်ထောင်မှာ အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြုလုပ်ခဲ့တဲ့ လက်လုပ်ဂီတာ
တစ်လက်ဖြစ်ပြီး ဆန်းဇော်ထွေး စုဆောင်းခဲ့တဲ့ ပစ္စည်းတွေထဲက တစ်ခုဖြစ်ပါတယ်။

ဂီတာရဲ့ fretboard ကို သစ်သားနဲ့ ပြုလုပ်ထားပြီး ကိုယ်ထည်ကိုတော့ သံဘူးခွံတစ်လုံးနဲ့
အသံညှိခလုတ်တွေကိုတော့ သွားပွတ်တံတွေနဲ့ ပြုလုပ်ထားတာပါ။


သတ္တုဇွန်းတွေ၊ ဓာတ်မီးခြစ်အပိုင်းအစတွေ၊ သွားပွတ်တံတွေ၊ သံတိုသံစတွေကို အသုံးပြုပြီး
ကလေးထောင်က အကျဉ်းသားတွေ ပြုလုပ်ထားတဲ့ အထွေထွေသုံး ဓားလေးတွေနဲ့
လက်မှုကိရိယာလေးတွေ ဖြစ်ပါတယ်။

ဒီပစ္စည်းတွေကို စုစည်းခဲ့သူကတော့ ၁၉၉၀ ပြည့်နှစ်မှာ လူငယ်အဖွဲ့ဝင်တစ်ဦးအဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို ၀င်ရောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ နိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ABFSU)ကို ပြန်လည်ဖွဲ့စည်းရာမှာ ပါဝင်ကူညီခဲ့သူ ဆန်းဇော်ထွေးပဲ
ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ အလုံမြို့နယ်မှာ သူငယ်ချင်းတစ်ဦးနဲ့
လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ တွေ့ဆုံခဲ့ပြီးအပြန်မှာ ရဲသုံးဦး က သူ့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။

နောက်မှ သိရတာကတော့ သူ့သူငယ်ချင်းက ရဲသတင်းပေးတစ်ဦး ဖြစ်နေပါတယ်။

ဆန်းဇော်ထွေးဟာ ထောင်ဒဏ် ၃၆ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ၁၂ နှစ်အကျဉ်းကျခဲ့ပြီးနောက်
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ လွတ်မြောက်
လာခဲ့ပါတယ်။

အကျဉ်းထောင်က လွတ်မြောက်ခဲ့ပြီးနောက် လူမှု အကျိုးပြု ပရဟိတသမားတစ်ဦးဖြစ်ဖို့အတွက်
သင်တန်းကျောင်းတွေ တက်ခဲ့ပါတယ်။

အခုအခါမှာတော့ ဆန်းဇော်ထွေးဟာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှာ
အကြံပေးဆွေးနွေးပေးသူ တစ်ဦးအဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းတွေအတွက်
ဆောင်ရွက်ပေးနေပါတယ်။

စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာတော့ မိဘမဲ့ကလေးတွေအတွက် အခမဲ့အနုပညာသင်တန်းတွေကို
ပြည်တွင်းက ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပြုလုပ်ပေးနေပါတယ်။


တောင်ကြီးထောင်မှာ အကျဉ်းကျနေစဉ် ဆန်းဇော်ထွေးကိုယ်တိုင် ရေးဆွဲခဲ့တဲ့
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းချီကား ဖြစ်ပါတယ်။

ဒီပန်းချီကားကို ကော်ဖီမစ်နဲ့ ဘီစကစ်ထုပ် အခွံတွေ၊ ပလတ်စတစ် အပိုင်းအစတွေ၊ စက္ကူတွေနဲ့
ပြုလုပ်ထားတာပါ။


၁၉၈၉ ခုနှစ်မှာ အကျဉ်းကျခံခဲ့ရတဲ့ ပထမဆုံး အင်န်အယ်လ်ဒီ ပါတီဝင်တွေထဲက တစ်ဦးဖြစ်တဲ့
တောင်ကြီးက ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုးက မသိင်္ဂီကိုပေးခဲ့တဲ့ တစ်ချောင်းထိုး
လက်ကိုင်ပ၀ါလေး ဖြစ်ပါတယ်။

မသိင်္ဂီရဲ့ပြောပြချက်အရ ဒေါ်ခင်မိုးမိုးဟာ မမှန်ကန်တဲ့ စွဲချက်တစ်ခုနဲ့ ဖမ်းဆီးခံခဲ့ရပြီး
ထောင်ခြောက်လ ကျခဲ့တယ်လို့ သိရပါတယ်။

၁၉၈၀ ပြည်နှစ်များနှောင်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ
မသိင်္ဂီဟာလည်း ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ၁၉၉၂ ခုနှစ်အထိ အကျဉ်းကျခံခဲ့ရပါတယ်။

မသိင်္ဂီဟာ ဒီလက်ကိုင် ပ၀ါလေးကို အိတ်ထဲမှာ အမြဲတမ်း သိမ်းထားခဲ့တာကြောင့်
သူ အင်းစိန်ထောင်ကို ရောက်သွားတော့လည်း လက်ကိုင်ပ၀ါလေးက သူနဲ့အတူ ရှိနေခဲ့ပါတယ်။

"ထောင်စောင့်က ကျွန်မပစ္စည်းတွေကို ရှာတုန်းက ဒီလက်ကိုင်ပ၀ါလေးကို
သေချာမကြည့်ခဲ့ဘူး"လို့ မသိင်္ဂီက ပြောပါတယ်။


ထောင်စောင့်တစ်ဦးကနေတစ်ဆင့် ခိုးသွင်းခဲ့တဲ့ ဆေးရောင်စုံတွေကို အသုံးပြုပြီး ပန်းချီဆရာ
ထိန်လင်းက အကျဉ်းထောင်ဝတ်စုံပေါ်မှာ ရေးဆွဲခဲ့တဲ့ ပန်းချီလက်ရာ တစ်ခု ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်၊ မေလမှာ စစ်အစိုးရရဲ့ ဖမ်းဆီးအကျဉ်းချခြင်း မခံရခင်မှာ ထိန်လင်းဟာ
ပန်းချီဆရာတစ်ဦး ဖြစ်ပါတယ်။

၁၉၈၈ ကျောင်းသား လှုပ်ရှားသူများစာရင်းမှာ ပါဝင်ခဲ့တဲ့အတွက် သူ့ကို ရဲတွေက ညသန်းခေါင်မှာ
အိမ်က လာခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။

အကျဉ်းကျနေစဉ်အတွင်းမှာ သူဟာ မီးခြစ်တစ်ခုကို ပန်းချီဆွဲတဲ့ တလိမ့်တုံးအသေးစားတစ်ခုအဖြစ်
အသုံးပြုပြီး ထောင်စောင့်တစ်ဦးကနေတစ်ဆင့် ခိုးသွင်းခဲ့တဲ့ ရောင်စုံဆေးတွေနဲ့ ကော်ဖီမစ်အိတ်ခွံ
တွေရဲ့ အတွင်းဘက်မျက်နှာပြင်တွေပေါ်နဲ့ အကျဉ်းထောင်ဝတ်စုံတွေပေါ်မှာ ပန်းချီတွေ
ရေးဆွဲခဲ့ပါတယ်။

အဲဒီအချိန်တုန်းက အကျဉ်းသမားတွေဟာ စာဖတ်ခွင့်လည်းမရှိ စာရေးခွင့်လည်း မရကြပါဘူး။

တစ်နေ့ကို နာရီ ၂၀ ကျော် အကျဉ်းခန်းထဲမှာပဲ နေခဲ့ရပြီး အကျဉ်းသမားတွေဟာ ပုံမှန်ဆိုသလို
နှိပ်စက်ညှဉ်းပန်းခံခဲ့ရတယ်လို့ ထိန်လင်းက ပြောပါတယ်။

"အနုပညာတွေကို ဖန်တီးနေရခြင်းဟာ ကျွန်တော့်ဘ၀မှာ အရေးအကြီးဆုံးအချိန်ပါပဲ။
ထောင်ထဲမှာနေခဲ့ရတဲ့ အချိန်အတွင်းမှာ ကျွန်တော်ရဲ့ ပန်းချီလက်ရာတွေမှာ အများကြီး
ပြောင်းလဲသွားခဲ့တယ်။ ကျွန်တော်လုပ်တဲ့ဟာတွေကို ဘယ်သူ့ကိုမှ ပြလို့မရဘူး။ ကျွန်တော်
ပန်းချီတွေ ဆွဲနေတယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး။ အကျဉ်းခန်းလေးထဲမှာ
နေနေရခြင်းက ကျွန်တော့်ကို ပန်းချီဈေးကွက်၊ ပန်းချီဝေဖန်ရေးဆရာတွေနဲ့ ကင်းကွာစေခဲ့တယ်။
ပန်းချီတွေကိုသာ ကျွန်တော် ဆွဲနေခဲ့တယ်။ ဒါကြောင့်ပဲ တိုက်ပိတ်အခန်းထဲမှာ လွတ်လပ်မှုကို
ကျွန်တော်ရှာတွေ့ခဲ့တယ်။ ဒါဟာ ကျွန်တော့်အတွက် အရမ်းအံ့ဩစရာကောင်းပါတယ်။
ပန်းချီဆွဲဖို့အတွက် မတူညီတဲ့ နည်းလမ်းသစ်တွေကို ကျွန်တော်တွေ့ရှိခဲ့တယ်"လို့ ထိန်လင်းက
ပြောပါတယ်။


ဘုန်းကြီးတစ်ပါးဖြစ်တဲ့ အရှင်နေမိန္ဒ မော်လမြိုင်အကျဉ်းထောင်မှာ အကျဉ်းကျနေစဉ် သိုးမွေး၊
ပလတ်စတစ်အကြည်အိတ်တို့နဲ့ ပြုလုပ်ထားတဲ့ ဦးထုပ်တစ်လုံး ရှိပါတယ်။

အရှင်နေမိန္ဒဟာ ဆေးကုသခွင့်မရလို့ အကျဉ်းထောင်ထဲမှာပဲ ပျံလွန်တော်မူခဲ့ပြီး ဒီဦးထုပ်ဟာလည်း
ဆန်းဇော်ထွေးရဲ့ စုစည်းမှုတွေထဲက တစ်ခုပါပဲ။


ဆပ်ပြာတုံးနဲ့ ပြုလုပ်ထားတဲ့ ပန်းပုလက်ရာတစ်ခုဟာ ပန်းချီဆရာ ထိန်လင်းရဲ့လက်ရာ ဖြစ်ပါတယ်။


သရက်ထောင်က နိုင်ငံရေးအကျဉ်း သားတွေ ပြုလုပ်ခဲ့တဲ့ လက်လုပ် ဂီတာတစ်လက် ဖြစ်ပါတယ်။

Fretboard ကို သစ်သားနဲ့ ကိုယ်ထည်ကို တော့ သံဖြူပန်းကန်ပြားတစ်ချပ်နဲ့ အသံညှိခလုတ်တွေ
ကိုတော့ သွား ပွတ်တံတွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန်းဇော်ထွေးရဲ့ စုစည်းမှုတွေထဲက တစ်ခုဖြစ်ပါတယ်။

ဇာဇာစိုး ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်