ကမ္ဘာလှည့် ရှိတ်စပီးယားပြဇာတ်အဖွဲ့ မြန်မာပြည်မှာလာရောက် ဖျော်ဖြေမည်

နိုင်ငံတကာက ၀ါရင့်သရုပ်ဆောင်တွေ ကပြဖျော်ဖြေမယ့် ရှိတ်စပီးယားပြဇာတ်ကို ကြည့်ချင်တဲ့သူတွေအနေနဲ့ လေယာဉ်လက်မှတ်အတွက် ငွေအကုန်ခံစရာမလို၊ တည်းခိုစရိတ်
မပေးရဘဲနဲ့ ကြည့်ရှုလို့ရမယ့် အခွင့်အရေးကြီးကို မကြာခင်မှာ ရရှိပါတော့မယ်။ ရှိတ်စပီးယားပြဇာတ်တစ်ခုဖြစ်တဲ့ Tempest ပြဇာတ် တင်ဆက်ဖို့အတွက် ရန်ကုန်ရှိတ်စပီးယားကျောင်းက အဖွဲ့သားများ ပြီးခဲ့တဲ့ဇွန်လအတွင်းက ပြဇာတ်တိုက်နေကြစဉ်။ရှိတ်စပီးယားပြဇာတ်တစ်ခုဖြစ်တဲ့ Tempest ပြဇာတ် တင်ဆက်ဖို့အတွက် ရန်ကုန်ရှိတ်စပီးယားကျောင်းက အဖွဲ့သားများ ပြီးခဲ့တဲ့ဇွန်လအတွင်းက ပြဇာတ်တိုက်နေကြစဉ်။

လန်ဒန်မှာရှိတဲ့ Shakeseara's Globe ပြဇာတ် ရုံက အနုပညာရှင်ပေါင်း ၁၆ ဦးဟာ ကမ္ဘာ
တစ်ဝန်းက နိုင်ငံပေါင်း ၁၀၀ ကျော်ကို လှည့်လည်ဖျော်ဖြေလို့ အပြီးမှာ မြန်မာနိုင်ငံမှာလည်း
လာရောက်တင်ဆက်ကြမှာ ဖြစ်ပါတယ်။ ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲကြီးကို ရှိတ်စပီးယား ကွယ်လွန်ခြင်း နှစ်(၄၀၀)ပြည့်အထိမ်းအမှတ်နဲ့ နှစ်(၄၅၀)ပြည့် မွေးဖွားခြင်းအထိမ်းအမှတ်အဖြစ်
ပြီးခဲ့တဲ့၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ကစတင်ပြီး ၂၀၁၆ ခုနှစ်အထိ နှစ်နှစ်ဆက်တိုက်
ကမ္ဘာအနှံ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာတော့ ရှိတ်စပီးယားရဲ့ ပြဇာတ်တွေ ထဲက ၀မ်းနည်းကြေကွဲဖို့ကောင်းတဲ့
Hamlet ပြဇာတ် ကြီးကို ဩဂုတ်လ ၃၁ ရက်နေ့မှာ ကမ်းနားဟိုတယ်မှာ ကပြသွားမှာဖြစ်ပြီး
ပြဇာတ်တစ်ခုလုံးကို အင်္ဂလိပ် ဘာသာစကားနဲ့ တင်ဆက်သွားမှာဖြစ်ပါတယ်။ှ့Shakespeare's
Globe ရဲ့ အနုပညာဒါရိုက်တာတစ်ဦးဖြစ်တဲ့ Dominic Dromgoole ကတော့ Globe to
Globe Hamlet ပြဇာတ်ကို တိုင်းပြည်အသီးသီး၊ နယ်ပယ်အမျိုးမျိုးမှာ နေထိုင်သူတွေကို
ဖျော်ဖြေပြသချင်တဲ့ ရည်ရွယ်ချက်ကြောင့် ခုလိုကမ္ဘာလှည့်ပြီး ဖျော်ဖြေတာဖြစ်တယ်လို့
ဆိုပါတယ်။ မြန်မာနိုင်ငံကို မလာရောက်ခင် ဖိလစ်ပိုင်နဲ့ ဘရူးနိုင်းနိုင်ငံတို့မှာ အရင်ဆုံး
သွားရောက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

"ကမ္ဘာကြီးမှာ ဘယ်နေရာမှာပဲ နေထိုင်တဲ့သူ ဖြစ်ဖြစ် ရှိတ်စပီးယားအနေနဲ့ လူတိုင်းကို
သူ့ရဲ့စာပေ တွေကနေတစ်ဆင့် စကားပြောနိုင်၊ ဖျော်ဖြေနိုင်ပါ တယ်။ နောက်ပြီးတော့
လူတိုင်းလည်း ဒီ Hamlet ပြဇာတ်ကို ကြည့်ခြင်းအားဖြင့် အထဲက Hamlet ဆိုတဲ့ ဇာတ်ကောင်က
တကယ်ရှိခဲ့တယ်လို့တောင် ထင်မြင်နိုင်ပါတယ်"လို့ ကမ္ဘာ့လှည့်ဖျော်ဖြေပွဲနဲ့ပတ်သက်လို့
Shakespeare's Globe ရဲ့ဝက်ဘ်ဆိုက်တစ်နေရာမှာ ခုလို ရေးသားဖော်ပြထားပါတယ်။
ရန်ကုန်ရှိတ်စပီးယားကျောင်းက Managing Director ဖြစ်တဲ့ James Erskine ကလည်း
"ဒါက အပင်စိုက်သလိုမျိုးပါပဲ။ ဒီလိုမျိုး နိုင်ငံတကာက ကမ္ဘာလှည့်ဖျော်ဖြေတဲ့ခရီးစဉ်က
မြန်မာနိုင်ငံအနေနဲ့ ပထမဦးဆုံး အတွေ့အကြုံလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာက ဖျော်ဖြေပွဲကြီး
လာရောက်ဖျော်ဖြေခြင်း အားဖြင့် ကျွန်တော်တို့တစ်တွေအနေနဲ့ နိုင်ငံတကာအထိအတွေ့တွေ
လည်း ရနိုင်သလို ပြဇာတ်နဲ့ပတ်သက် တဲ့ အတွေ့အကြုံကောင်းတွေလည်း ရနိုင်မှာပါ"လို့
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ သူကတော့ ၂၀၀၆ ခုနှစ်တုန်းက လန်ဒန်မှာရှိတဲ့ Globe
ပြဇာတ်ရုံမှာ စတင်အလုပ်လုပ်ဖူးခဲ့တဲ့အပြင် ပြီးခဲ့တဲ့နှစ်နှစ်ကျော်လောက်က မြန်မာနိုင်ငံကို
ရောက်ရှိလာတဲ့သူတစ်ဦး ဖြစ်ပါတယ်။

ရန်ကုန်ရှိတ်စပီးယားကျောင်းကတော့ ကလေးတွေ နဲ့ လူငယ်တွေအတွက် ပြဇာတ်တွေကို စီစဉ်ပြုလုပ်ပေးနေသလို ငွေကြေးအထောက်အပံ့တွေလည်း ပေးနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကတော့ ကလေးတွေနဲ့ လူငယ်လေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုမိုရှိ
လာအောင်ပဲ ဖြစ်ပါတယ်။

ရှိတ်စပီးယားကျောင်းက အနုပညာရှင်တွေအနေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့
ရန်ကုန်မြို့ အနှံ့မှာရှိတဲ့ ကျောင်းတွေ၊ အနုပညာဝါသနာရှင်တွေနဲ့ ပူးပေါင်းပြီးတော့
ရှိတ်စပီးယားပြဇာတ်တွေဖြစ်တဲ့ Macbeth ၊ A Midsummer Night's Dream ၊ Tempest
တို့အပြင် ပြီးခဲ့တဲ့ မတ်လထဲမှာလည်း My Yangon My Home ဆိုတဲ့ အနုပညာပွဲတော်ရဲ့
တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Commuters on Yangon's Circle Train စတဲ့ဖျော်ဖြေပွဲတွေကို
တင်ဆက်ခဲ့ပြီး ရန်ကုန်ပြဇာတ်ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုကို ရရှိလာနေပြီဖြစ်ပါတယ်။
"ရှိတ်စပီးယားနဲ့ပတ်သက်လို့ ပုံစံအသစ်တစ်ခုအနေနဲ့ တင်ဆက်မှာဖြစ်တဲ့အတွက် ဒီက
ပရိသတ်တွေလည်း စိတ်လှုပ်ရှားအားပေးကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒီကပရိသတ်တွေ
အနေနဲ့ မြန်မာနိုင်ငံကို KFC ဆိုင် ရောက်လာသလိုမျိုး ရှိတ်စပီးယားပြဇာတ် ကို ဖျော်ဖြေမယ့်
Globe က အနုပညာရှင်တွေကိုလည်း ကြိုဆိုကြလိမ့်မယ်လို့ ထင်ပါတယ်။

ဒါပေမဲ့ အဲဒီဆိုင် ကို အားပေးသလောက် အရေအတွက်များများ ရှိနိုင်မယ်လို့တော့ သေသေချာချာ
မပြောနိုင်ပါဘူး"လို့ James က ဆိုပါသေးတယ်။ လက်ရှိမှာတော့ ရှိတ်စပီးယားကျောင်းအနေနဲ့
Globe က အနုပညာရှင်တွေနဲ့ ပူးပေါင်းဖျော်ဖြေဖို့ သရုပ်ဆောင်အသစ်တွေကို ဖိတ်ခေါ်နေပါတယ်။
ပါဝင်ချင်တဲ့သူတွေအနေနဲ့ မိမိသူငယ်ချင်းတွေနဲ့ အုပ်စုဖွဲ့ပြီး နှစ်သက်တဲ့ဇာတ်ညွှန်း၊ ဇာတ်ဝင်ခန်း
အပိုင်း (သို့) Hamlet ပွဲအတွက် ခံစားချက်တုံ့ပြန်မှု တစ်ခုခုကို ဗီဒီယိုအတိုအဖြစ် ဖန်တီးရိုက်ကူးပြီး
yumi@shakespeareschools.com ကို ဩဂုတ်လ ၂၃ ရက်နေ့မတိုင်မီ ပေးပို့ပေးရမှာ
ဖြစ်ပါတယ်။ အဲဒီလို ပေးပို့တဲ့အခါမှာ နှစ်သက်တဲ့ဘာသာစကားသုံးပြီး ပြောလို့ရသလို
အသံတိတ်အမူအရာအနေနဲ့လည်း ရိုက်ကူးလို့ရပါတယ်။ ပေးပို့တဲ့အဖွဲ့ တိုင်းကို ဒေါ်လာ ၅၀ တန်
ပွဲကြည့်လက်မှတ်တွေ လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ ရွေးချယ်ခံရတဲ့အဖွဲ့ဝင်တွေကတော့
၂၃ ရက်နေ့မှာ ကျင်းပမယ့် Hamlet ပြဇာတ်အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခွင့်ရမှာဖြစ်သလို
Hamlet ပြဇာတ်မှာ လည်း ပါဝင်တင်ဆက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ "ဒါက ပြဇာတ်ကပြဖျော်ဖြေ
ရတာကို စိတ်ဝင်စားတဲ့ လူငယ်တွေကို အရည်အသွေးမြှင့်တင်ပေးရာရောက် သလို အနုပညာ
အပေါ် ခံစားမှုခိုင်မာအောင်လည်း တည်ဆောက်ပေးတာပါပဲ"လို့ James က ဆိုပါတယ်။

ပရိသတ် ၆၀၀ ကျော်လောက်ကို ဖျော်ဖြေတင်ဆက်သွားမယ့် The Globe To Globe Hamlet
ရှိတ် စပီးယားပွဲတော်ကိုတော့ Strand ဟိုတယ်က ခန်းမ မှာ ညနေ ၃ နာရီခွဲမှာတစ်ချိန်၊ ည
၇ နာရီခွဲမှာ တစ်ချိန် စုစုပေါင်းနှစ်ကြိမ် တင်ဆက်သွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်