မျိုးတုံးတော့မယ့် ဆင်တွေကို ထိန်းသိမ်းပေးဖို့ ကျင်းပသွားမယ့် ရန်ကုန်လမ်းလျှောက်လှုံ့ဆော်ပွဲ

လတ်ကို သူ့ရဲ့ safe elephant foundation ကနေ စောင့်ရှောက်ပေးထားတဲ့ ဆင်တွေနဲ့အတူ ချင်းမိုင်မြို့က ဆင်ဥယျာဉ်ထဲမှာ တွေ့ရစဉ်။ ဓာတ်ပုံ - safe elephant foundation လတ်ကို သူ့ရဲ့ safe elephant foundation ကနေ စောင့်ရှောက်ပေးထားတဲ့ ဆင်တွေနဲ့အတူ ချင်းမိုင်မြို့က ဆင်ဥယျာဉ်ထဲမှာ တွေ့ရစဉ်။ ဓာတ်ပုံ - safe elephant foundation

လွန်ခဲ့တဲ့ ၁၇ နှစ်တာ ကာလအတွင်းမှာ ပဲခူးရိုးမကို အကြိမ်ကြိမ်လည်ပတ်ခဲ့ဖူးတဲ့ ဆင်ချစ်သူ
လတ်ဟာ တစ်ကြိမ်မှာတော့ သူ့ဘ၀တစ်လျှောက်လုံး မမေ့နိုင်တော့မယ့် အဖြစ်အပျက်တစ်ခုနဲ့
ကြုံတွေ့ခဲ့ရပါတယ်။

အသက်လေးနှစ်ဝန်းကျင်လောက်ရှိမယ့် ဆင်ပေါက်ကလေးဟာ တစ်ကိုယ်စာသာကျယ်တဲ့
ဝါးခြံလေးထဲမှာ ထည့်သွင်းခံထားရပြီး ခြေထောက်တွေဟာလည်း ကြိုးတွေနဲ့ တုပ်နှောင်ခံထား
ရသလို ချွန်ထက်တဲ့ ချွန်းတွေ၊ တုတ်တွေနဲ့ သွေးထွက်သံယိုဖြစ်တဲ့အထိ ညှဉ်းပန်းခံနေရတာကို
လတ်ဟာ မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပါတယ်။

ဒါကို ဆင်ရဲ့ဝိညာဉ်ကိုရိုက်ချိုးခြင်း (တစ်ဘ၀လုံးကျိုးနွံပြီး ခိုင်းစေရလွယ်ကူအောင်ဆင်ရဲ့စိတ်ကို
နှိပ်ကွပ်လိုက်ခြင်း) လို့ခေါ်ပြီး ဒီအလေ့အထကို ဆင်တွေ အသက်လေးနှစ်အရွယ်ရောက်တဲ့အခါ
ပြုလုပ်လေ့ရှိပါတယ်။

"ဆင်ကလေး နာကျင်လွန်းလို့ အော်တဲ့အသံဟာ ကျွန်မနားထဲမှာ အခုထိ
ကြားယောင်နေတုန်းပဲ"လို့ ထိုင်းလူမျိုးလတ် (Sangduen Chailert) ဟာ ပြီးခဲ့တဲ့
စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့
Global Elephant March ပွဲအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောပြခဲ့တာပါ။

Global Elephant March ကို နှစ်စဉ် အောက်တိုဘာလတိုင်း နိုင်ငံတော်တော်များများမှာ
ကျင်းပလေ့ရှိကြပါတယ်။

မျိုးတုန်းတော့မယ့် ဆင်တွေကို ဆင်စွယ်အတွက်နဲ့ မသတ်ဖြတ်ကြဖို့နဲ့ ဆင်တွေကို
ညှဉ်းပန်းနှိပ်စက်ခြင်း မပြုလုပ်ဖို့ ဆင်ချစ်သူတွေ စုပေါင်းလမ်းလျှောက်လှုံ့ဆော်တဲ့ပွဲလေးပဲ
ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ ပထမဆုံးအနေနဲ့ ကျင်းပမှာဖြစ်ပြီး အောက်တိုဘာ ၃ ရက်မှာ ရန်ကုန်မြို့က
ဆင်ချစ်သူတွေအပါအ၀င် တိရစ္ဆာန် ချစ်သူတွေ ပါဝင်လှုံ့ဆော်ကြမှာ ဖြစ်ပါတယ်။

လတ်ဟာ အာရှဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ Save Elephant Foundation ကို
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တည်ထောင်ထားပြီး ဆင်ဥယျာဉ် (Elephant Nature Park)
တစ်ခုကိုလည်း ဖွင့်လှစ်ထားပါတယ်။

ညှဉ်းပန်း နှိပ်စက်ခံရလို့ စိတ်ဝေဒနာခံစားနေရတဲ့ ဆင်တွေသာမက ဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့
ဒါဇင်ပေါင်းများစွာသော ဆင်တွေကို သူနဲ့ သူ့ဖောင်ဒေးရှင်းက စေတနာ့ဝန်ထမ်းတွေက
ကယ်တင်စောင့်ရှောက်ထားပါတယ်။

ဧကများစွာ ကျယ်ဝန်းတဲ့ လတ်ရဲ့ဆင်ဥယျာဉ်ထဲမှာ ကယ်တင်ထားတဲ့ ဆင်တွေကို လွတ်လပ်စွာ
သွားလာနေထိုင်ခွင့်ပြုပြီး ဆင်ရဲ့ခန္ဓာကိုယ်ပေါ်ကို လူတက်စီးတာမျိုးကိုလည်း တင်းကျပ်စွာ
ပိတ်ပင်ထားပါတယ်။

စေတနာ့ ၀န်ထမ်းတွေက ဆင်တွေကို ချစ်ခြင်းမေတ္တာနဲ့ ဆက်ဆံကြသလို လတ်ဟာလည်း
ဆင်ကို သီချင်းဆိုချော့သိပ်ပေးတဲ့အထိ သားသမီးသဖွယ် စောင့်ရှောက်ပေးပါတယ်။

ဓာတ်ပုံ - safe elephant foundation ဓာတ်ပုံ - safe elephant foundation

"ဆင်ရဲ့စိတ်ကို နှိပ်ကွပ်တဲ့အလေ့အထတွေ၊ ဆင်ကို ထူးခတ်တာ (ခြေထောက်ကို သံကြိုးနဲ့
ချည်နှောင်တာ)၊ ချွန်းနဲ့ ဆင်ကိုထိန်းကျောင်းတာမျိုးကို ချက်ချင်းတော့ ပြောင်းလဲလို့ မရနိုင်ပါဘူး။
ဒါပေမဲ့ ခုချိန်ကစတင်ပြီး အပြောင်းအလဲကို တဖြည်းဖြည်းလုပ်ယူမှရမှာပါ။ ချစ်ခြင်းမေတ္တာနဲ့
ထိန်းကျောင်းမယ်ဆိုရင် ဆင်ရိုင်းတစ်ကောင်တောင် နူးညံ့ပျော့ပျောင်းလာနိုင်တာ
လက်တွေ့ပါပဲ"လို့ လတ်က ပြောပါတယ်။

ဆင်တွေက ကုန်းနေသတ္တ၀ါထဲမှာ ခွန်အားအကြီးဆုံးဖြစ်တဲ့အတွက် သူတို့ကို
ထိန်းကျောင်းတဲ့အခါ အန္တရာယ်ရှိနိုင်တာမို့ အကာအကွယ်အနေနဲ့ ဆင်ကိုထူးခတ်ပြီး သူတို့ရဲ့
လွတ်လပ်ခွင့်ကို ကန့်သတ်ခဲ့ကြပါတယ်။

အဲဒါတွေ အသုံးမပြုဘဲ ဆင်ဦးစီးတွေက ချစ်ခြင်းမေတ္တာနဲ့ ထိန်းကျောင်းပြီး
ပျော်အောင်ထားမယ်ဆိုရင် ဆင်နဲ့လူကြား အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်မှာ
ဖြစ်တယ်လို့ လတ်က ဆိုပါတယ်။

အဲဒီအခါ သူတို့ကလည်း ဆင်ဦးစီးတွေကို အန္တရာယ်မပေးတော့ဘူးပေါ့လို့ မကြာခဏ
ဖြစ်ပွားနေတဲ့ ဆင်နဲ့ လူကြားက ပဋိပက္ခတွေနည်းသွားဖို့ ရည်ရွယ်ပြီးတော့လည်း ဆိုပါတယ်။

"မြန်မာပြည်ဟာ အာရှဆင်ကောင်ရေ အများဆုံးနေထိုင်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။
ဒါကြောင့် Global Elephant March လုပ်တဲ့အခါ မြန်မာပြည်ကို ချန်ခဲ့လို့မဖြစ်ပါဘူး။
မြန်မာလူမျိုးတွေအနေနဲ့လည်း ဆင်တွေရဲ့သဘာဝက ဘယ်လိုရှိသလဲ၊ သူတို့ဘယ်လိုတွေ
ရင်ဆိုင်နေရသလဲ၊ သူတို့ ဘယ်လိုမျိုး ဆက်ဆံခံနေရသလဲဆိုတဲ့ နောက်ကွယ်က
အဖြစ်အပျက်တွေကို လူတော်တော်များများ သိဖို့လိုအပ်ပါတယ်။ ဒါမှလည်း လူတွေ ဆင်တွေကို
ချစ်ခင်ပြီး ထိန်းသိမ်းချင်တဲ့စိတ်တွေ ပေါ်လာမှာပါ"လို Global Elephant March ပွဲကျင်းပရတဲ့
ရည်ရွယ်ချက်ကို လတ်က ပြောပြပါတယ်။

လက်ရှိမှာ မြန်မာပြည်က ဆင်ထိန်းတချို့ဟာ ချင်းမိုင်မှာ သင်တန်းတက်ရောက်နေပြီး
သင်တန်းကာလမှာလည်း ဆင်တွေကို ထိန်းကျောင်းရာမှာ ချွန်းနဲ့ သံကြိုးတွေ လုံးဝမသုံးဘဲ
ချစ်ခြင်းမေတ္တာနဲ့သာ ဆက်ဆံဖို့ သင်ကြားပေးတယ်လို့ သူကပြောပါတယ်။

"အန္တရာယ်ပေးနိုင်တဲ့ ဆင်တစ်ကောင်ကို ထူးမခတ်ဘဲ၊ ချွန်းတွေမသုံးဘဲ ဘယ်လိုလုပ်ပြီး
ထိန်းလို့ရမလဲလို့ မြန်မာပြည်က ဆင်ထိန်းတွေက ကျွန်မကို မေးခွန်းထုတ်ပါတယ်။
ချစ်ခြင်းမေတ္တာနဲ့ဆို ရပါတယ်။ ဒါပေမဲ့ အချိန်အကြာ ကြီး ယူရမယ်၊ စိတ်ရှည်ဖို့လိုတယ်"လို့
သူ့ခံယူချက်ကို လတ်က ဆိုပါတယ်။

ဆင်ထိန်းတစ်ယောက်ဟာ ချွန်းတွေ၊ သံကြိုးတွေနဲ့ ထိန်းကျောင်းတဲ့အခါ သူ့လက်ထဲမှာ
ချွန်းမကိုင်ထားတဲ့အချိန်၊ ဆင်ကိုလည်း ထူးခတ်မထားတဲ့ အချိန်တွေမှာ ဆင်ထိန်းကို ဆင်က
အသက်အန္တရာယ်ပေးနိုင်ပါတယ်။

အကြောင်းကတော့ ဆင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့ သတ္တ၀ါတွေဖြစ်တာမို့ သူတို့အပေါ်
ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူတွေကို စိတ်ထဲက မှတ်ထားတတ်တာကြောင့်လို့ လတ်က
ဆိုပါတယ်။

"တစ်ဘ၀လုံး ကျိုးနွံပြီး အလုပ်လုပ်ပေးအောင် ဆင်ရဲ့စိတ်ကို နှိပ်ကွပ် ထိန်းကျောင်းတဲ့နည်းကို
ကျွန်မတို့ လက်မခံနိုင်ပါဘူး။ ဆင်တစ်ကောင်က လူကို နင်းလိုက်လို့ လူသေသွားတဲ့အခါ
ဒါကိုလူတွေက အရေးတယူ ပြောကြပါတယ်။ လူက ဆင်ကိုနှိပ်စက်လို့ ဆင်သေတာ၊
ဆုံးရှုံးရတာကို ဘယ်သူကမှ မပြောကြပါဘူး။ အဲဒီအတွက်ကြောင့် ဆင်အခွင့်အရေးအနေနဲ့
ကျွန်မတို့ အများကြီးလုပ်ဖို့ လိုနေပါပြီ"လို့ ပြင်သစ်ခရီးသွားဧည့်လမ်းညွှန်နှင့် မြန်မာပြည်ရဲ့
ဆင်သံတမန် (Myanmar Elephant Ambassador) ဖြစ်တဲ့ မစံပယ်လွင် က ပြောပါတယ်။

အောက်တိုဘာ ၃ ရက် ရန်ကုန်မှာ ကျင်းပမယ့် Global Elephant March  ပွဲအစီအစဉ်
အသေးစိတ်နဲ့ ပြုလုပ်မယ့်နေရာတွေကိုတော့ ထပ်မံကြေညာပေးသွားမှာ ဖြစ်ပါတယ်။

တိရစ္ဆာန်ချစ်သူတွေ ၀ိုင်းဝန်းပါဝင်ပေးဖို့လည်း လတ်က ဖိတ်ခေါ်ထားပါတယ်။

"ကျွန်မ မြန်မာပြည်ကိုလာတာ အခေါက်ပေါင်း မနည်းတော့ပါဘူး။ လာတိုင်း ဘုရားတွေမှာ
ဆင်ရုပ်တုအကြီးကြီးတွေကို တွေ့ရတတ်ပါတယ်။ ဒီဆင်တွေကိုသာ သဘာဝပတ်ဝန်းကျင်မှာ
ထိန်းသိမ်းမထားနိုင်ရင်တော့ နောင်လာနောက်သားတွေဟာ ဆင်မြင်ဖူးချင်ရင် ဘုရားက
ကွန်ကရစ်ရုပ်တု ကြီးတွေကိုပဲ ကြည့်ရတော့မှာပါ"လို့ လတ်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်