အာရှ နိုင်ငံတကာကလေးများ ရုပ်ရှင်ပွဲတော်မှာ မြန်မာလူငယ်တွေ ပါဝင်ယှဉ်ပြိုင်ကြမယ်

ဂျပန်နိုင်ငံ၊ ဟိုကိုင်းဒိုး ခိတမိမြို့မှာ (၉)ကြိမ်မြောက် ကျင်းပမယ့် ၂၀၁၅ အာရှနိုင်ငံတကာ
ကလေးများရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံက လူငယ်ကိုးဦးနဲ့အတူ ဒါရိုက်တာ ကိုပေါက်တို့ အဖွဲ့ဟာ
မှတ်တမ်းရုပ်ရှင်ကဏ္ဍအတွက် သွားရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ အာရှနိုင်ငံအသီးသီးမှာရှိတဲ့
ကျောင်းသားလူငယ်ပေါင်း ၁၃၀ တက်ရောက်မယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် သတ်မှတ်ထားတဲ့ ပွဲတော်ခေါင်းစဉ်ကို "What makes me happy" လို့
သတ်မှတ်ထားပြီး မြန်မာနိုင်ငံကလည်း ပါဝင်နိုင်ဖို့အတွက် အထက်တန်းကျောင်းတွေက
ကျောင်းသား၊ ကျောင်းသူတွေကို ဩဂုတ်လထဲမှာ ပြည်တွင်းအဆင့် ပြိုင်ပွဲကျင်းပပေးခဲ့ပါတယ်

အသက် ၁၅ နှစ်နဲ့ ၁၇ နှစ်ကြား အထက်တန်းကျောင်းသား၊ ကျောင်းသူတွေက ကိုယ်တိုင်
ရိုက်ကူးထားတာဖြစ်စေ၊ အဖွဲ့လိုက် ရိုက်ကူးထားတာဖြစ်စေ သုံးမိနစ်စာ မှတ်တမ်းရုပ်ရှင်ကို
သတ်မှတ်ထားတဲ့ ခေါင်းစဉ်နဲ့ အံဝင်အောင် တင်ဆက်ပြီး ပြိုင်ပွဲဝင်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံက အာရှရုပ်ရှင်ပွဲတော်ကို တက်ရောက်ခွင့်ရခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေ
စာရင်းကိုတော့ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို)မှာ
ကြေညာခဲ့တာဖြစ်ပြီး စုစုပေါင်းလူငယ် ကိုးဦး သွားရောက်ခွင့်ရခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ပြိုင်ပွဲဝင်တွေ တင်ဆက်ထားတဲ့ မှတ်တမ်းရုပ်ရှင်တွေမှာတော့ အဓိကအနေနဲ့
လူငယ်တွေအချင်းချင်း စာနာ နားလည်တတ်မှု၊ ကိုယ်တိုင်ဒုက္ခရောက်နေတဲ့ အချိန်မှာတောင်
တတ်နိုင်သမျှ ဝေမျှခြင်းနဲ့ ပီတိတွေ ခံစားနိုင်ကြောင်းကို အသားပေးဖော်ပြထားတယ်လို့
လူငယ်အဖွဲ့ကို ဦးဆောင်ပြီး ရုပ်ရှင်ပွဲတော် တက်ရောက်မယ့် ဒါရိုက်တာ ကိုပေါက်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"သူတို့ အသက်အရွယ်နဲ့ အတွေ့အကြုံ အရ အကောင်းဆုံးဖြစ်မယ် ထင်တာတွေနဲ့
ပြိုင်ပွဲဝင်လာကြတယ်ဆိုတော့ ကိုယ့်အနေနဲ့ ဆိုရင်တော့ အားရတယ်၊ အားမရဘူးဆိုတာ
ပြောလို့မရဘူး။ ကိုယ်လည်း သူတို့ အသက်အရွယ်မှာ ဒီလောက်လုပ်တတ်ချင်မှ လုပ်တတ်မယ်။
ဆုရ မရကိုတော့ တခြားနိုင်ငံက ပြိုင်ပွဲဝင်ကားတွေ ကြည့်ပြီးမှ ခန့်မှန်းနိုင်မယ်" လို့ ကိုပေါက်က
ပြောပါတယ်။

လက်ရှိ မြန်မာ့ရုပ်ရှင်အနေအထားနဲ့ ကမ္ဘာတစ်ဝန်းကိုသွားရောက်ဖို့ အဆင်မပြေနိုင်သေးချိန်မှာ
ကမ္ဘာကသိချင်တဲ့ မြန်မာနိုင်ငံအကြောင်းကို မှတ်တမ်းရုပ်ရှင်တွေက တစ်ဆင့်သိစေတာကြောင့်
မှတ်တမ်းရုပ်ရှင်ဟာ နိုင်ငံတစ်နိုင်ငံအနေနဲ့ရော၊ လူမျိုးတစ်မျိုး ချင်းစီအနေနဲ့ပါ
အရေးပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ခုဆိုရင် လူငယ်တွေပါးစပ်ဖျားမှာ မှတ်တမ်းရုပ်ရှင်ဆိုတာကို ပြောလာကြပြီ၊ ရင်းနှီး လာကြပြီ။
ပြီးတော့ ရုပ်ရှင်ပွဲတော်တွေ ပြိုင်ပွဲတွေ ကျင်းပလာနိုင်ပြီဆိုတော့ ကိုယ့်နိုင်ငံက
လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာကို တခြားနိုင်ငံတွေကပါ နားလည်လာကြတယ်။
အရမ်းစိတ်ဝင်စားစရာကောင်းသလို မှတ်တမ်းရုပ်ရှင်ဆိုတာ မရှိမဖြစ်အရာပါပဲ"လို့ ဒါရိုက်တာ
ကိုပေါက်က ပြောပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ လူငယ်တွေက ယဉ်ကျေးမှုတက္ကသိုလ်နဲ့
Laurel Art Academy တို့က သန်းနောင်ဝင်း၊ ဘွဲ့မှူးထက်၊ ထက်မြက် နိုင်၊ ကျော်သီဟ၊
စိုင်းမင်းထိုက်၊ ယွန်းသင်ဇာသော်၊ ကျော်သူဟိန်း၊ ညီထက်နဲ့ ဆုရတီအောင်တို့ပဲ ဖြစ်ကြပါတယ်။

အာရှ နိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်ဟာ ကျောင်းသားအချင်းချင်း နိုင်ငံအလိုက်
ယဉ်ကျေးမှု ဖလှယ်စေတဲ့ ခရီးစဉ်အဖြစ် နာမည်ကျော်ပြီး ဒါရိုက်တာ ကိုပေါက် ဦးဆောင်တဲ့
မြန်မာလူငယ်အဖွဲ့ဟာ နိုဝင်ဘာ ၂၂ ရက်မှာ ဂျပန်နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်