မြန်မာနိုင်ငံကို တစ်ခေါက် ပြန်လာချင်သေးတဲ့ အီတလီအဆိုတော်

အီတလီအဆိုတော် Matteo Setti ကို ချက်ထရီယမ်ဟိုတယ်တွင် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)အီတလီအဆိုတော် Matteo Setti ကို ချက်ထရီယမ်ဟိုတယ်တွင် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

"ဂီတမှာ ဘာသာစကားမရှိဘူး"ဆိုတဲ့ စကားကို ပြီးခဲ့တဲ့ စနေနေ့ည (အောက်တိုဘာလ
၁၀ ရက်နေ့)က ချက်ထရီယမ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ အီတလီအဆိုတော် Matteo Setti ရဲ့
ဖျော်ဖြေပွဲက သက်သေပြခဲ့ပါပြီ။ အီတလီသီချင်းတွေကို ဟန်ပါပါ၊ မာန်ပါပါနဲ့ သီဆိုဖျော်ဖြေသွားတဲ့
အဆိုတော် Matteo ရဲ့ဆွဲဆောင်မှုနောက်ကို မြန်မာပရိသတ်တွေဟာ စီးမျောနစ်ဝင်ရင်း
တစ်ခဲနက်အားပေးမှုတွေနဲ့ လှပတဲ့ဂီတပွဲလေးတစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အီတလီအဆိုတော် Matteo Setti ဟာ မြန်မာနိုင်ငံတွင်းက ချို့တဲ့ နွမ်းပါးတဲ့ ကလေးငယ်တွေ၊
မိဘမဲ့ကလေးငယ်တွေ၊ ဆွံ့အနားမကြားတဲ့ ကလေးငယ်တွေနဲ့ ရေဘေးသင့်ဒေသမှာရှိတဲ့
ကလေးငယ်တွေရဲ့ လူမှုဘ၀နဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ဖို့ ရည်ရွယ်ပြီး
ပြုလုပ်တဲ့ Music For Myanmar ရန်ပုံငွေဂီတဖျော်ဖြေပွဲမှာ စေတနာနဲ့ အချိန်ပေးပြီး လာရောက်
ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

"ဒီနေ့ခေတ်မှာ လူသားတိုင်းက သူတို့တတ်နိုင်တဲ့ဘက်က လူတွေကို ကူညီဖို့ ပရဟိတပွဲတွေ
ကျင်းပနေကြပါတယ်။ ဒီထဲမှာ ကျွန်တော်လည်း အပါအ၀င်ပါပဲ။ ကျွန်တော့်အတွက်ကတော့
ကျွန်တော်တတ်နိုင်တဲ့ ကျွန်တော့်ရဲ့ အသံဒါနကို စိုက်ထုတ်ပေးရုံပါပဲ။ အဲဒီအတွက် ကျွန်တော်
ကျေနပ်ပါတယ်"လို့ အောက်တိုဘာလ ၉ ရက်နေ့က မြန်မာတိုင်း(မ်)နဲ့ သီးသန့်ပြုလုပ်တဲ့
အင်တာဗျူးမှာ Matteo က ပြောခဲ့ပါတယ်။

Matteo ဟာ အဲဒီနေ့မှာပဲ မြန်မာနိုင်ငံကို အီတလီနိုင်ငံကနေ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရန်ပုံငွေဖျော်ဖြေပွဲကို ချက်ထရီယမ်ဟိုတယ်ရဲ့ ပံ့ပိုးမှုနဲ့အတူ Link For Aid ပရဟိတအဖွဲ့ကို
တည်ထောင်ထားတဲ့သူ ခရီးသွားသတင်းထောက် Ms Pamela Mc Court Francescone က
စီစဉ်ကျင်းပတာဖြစ်ပါတယ်။

Pamela ဟာ အဆိုတော် Matteo Setti ကို ဒီပွဲမှာ ပါဝင်ဖျော်ဖြေပေးဖို့ အတွက် လွန်ခဲ့တဲ့
တစ်နှစ်လောက်ကတည်းက ဖိတ်ခေါ်ပြီး စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲမှာ Matteo နဲ့အတူ အဆိုတော် ချမ်းချမ်းလည်း ပါဝင်ပြီးဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

ယောက်ျားပီသတဲ့ မေးရိုး၊ မျက်လုံးညိုညိုနဲ့ ပိန်ပိန်ပါးပါး ကိုယ်ဟန်ပိုင်ရှင် အီတလီအဆိုတော်ဟာ
အသက် ၄၃ နှစ်လို့ မထင်ရလောက်အောင် နုပျိုနေပါတယ်။

အီတလီမှာ Swing Music ကို သီဆိုသူအဖြစ် လူသိများတဲ့ အဆိုတော်တစ်ဦးဖြစ်ပြီး
တိုကျို၊ နယူးယော့ခ်၊ အယ်လ်အေ၊ အစ္စရေး၊ မော်စကို၊ ပဲရစ်၊ ဒူဘိုင်းစလို့ ကမ္ဘာတစ်ဝန်းမှာ
လှည့်လည်ဖျော်ဖြေနေသူ ဖြစ်သလို ပြီးခဲ့တဲ့နှစ်တွေကတော့ အမေရိကန်နိုင်ငံတစ်ခွင်မှာ
လှည့်လည် ဖျော်ဖြေခဲ့တာ အထူးအောင်မြင်မှု ရရှိခဲ့ပါတယ်။

Swing Music က ၁၉၄၀ ပြည့်နှစ်ဝန်းကျင်ကတည်းက အောင်မြင်မှု ရရှိခဲ့တဲ့ အမေရိကန်စတိုင်
ဂျက်ဇ်တေးဂီတဖျော်ဖြေမှု တစ်ခုပါ။

အီတလီအဆိုတော် Matteo Setti ကို ချက်ထရီယမ်ဟိုတယ်တွင် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)အီတလီအဆိုတော် Matteo Setti ကို ချက်ထရီယမ်ဟိုတယ်တွင် အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

ဒါကို အီတလီအဆိုတော်ကြီးက သူ့ရဲ့ခေတ်ဟောင်းက အီတလီတေးသီချင်းတွေနဲ့အတူ မြူးကြွတဲ့
ဂျက်ဇ်တေးဂီတနဲ့ ပေါင်းစပ်ပြီး ခေတ်ဆန်ဆန် အသံဝါကြီးနဲ့ ပြောင်းလဲသီဆို ဖျော်ဖြေကပြလေ့
ရှိပါတယ်။

"Swing Music က ပေါ့ပ်တေးသီချင်းတွေလိုပဲ ဘယ်တော့မှ မရိုးနိုင်သလို ကျွန်တော်တို့တွေလည်း
နားယဉ်ပြီးသားပါပဲ။ ပရိသတ်တွေက ဒီအပေါ်မှာ စီးမျောသွားနိုင်ပါတယ်။ ဒီတေးသီချင်းပုံစံက
သံစဉ်ပေါ်တင် မဟုတ်ဘဲ သီဆိုဖျော်ဖြေတဲ့သူအပေါ်မှာလည်း မူတည်ပါတယ်။ ဖျော်ဖြေတဲ့သူက
ကောင်းရင်ကောင်းသလို ပရိသတ်တွေလည်း ဖျော်ဖြေတဲ့သူနဲ့ တစ်သားတည်းကျသွားနိုင်တဲ့အထိ
ပြုလုပ်နိုင်ပါတယ်။ ဒီ Swing Music ကနေတစ်ဆင့် အီတလီနိုင်ငံရဲ့အမွေအနှစ်တွေ၊ ကျွန်တော့်ရဲ့
ဂီတသက်တမ်းတစ်လျှောက်က အတွေ့အကြုံတွေကို ဖော်ပြခွင့်ရခဲ့တာပါ"လို့
အီတလီအဆိုတော်ကြီးက ဆိုပါတယ်။

အီတလီတွင်ပြုလုပ်သည် "Made In Italy" ဆိုတဲ့စကားက Matteo Setti အတွက်
ဖြစ်ပေါ်လာတယ်လို့ ပြောရလောက်အောင် အီတလီသီချင်းတွေကို ဟန်ပါပါ၊ မာန်ပါပါ
သီဆိုဖျော်ဖြေကပြသွားတာ မမောနိုင်မပန်းနိုင်ပါပဲ။

Matteo Setti ရဲ့ထူးခြားချက်က သူဖျော်ဖြေတဲ့အခါ စင်အောက်က ပရိသတ်တွေအကြား
အရောက်သွားပြီး ပရိသတ်တွေနဲ့အတူ ဆက်နွှယ် ဖျော်ဖြေနိုင်တာပါပဲ။

တစ်ခါတစ်ခါ တေးသီချင်းတွေသီဆိုရင်း စင်အောက်က ပရိသတ်တွေကြားမှာ တစ်ဦးဦးနဲ့
တွဲကရင်လည်း ကနေတတ်ပါတယ်။

"Swing ဆိုတာက ပရိသတ်တွေပါ အဆိုတော်နဲ့အတူ တစ်ခါတည်း ပါဝင်ဖျော်ဖြေနိုင်တဲ့
ဂီတအမျိုးအစားပါ။ ကျွန်တော် အရမ်းကြိုက်ပါတယ်"လို့ Matteo က ဆိုပါတယ်။

အီတလီအဆိုတော်ကြီးဟာ ခုချိန်မှာ အောင်မြင်နေပေမယ့် ဂီတကို ငယ်စဉ်ကတည်းက
ဝါသနာပါခဲ့သူတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ သူ့ရဲ့ ဖခင်ကတော့ နာမည်ကြီး အဆိုတော်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။

သူ့ဖခင် အသက် ၂၇ နှစ်အရွယ်မှာ သူ့ကိုမွေးဖွားခဲ့တာဖြစ်လို့ သူ့ဖခင်က သီချင်းဆိုတာကို
စွန့်လွှတ်ပြီး သူ့ကို ထိန်းကျောင်းခဲ့တာပါ။

သူကလည်း ဆယ်ကျော်သက်အထိ အဆိုတော်တစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းဖို့
စိတ်ကူးမရှိခဲ့ဘဲ အသက် ၂၁ အရွယ်အထိ ၀ါသနာတစ်ခုကိုပဲ စွဲမြဲခဲ့ပါတယ်။

အဲဒါကတော့ မြင်းတွေပါပဲ။

သူတို့ အီတလီတီဗီရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ မြင်းပွဲတွေနဲ့ မြင်းစီးတဲ့ အလုပ်က သူ့ကို
ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့အသက် ၂၇ နှစ်အရွယ်မှာတော့ သူ့ဖခင်ရဲ့လမ်းကြောင်း နောက်ကို လိုက်ဖို့အတွက်
အဆိုတော်တစ်ဦးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲတွင် ချမ်းချမ်းနဲ့အတူ ဖျော်ဖြေနေတဲ့ Matteo ။ ဓာတ်ပုံ - Suppliedချက်ထရီယမ်ဟိုတယ်မှာ အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲတွင် ချမ်းချမ်းနဲ့အတူ ဖျော်ဖြေနေတဲ့ Matteo ။ ဓာတ်ပုံ - Supplied

အဲဒီအချိန်မှာ ၂၀၀၇ ခုနှစ်က ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် အဆိုတော် Luciano Pavarotti နဲ့
တွေ့ဆုံခဲ့ရာက သူ့ရဲ့ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာတော့တာပါပဲ။

"သူက ကမ္ဘာကျော် အီတလီအဆိုတော်ကြီးတစ်ဦးပါ။ သူက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပါပဲ။
အဲဒီအချိန်တုန်းက ကျွန်တော်က အဆိုတော်ပေါက်စလေးပေါ့။ ဖျော်ဖြေပြီးလို့ စင်နောက်ကို
ရောက်တော့ တစ်စုံတစ်ယောက်က Pavarotti ဆီမှာ သီဆိုဖို့ လာကမ်းလှမ်းခဲ့တယ်။
အဲဒီအချိန်တွေကို ကျွန်တော် မမေ့ခဲ့ပါဘူး"လို့ Matteo က ဆိုပါတယ်။

အခုချိန်မှာတော့ Matteo Setti ဟာ ကမ္ဘာတစ်လွှားမှာ သူနှစ်သက်တဲ့ Swing Music ကို
လှည့်လည်ဖျော်ဖြေနေပြီး နာမည်ကျော် အီတလီအဆိုတော်တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပါပြီ။

"ကျွန်တော်က မြန်မာနိုင်ငံကို တစ်ခေါက်ပြန်လာချင်ပါသေးတယ်။ ပြန်လာပြီးတော့ ဒီလိုပရဟိတ
လုပ်ငန်းမျိုးတွေကို လုပ်ချင်သေးတယ်။ ပြီးတော့ မြန်မာလူမျိုးတွေ ကြိုက်နှစ်သက်အားပေးတဲ့
အဆိုတော်တွေထဲက တစ်ယောက်ဖြစ်ချင်ပါတယ်"လို့ Matteo Setti က ဆိုပါတယ်။

Matteo ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ကတော့ ၂၀၁၄ ခုနှစ်က ထုတ်ဝေထားတဲ့
"Italian classic meets American cool" ပဲဖြစ်ပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့က ချက်ထရီယမ်ဟိုတယ်မှာ ဖျော်ဖြေပြီးတော့ လာမယ့်
အောက်တိုဘာလ ၃၀ ရက်နေ့မှာလည်း အီတလီနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ Rome မှာ
ဖျော်ဖြေပွဲတစ်ခု ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်