ကလေးငယ်တွေ ပိုပြီးအကြိုက် တွေ့စေမယ့် "Pan"

"Pan" ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း။"Pan" ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်း။

ဦးထုပ်ချွန်ချွန်နဲ့ အစိမ်းရောင်ဝတ်စုံကို ၀တ်လို့ လေပေါ်မှာပျံဝဲနေတဲ့ ကောင်လေးတစ်ယောက်ရဲ့
ဇာတ်ရုပ်ကို ငယ်ငယ်တုန်းက ကာတွန်းကားတွေကို နှစ်ခြိုက်ခဲ့တဲ့ သူတွေအနေနဲ့
ကောင်းကောင်းကြီးသိကြမှာပါ။

အဲဒီကောင်လေးကတော့ Peter Pan ပါ။ မိဘတွေ အပြင်သွားနေချိန် အိမ်မှာကျန်နေခဲ့တဲ့
မောင်နှမ သုံးယောက်ကို နတ်သမီးလေး Tinker Bell ဆီက အစွမ်းထက်တဲ့ အမှုန့်တွေနဲ့
ပျံနိုင်အောင်လုပ်ပေးပြီး မှော်ဆန်တဲ့ Never Land ကျွန်းကြီးဆီကို ခေါ်ဆောင်သွားကာ
စွန့်စားခန်းတွေကို ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးက အလွန်ပဲ နှစ်သက်ဖွယ်ကောင်းပါတယ်။

စကော့တလန်နိုင်ငံသား စာရေးဆရာကြီး J. M. Barrie ဖန်တီးခဲ့တဲ့ Peter Pan ဆိုတဲ့
ဇာတ်ကောင်လေးက အနုပညာနဲ့ ဖျော်ဖြေရေး နယ်ပယ်မှာ အလွန်ပဲ ရေပန်းစားခဲ့ပါတယ်။

Peter Pan နဲ့ ပတ်သက်တဲ့ ပြဇာတ်တွေ၊ ကာတွန်းကားတွေ၊ ရုပ်ရှင်တွေကလည်း
တစ်ကြိမ်ထက်မနည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။

အဲဒီထဲမှာမှ ဒီနှစ် အောက်တိုဘာလ ၉ ရက်က စတင်ပြီး တစ်ကမ္ဘာလုံးမှာ ရုံတင်ပြသလာတဲ့
PAN ဆိုတဲ့ ဇာတ်ကားလေးကလည်း တစ်ကားအပါအ၀င် ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇာတ်ကားကတော့ ကျွန်တော်တို့ သိခဲ့ဖူးတဲ့ Peter Pan ဇာတ်လမ်းတွေလိုမျိုး မဟုတ်ဘဲ
Peter Pan ဆိုတာ ဘယ်လိုမျိုးဖြစ်လာခဲ့တယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

ပိုပြီးရှင်းရှင်းလင်းလင်း ပြောရရင်တော့ ဗြိတိန်ဒါရိုက်တာ Joe Wright က မူလက Peter Pan ရဲ့
အကြောင်းအရာတွေကို မှီငြမ်းပြီး ဖန်တီးထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Peter (Levi Miller) ဆိုတဲ့ ကောင်လေးဟာ ကလေးပေါက်စ
အရွယ်ကတည်းက လန်ဒန်မြို့က သီလရှင်တွေ ဦးစီးတဲ့ မိဘမဲ့ဂေဟာတစ်ခုမှာ စွန့်ပစ်ခံခဲ့ရတယ်။

သူနဲ့အတူ သူ့အမေ ရေးပေးခဲ့တဲ့ စာလေးတစ်စောင်နဲ့ ၀ါးပုလွေဆွဲသီးလေးနဲ့ ဆွဲကြိုးလေးတစ်ကုံး
ပါလာခဲ့တယ်။

ဒီလိုနဲ့ နှစ်အတန်ကြာတဲ့နောက် 'ပီတာ' တစ်ယောက်လည်း အရွယ်ရောက်လာခဲ့တယ်။

ဂျစ်ကန်ကန်နဲ့ စူးစမ်းလိုစိတ်ပြင်းပြတဲ့ ကောင်လေးပေါ့။

ဒီလိုနဲ့ တစ်ညမှာ အကျင့်မကောင်းတဲ့ သီလရှင် ခေါင်းဆောင်ကြီး ခေါ်လိုက်လို့ ရောက်လာတဲ့
ပင်လယ်ဓားပြတွေက ပီတာနဲ့အတူ ကလေးတွေအများကြီးကို Never Land ကျွန်းကြီးဆီကို
လေပေါ်မှာ ပျံနိုင်တဲ့ ရွက်သင်္ဘောကြီးနဲ့အတူ ခေါ်ဆောင်သွားပါတော့တယ်။

အဲဒီလိုနဲ့ ပီတာတစ်ယောက် အံ့ဩဖွယ်ကောင်းတဲ့ စွန့်စားမှုတွေနဲ့ ခက်ခဲတဲ့ အရာတွေကို
ကျော်လွှားရင်း သူ့ကို မိခင်ဖြစ်သူ ဘာလို့ စွန့်ပစ်ခဲ့ရသလဲဆိုတဲ့ အကြောင်းအရာကို ရှာဖွေရင်း
Never Land ကျွန်းကို ပင်လယ်ဓားပြခေါင်းဆောင်ကြီး Blackbeard (Hugh Jackman)
ရန်ပြုမှုကနေ ကာကွယ်ပုံကို ရိုက်ကူးတင်ပြထားတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းက တစ်ကားလုံးခြုံကြည့်ရင် စိတ်ဝင်စားဖို့ သိပ်မကောင်းလှပါဘူး။

ဒါဟာလည်း သူတဲ့နိုင်ငံမှာ မိဘရဲ့ အုပ်ထိန်းမှုနဲ့အတူ ကလေးငယ်တွေပါကြည့်လို့ရတဲ့ PG
အဆင့်ရအောင် ဇာတ်လမ်းကို ရိုက်ကူးထားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဇာတ်ကားထဲက စွန့်စားမှု ဇာတ်ဝင်ခန်းတချို့ဆိုရင် လူလတ်ပိုင်းတွေနဲ့ လူကြီးတွေအတွက်
တကယ့်ကို အားမရစရာဖြစ်နေတာပါ။

အထူးပြုလုပ်ချက်တချို့ကလည်း ဒီခေတ်အနေအထားအရ အနည်းငယ်ပေါ့ လျော့နေသလို
ခံစားရပါတယ်။

ပြီးတော့ ဒီဇာတ်လမ်းကနေ အရင်က ကြည့်ခဲ့ဖူးတဲ့ ဇာတ်လမ်းနဲ့ ပြန်ဆက်စပ်ဖို့ကလည်း
တချို့အချက်တွေမှာ ကိုက်ညီမှု ရှိမနေတာကို တွေ့ရပါတယ်။

ဥပမာတစ်ခုပြောရရင် မူရင်း ပီတာပန်ဇာတ်ကောင်ရဲ့ အသက်နဲ့ အသွင်အပြင်က ဘယ်တော့မှ
ပြောင်းလဲမသွားပေမယ့် ဇာတ်ကားထဲက ပီတာကတော့ ကလေးလေးဘ၀ကနေ ကြီးပြင်းလာခဲ့ပြီး
ချာတိတ်အရွယ်မှာပဲ ဇာတ်လမ်းကို အဆုံးသတ်ထားပေမယ့် သူဒီထက်ကြီးပြင်းလာနိုင်တယ်ဆိုတဲ့
ခံစားချက်ကို ဇာတ်ကားကြည့်ရှုရင်း ခံစားရစေပါတယ်။

ဒါပေမဲ့လည်း ဇာတ်လမ်းထဲမှာ ထူးခြားဆန်းပြားပြီး လှပတဲ့ တင်ဆက်မှုတွေ၊ အပြင်အဆင်တွေက
မျက်စိပသာဒ ရှိတာတော့ အမှန်ပါပဲ။

ပြီးတော့ ပျော်ရွှင်မှုရသကိုလည်း ပေးစွမ်းနိုင်ပါတယ်။

ကလေးတွေကတော့ အကြိုက်တွေ့စေမှာ သေချာတာကြောင့် အားလပ်ရက်မျိုးမှာ
မိသားစုတွေအတူတူ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားလို့ပဲ ဆိုချင်ပါတယ်။

ရန်ကုန်မှာတော့ ဂျန်းရှင်းစကွဲလ်နဲ့ Mega Ace (ရွှေဗဟို၊ မြရတနာ)တို့မှာ ရုံတင်ပြသနေပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။