လူပြော သူပြောများတဲ့ မြေမှုန်လွင်ရဲ့ ကဗျာစာအုပ်

ဓာတ်ပုံ - Tom Lagdom ၊ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)ဓာတ်ပုံ - Tom Lagdom ၊ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

လူငယ်မော်ဒန်စာရေးဆရာ၊ ကဗျာဆရာ မြေမှုန်လွင်ရဲ့ ပထမဆုံးကဗျာရှည်စာအုပ်
'လူပြောသူပြောများတဲ့ မြေမှုန်လွင်' (The Scuttlebutt Myay Hmone Lwin) ကို
အင်္ဂလိပ် - မြန်မာ နှစ်ဘာသာနဲ့ နိုဝင်ဘာလ နောက်ဆုံးသီတင်းပတ်မှာ 'ငါတို့စာပေ' ကနေ
ထုတ်ဝေဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

ကဗျာရှည်တစ်ပုဒ်တည်းသာ ပါဝင်တဲ့ စာအုပ်ထဲမှာ ကဗျာဆရာက သူကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့
လူငယ်စာရေးဆရာတစ်ယောက်ရဲ့ဘ၀၊ မြန်မာနိုင်ငံရဲ့ စာပေစိစစ် ရေး၊ ပြည်တွင်းစစ်၊
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ သူ့ပတ်ဝန်းကျင်က လူတွေအကြောင်းကို
ထည့်သွင်းရေးစပ်ထားတာဖြစ်တယ်လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်တော်က တိုင်းရင်းသားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်သားအချင်းချင်း
တိုင်းရင်းသားတို့၊ ဗမာတို့ခွဲခြားတဲ့ အနေအထားမျိုးလည်း မလိုချင်ပါဘူး။ လူတိုင်းအတူတူ
ကြုံတွေ့ရတဲ့ အခြေအနေတွေနဲ့ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုတွေကို ကဗျာထဲမှာဖော်ပြလိုက်တာပါ"လို့
မြေမှုန်လွင်က ပြောပါတယ်။

'လူပြောသူပြောများတဲ့ မြေမှုန်လွင်' ကဗျာရှည်ကို မနှစ်က အမေရိကန်နိုင်ငံ Iowa တက္ကသိုလ်မှာ
ကျင်းပခဲ့တဲ့ International Writing Program ကို တက်ရောက်စဉ်က လက်တန်း
ရေးဖွဲ့ခဲ့တာဖြစ်ပြီး ကိုကိုသက်နဲ့ ၀င်ဒီလောရုံတို့က အင်္ဂလိပ်ဘာသာပြန်ဆိုပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်အစပိုင်းက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ စာရေးဆရာများတွေ့ဆုံပွဲကို မြေမှုန်လွင်
တက်ရောက်စဉ်က အဲဒီကဗျာကို စာအုပ်အဖြစ်ထုတ်ဝေဖို့ တိုက်တွန်းကြတာကြောင့်
စင်ကာပူနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ အရင်ပုံနှိပ်ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ကဗျာဆရာတွေ ရေးနေကြ၊ ကဗျာပရိသတ်တွေ ဖတ်နေကြရတဲ့ ပုံစံမျိုးမဟုတ်ဘဲ
ကဗျာတစ်ပိုဒ်ချင်းစီမှာ အဓိပ္ပာယ်နဲ့ အကြောင်းအရာတစ်မျိုးချင်းစီကို မြည်သံစွဲ အလင်္ကာတွေနဲ့
ချိတ်ဆက်ရေးဖွဲ့ထားတာဟာ အသံရဲ့အားကို ကဗျာထဲ ပေါင်းကြည့်ချင်တဲ့ စမ်းသစ်မှုလို့
ကဗျာဆရာက ရှင်းပြပါတယ်။

နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

"ပုံမှန်တော့ ရေးလေ့မရှိပေမယ့် ရွတ်လို့ အဆင်ပြေအောင်နဲ့ အသံတွေရဲ့အားကို အသုံးပြုချင်တဲ့၊
ဦးစားပေးချင်တဲ့ စိတ်နဲ့ မြည်သံစွဲတွေ ထည့်ဖြစ်တယ်။ အရေအတွက်များများရောင်းရဖို့ထက်
ခံစားမှုရသအသစ်တစ်ခုပေးနိုင်ဖို့ ကြိုးစားထားတာပါ။ ကဗျာချစ်သူတွေ လက်ခံနိုင်မယ်လို့လည်း
ယုံကြည်ပါတယ်"လို့ မြေမှုန်လွင်က ပြောပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ မြေမှုန်လွင်ဟာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုအောင်မြင် ပြီးချိန်မှာ
ကျောင်းဆက်မတက်ပဲ အသက် ၁၇ နှစ်အရွယ်ကတည်းက မော်ဒန်ခေတ်ပြိုင် ၀တ္ထုတွေ
ရေးသားခဲ့ကာ 'ငါတို့စာပေ'ကိုလည်း ဦးစီးလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဝတ္ထုစာအုပ်များစွာ ရေးသားခဲ့ပေမယ့် ကဗျာတိုပေါင်းချုပ် 'စီးမလား' တစ်အုပ်တည်းကိုသာ
ထုတ်ဝေခဲ့ပြီး 'လူပြောသူပြောများတဲ့ မြေမှုန်လွင်' ကဗျာရှည်စာအုပ်ကိုတော့ ပထမဆုံး
ထုတ်ဝေခြင်းဖြစ်ပါတယ်။

"၀ါးခနဲ ငိုလိုက်တဲ့ ကလေးလေး နို့မှုန့်တွေအစား ယမ်းမှုန့်တွေကို ဖျော်တိုက် ကြီးလာရင်
တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ပါ။"

"ဖြောင်းခနဲ ကျိုးသွားတဲ့သစ်ကိုင်း အအေးဒဏ် သက်သာဖို့ တစ်ညစာ တာဝန်ကျေခဲ့တယ်
ဇိမ်ခံကားတစ်စီးက သစ်ပင်ကို ၀င်တိုက် သစ်ပင်ပေါ်က သစ်ကိုင်းကျိုးကျ သစ်ကိုင်းပေါ်က
ငှက်သိုက်ပြုတ်ကျ ငှက်သိုက်ထဲမှာက အတောင်မစုံသေးတဲ့ ငှက်ငယ်လေး အရေးပေါ်
လူနာတင်ကားရောက် လာတော့ ငှက်လေးကို ဆေးရုံခေါ်သွားမယ် ထင်သလား။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်