နိုင်ငံတကာပွဲမှာ လူစိတ်ဝင်စားမှု ရယူနိုင်ခဲ့တဲ့ မြန်မာဒီဖိုင်နာ

ဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ မလေးရှားဖက်ရှင်ရက်သတ္တပတ်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ မြန်မာဒီဇိုင်နာ အလတ်လူမြန်ရဲ့ ဖက်ရှင်လက်ရာများ။ ဓာတ်ပုံ - Suppliedဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ မလေးရှားဖက်ရှင်ရက်သတ္တပတ်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ မြန်မာဒီဇိုင်နာ အလတ်လူမြန်ရဲ့ ဖက်ရှင်လက်ရာများ။ ဓာတ်ပုံ - Supplied

မလေးရှား ဖက်ရှင်ရက်သတ္တပတ်ကျင်းပရေးအဖွဲ့ဟာ သူတို့ရဲ့ပွဲတော်ကြီးအတွက်
အာရှတစ်ဝန်းက အစွမ်းအစရှိတဲ့ မျိုးဆက်သစ်ဖက်ရှင်ဒီဇိုင်နာတွေကို နှစ်စဉ်ရှာဖွေပြီး
ပွဲထုတ်ပေးလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ မြန်မာလူငယ်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ အလတ်လူမြန်ဟာ လက်စွမ်းလက်စရှိတဲ့
ဒီဇိုင်နာ တစ်ဦးအဖြစ် ပွဲတော်ကြီးမှာ ပါဝင်ဖို့ရွေးချယ်ခံခဲ့ ရပါတယ်။

အလတ်ဟာ "ALPHA" လို့အမည်ပေးထားတဲ့ collection တစ်ခုကို နိုဝင်ဘာ ၅ ရက်ကနေ
၇ ရက် အထိ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Mercedes-Benz Stylo Asia Fashion Week မှာ
ပါဝင် ပြသခွင့်ရခဲ့ပါတယ်။

ဒီပွဲကြီးမှာ မလေးရှားဒီဇိုင်နာတွေနဲ့အတူ အာရှနိုင်ငံပေါင်း ၁၈ နိုင်ငံက ဒီဇိုင်နာပေါင်း ၆၀ ကျော်
ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

"ဒီပွဲက ကျွန်တော့်အတွက် တခြားနိုင်ငံမှာသွားပြရတဲ့ ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။
တာဝန်ယူရတဲ့အပိုင်းမှာလည်း တစ်ခုချင်းစီအတွက်ကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့
ဒါက နိုင်ငံတကာနဲ့ချီပြီး ကိုယ့်ရဲ့ဖက်ရှင်တွေကို ပြသရတာလေ"လို့ အလတ်လူမြန်က
ပြောပါတယ်။

ဖက်ရှင်လောကထဲကို ၀င်ရောက်လာခဲ့တာ သုံးနှစ်နီးပါးရှိပြီဖြစ်တဲ့ အလတ်လူမြန်ဟာ
ဖက်ရှင်ပညာကို ဩစတြေးလျနိုင်ငံက Metropolitan South Institute of TAFE မှာ
သင်ယူလေ့လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပါတယ်။

ခုဆိုရင် သူ့ဖက်ရှင် လက်ရာတွေကို ပြည်တွင်းမဂ္ဂဇင်းနဲ့ မီဒီယာတွေမှာ ဖော်ပြခံရတာမို့လည်း
အတိုင်းအတာတစ်ခုအထိ လူသိများလာသူလည်း ဖြစ်ပါတယ်။

အလတ်ဟာ သူ့ရဲ့ "ALPHA collection" မှာ ၀တ်စုံပေါင်း ၁၁ စုံ ထည့်သွင်းထားပြီး မြန်မာရဲ့
အနုပညာအနှစ်သာရကို ဖော်ဆောင်တဲ့ ရိုးရာချိတ်တွေနဲ့ ကနုတ်အဆင်ဒီဇိုင်းတွေကို အသုံးပြုပြီး
ဖန်တီးခဲ့တာဖြစ်ပါတယ်။

အရောင်ကိုတော့ စစ်စိမ်းရောင်ကို ရွေးချယ်ခဲ့ပါတယ်။ "ALPHA" လို့ အမည်ပေးထားတာကိုတော့
အမျိုးသမီးတွေအနေနဲ့ ပင်ကိုစရိုက်မှာ သန်မာမှုရှိတယ်၊ ဦးဆောင်မှုကို ဖော်ညွှန်းတယ်ဆိုတဲ့
အဓိပ္ပာယ်မျိုးနဲ့ ပေးထားတယ်လို့ အလတ်လူမြန်က ရှင်းပြပါတယ်။

ဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ မလေးရှားဖက်ရှင်ရက်သတ္တပတ်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ မြန်မာဒီဇိုင်နာ အလတ်လူမြန်ရဲ့ ဖက်ရှင်လက်ရာများ။ ဓာတ်ပုံ - Suppliedဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ မလေးရှားဖက်ရှင်ရက်သတ္တပတ်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ မြန်မာဒီဇိုင်နာ အလတ်လူမြန်ရဲ့ ဖက်ရှင်လက်ရာများ။ ဓာတ်ပုံ - Supplied

"ဒီဇိုင်းပိုင်းမှာဆိုရင်လည်း ၁၈၉၀ ကနေ ၁၉၂၀ ကြား အနောက်ပိုင်းမှာ ခေတ်စားခဲ့တဲ့
Art Nouveau ဆိုတဲ့ ဖက်ရှင်ဒီဇိုင်းကို အားကျအတုယူပြီး အဓိက ဖန်းတီးထားတာဖြစ်သလို
အရောင်နဲ့ ဒီဇိုင်းဖွဲ့စည်းပုံတွေကိုလည်း ပြည့်လျှံအောင် ပြုလုပ်ထားပါတယ်။ ဒီဇိုင်းတွေကိုတော့
မာတဲ့ဘက်ကို သွားထားတယ်။ ၀တ်စုံအများစုမှာ အပေါ်အင်္ကျီတွေကို ဖော့ခံပြီးချုပ်ထားသလို
ချုပ်ရိုးကြောင်းတွေ လိုက်ပြီးတော့လည်း ဖန်တီးထားပါတယ်"လို့ သူ့ရဲ့ပြပွဲဝတ်စုံပုံစံကို အလတ်က
ပြောပြပါတယ်။

နိုင်ငံတကာဖက်ရှင်ပွဲတစ်ခုမှာ ကိုယ့်ဖန်တီးမှုတွေ သွားရောက်ပြသနိုင်ဖို့အတွက် ပြင်ဆင်ရတာ
လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။

အလတ်လူမြန်ဟာလည်း ၀တ်စုံတွေအားလုံးကို အချိန်မီပြီးစီးနိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ရပါတယ်။

နိုင်ငံတကာပွဲမှာ ပါဝင်လက်စွမ်းပြခွင့်ရတဲ့အခါ စိတ်လှုပ်ရှားရသလို တစ်ချိန်တည်းမှာပဲ
စိတ်ဖိစီးမှုတွေလည်း ကြုံခဲ့ရတယ်လို့လည်း အလတ်လူမြန်က ပြောပြပါတယ်။

"အခက်အခဲကတော့ အဓိကက ဒီပွဲမှာ ပြသမယ့်ဝတ်စုံတွေကို ဖန်တီးဖို့ အလတ်ရခဲ့တဲ့
အချိန်အပိုင်းအခြားပါပဲ။ အများနဲ့မတူကွဲပြားတဲ့ ၀တ်စုံ ၁၁ စုံကို ပြနိုင်ဖို့ကြီးပဲ မဟုတ်ဘူးလေ။
ဒီဇိုင်နာတစ်ယောက်အနေနဲ့ ကိုယ်ပေးချင်တဲ့ ရှုထောင့်တစ်ခုကနေလည်း ပြနိုင်ရမယ်။ ပြီးတော့
အလတ်ရဲ့ဝတ်စုံတွေကိုကြည့်ပြီး အလတ်က ဘယ်ကနေ လာရောက်ပြသတယ်ဆိုတာကိုပါ
ကြည့်တဲ့သူတွေသိနိုင်မယ့် ၀တ်စုံတွေဖြစ်ဖို့လည်း လိုအပ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်
ဒီပွဲအတွက် Collection တစ်ခုကို အချိန်မီပြီးဖို့က အလတ်အတွက် အချိန်မလုံလောက်ဘူး။
အဲဒီအတွက် ရတဲ့အချိန်အတွင်းမှာ အရမ်းကို ကြိုးစားပြီး လုပ်ခဲ့ရတယ်"လို့ အလတ်လူမြန်က
ပြောပြပါတယ်။

"မော်ဒယ်တွေကို ၀တ်စုံအတိုင်း ချတဲ့နေ့မှာလည်း မော်ဒယ်ငါးယောက်လောက်က အရေးကြီးတဲ့
ဖက်ရှင်ပွဲတစ်ပွဲကို လျှောက်နေရတော့ ရောက်မလာခဲ့တာတွေ ရှိတယ်။ အဲဒီတော့ ဖက်ရှင်ရှိုးမှာ
ကိုယ့်ဘက်က လိုချင်တဲ့အနေအထားတစ်ခု ရဖို့အတွက် ခက်ခဲတဲ့ အချိန်တွေကိုတော့
ကျော်ဖြတ်ခဲ့ရတယ်"လို့လည်း အလတ်က ဖြည့်စွက်ပြောပြပါတယ်။

ဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ မလေးရှားဖက်ရှင်ရက်သတ္တပတ်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ မြန်မာဒီဇိုင်နာ အလတ်လူမြန်ရဲ့ ဖက်ရှင်လက်ရာများ။ ဓာတ်ပုံ - Suppliedဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ မလေးရှားဖက်ရှင်ရက်သတ္တပတ်ပွဲမှာ ပါဝင်ပြသခဲ့တဲ့ မြန်မာဒီဇိုင်နာ အလတ်လူမြန်ရဲ့ ဖက်ရှင်လက်ရာများ။ ဓာတ်ပုံ - Supplied

အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမယ့် ရိုးရာပိတ်စကို စစ်စိမ်းရောင်သာသုံးပြီး ခေတ်ပြိုင် ဒီဇိုင်းမျိုး
ဖန်တီးခဲ့တဲ့ မြန်မာဒီဇိုင်နာရဲ့ဝတ်စုံတွေဟာ လျှောက်လမ်းပေါ်မှာ လူအများရဲ့အာရုံကို
ဖမ်းစားနိုင်ခဲ့ပါတယ်။

"အဲဒီမှာ တချို့တွေက အလတ်ကို အရင်ဆုံး ဘာမေးကြလဲဆိုရင် အလတ်ရဲ့လက်အဖောင်းနဲ့
ဂျာကင်အင်္ကျီတွေမှာ ဘယ်လိုပိတ်စမျိုးကို သုံးထားလဲလို့ မေးကြတယ်။ အလတ်ကလည်း
ဒါငါတို့နိုင်ငံမှာ မြန်မာအမျိုးသမီးတွေ ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေမှာ တန်ဖိုးထားဝတ်ဆင်ကြတဲ့
ရိုးရာချိတ် ပိတ်စတွေပါဆိုပြီး ရှင်းပြလိုက်တယ်။ သူတို့တွေက အလတ်ရဲ့ ပိတ်စအသုံးပြုတာနဲ့
ပတ်သက်ပြီး အရမ်းကို စိတ်ဝင်စားကြတယ်"လို့ သူ့ပွဲက အတွေ့အကြုံတွေကို ပြောပြပါတယ်။

ဒီပွဲတော်မှာ ပါဝင်ခွင့်ရတာဟာ နိုင်ငံတကာက ဖက်ရှင်ဈေးကွက်နဲ့ ကိုယ့်ပြည်တွင်းမှာ
ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း နားလည်သဘောပေါက်လာစေတယ်လို့လည်း
အလတ်လူမြန်က ပြောပါတယ်။

"အတွေ့အကြုံတွေကတော့ အများကြီးပဲရခဲ့တယ်။ တခြားဒီဇိုင်နာတွေရဲ့ဖက်ရှင်တွေကို
လေ့လာခွင့်ရခဲ့သလို သူတို့ရဲ့ဒီ မားကက်တင်းနဲ့ ပတ်သက်တဲ့ ဗျူဟာတွေကိုလည်း
လေ့လာခွင့်ရခဲ့တယ်။ မလေးရှားနိုင်ငံကိုက သူတို့နိုင်ငံရဲ့ ဖက်ရှင်လောကကို တိုးချဲ့ပြီး
ဈေးကွက်စီးပွားရေးအရ တိုးမြှင့်လာတာကိုလည်း တွေ့ခဲ့ရတယ်။ အစိုးရကိုယ်တိုင်ကလည်း
ဒီဖက်ရှင်လောကကြီးကို အထောက်အကူပေးတယ်။ ကောင်းတဲ့အရာတွေ အများကြီး
လေ့လာခွင့်ရခဲ့ပါတယ်။ ရလာတဲ့ အတွေ့အကြုံတွေကို မြန်မာပြည်က ဒီဇိုင်နာတွေကိုလည်း
မျှဝေပေးချင်ပါတယ်"လို့ အလတ်လူမြန်က ပြောပါတယ်။

"မြန်မာနိုင်ငံမှာတော့ ကျွန်တော်တို့ ဖက်ရှင်ဒီဇိုင်နာတွေဟာ စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်နေရတာပါ။
ဒါကြောင့် မြန်မာဒီဇိုင်နာတွေအနေနဲ့ ဆက်လက်ရှင်သန်နိုင်ဖို့ အခွင့်အရေးရသင့်ပါတယ်။
ဖက်ရှင်လုပ်ငန်းအတွက်ရော တိုင်းပြည်ရဲ့စီးပွားရေးအတွက်ရောပေါ့"လို့လည်း သူက
ဆက်ပြောပါတယ်။

Mercedes-Benz Stylo Asia Fashion Week ကို မလေးရှားနိုင်ငံမှာ ကျင်းပလာခဲ့တာ ဒီနှစ်ဟာ
၁၀ ကြိမ်မြောက်ပြီး အာရှဖက်ရှင်လုပ်ငန်းကို အားပေးတဲ့အနေနဲ့ နှစ်စဉ်ကျင်းပလာခဲ့တာ
ဖြစ်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်