ဘိုးသက်ရှည် ပန်းချီဆရာကြီး ဦးစန်းလှိုင် ဂုဏ်ပြုပြတိုက် မကြာမီ ဖွင့်မည်

အသက် ၉၀ ကျော်လာတဲ့အထိ ပန်းချီရေးနေဆဲဖြစ်တဲ့ ဆရာကြီး ဦးစန်းလှိုင်။ ဓာတ်ပုံ - Suppliedအသက် ၉၀ ကျော်လာတဲ့အထိ ပန်းချီရေးနေဆဲဖြစ်တဲ့ ဆရာကြီး ဦးစန်းလှိုင်။ ဓာတ်ပုံ - Supplied

အောင်မြင်ကျော်ကြားသူတွေကို ဂုဏ်ပြုဖွင့်လှစ်တဲ့ ပြတိုက်တွေကို အဲဒီပုဂ္ဂိုလ်တွေ မရှိကြတော့တဲ့
အချိန်အခါကျမှ ဖွင့်လှစ်ကြတာ များပါတယ်။

ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေချိန်မှာ ဖွင့်လှစ်ပေးတာကတော့ ဂုဏ်ပြုခံပုဂ္ဂိုလ်အဖို့
အဓိပ္ပာယ်ရော၊ အနှစ်သာရပါ အတိုင်းအဆမရှိ ပိုလို့ပြည့်စုံလှပစေပါတယ်။

အသက် ၉၃ နှစ်အရွယ်အထိ ရိုးရာပန်းချီကိုသာ တစိုက်မတ်မတ်ရေးဆွဲလာတဲ့ အဘိုးဖြစ်သူ
ပန်းချီဆရာကြီး ဦးစန်းလှိုင်ကို ဂုဏ်ပြုတဲ့အနေနဲ့ အများပြည်သူ သွားရောက်နိုင်မယ့်
အထိမ်းအမှတ်ပြတိုက်ကို မြေးကြီးဖြစ်သူက မကြာမီမှာ ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

ပြတိုက်အမည်ကိုလည်း 'ပန်းချီဆရာကြီး ဦးစန်းလှိုင် အမှတ်တရပြတိုက်'လို့ ပေးသွားမှာ
ဖြစ်ပါတယ်။

အသားညိုညို၊ ကိုယ်ဟန်ပါးလျလျနဲ့ ကျန်းမာသွက်လက်ပုံရတဲ့ ဆရာကြီး ဦးစန်းလှိုင်ဟာ
ခေတ်ပြိုင်ရေးဟန်နောက်ကို မလိုက်ဘဲ ရိုးရာပန်းချီရေးဟန်အပေါ် သံယောဇဉ်ကြီးမားသူဖြစ်သလို
အချိန်ပြည့်ပန်းချီဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ဆရာကြီးရဲ့ မြေးခုနစ်ဦးထဲက မြေးဦးဖြစ်သူ ကိုမျိုးသော်က အဘိုးဖြစ်သူ သူ့ဘဝ
တစ်လျှောက်လုံး ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေထဲက လွန်ခဲ့တဲ့ ခုနစ်နှစ်တာ ကာလအတွင်း
ရေးဆွဲခဲ့တဲ့ ပန်းချီကား ၁၀၃ ကားကို ရွေးထုတ်ပြီး နိုဝင်ဘာ ၁၇ နဲ့ ၁၈ ရက်တို့မှာ
 Strand Hotel မှာ ပြသခဲ့ပါတယ်။

ပန်းချီကားတွေအပြင် ပြပွဲမှာ ထည့်သွင်းပြသခဲ့တဲ့ အနုပညာလက်ရာတွေကတော့
ဒုတိယကမ္ဘာစစ်အတွင်းက ဆရာကြီး တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်ကပုံနဲ့
လက်ရှိအသက်အရွယ်ပုံတွေကို ဆီလီကွန်နဲ့ ထုဆစ်ပုံဖော်ထားတဲ့ တစ်ကိုယ်လုံးပုံ
ရုပ်တု နှစ်ခုပဲ ဖြစ်ပါတယ်။

ဆရာကြီးရဲ့ဆီလီကွန် ပန်းပုတွေကို ပန်းပုဆရာ အောင်ကျော်ထွန်းက ထုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆရာကြီးဦးစန်းလှိုင်ရဲ့ တစ်ကိုယ်တော်ပန်းချီပွဲမှာ ပန်းချီကားတွေကို ပြသရုံသာပြသခဲ့တာဖြစ်ပြီး
အဲဒီပန်းချီကားတွေနဲ့ ဆီလီကွန်ရုပ်တုနှစ်ခုကို ပွဲအပြီးမှာ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနှင့်
၃၄ လမ်းကြား၊ တိုက်အမှတ် (၁၆၆/၁၆၈)မှာ ဖွင့်လှစ်သွားမယ့် ပြတိုက်မှာ ထားရှိသွားမှာ
ဖြစ်ပါတယ်။

အချောမသပ်သေးခင် တွေ့ရတဲ့ ဆရာကြီးပုံတူ ဆီလီကွန်ရုပ်တု။ ဓာတ်ပုံ - Suppliedအချောမသပ်သေးခင် တွေ့ရတဲ့ ဆရာကြီးပုံတူ ဆီလီကွန်ရုပ်တု။ ဓာတ်ပုံ - Supplied

ပြတိုက်ကို ရှစ်ထပ်တိုက်အဆောက်အအုံရဲ့ ခေါင်းမိုးထပ်မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး
ဘေးပတ်လည်က မြင်ကွင်းတွေကို ကြည့်ရှုခံစားနိုင်ဖို့အတွက် ဘေးအကာတွေမပါတဲ့
လဟာပြင်ပုံစံမျိုး ပြင်ဆင်ထားတာဖြစ်ပါတယ်။

ပြတိုက်လာရောက်သူတွေ အနားယူသောက်သုံးနိုင်မယ့် ကော်ဖီဆိုင်တစ်ဆိုင်ကိုလည်း
ထည့်သွင်းဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံဇာတိသား ပန်းချီဆရာကြီး ဦးစန်းလှိုင်ဟာ ကိုယ်ပိုင်ရေးဟန်နဲ့
အောင်မြင်ထင်ရှားတဲ့ စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးတစ်ဦး ဖြစ်ပါတယ်။

ဘ၀တစ်လျှောက်လုံး ရိုးရာဟန်လွှမ်းမိုးတဲ့ ပန်းချီကားတွေ ရေးဆွဲခြင်းကနေ ဘယ်သောအခါမှ
သွေဖည်ပြီး ခွဲမထွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆရာကြီးရဲ့ထင်ရှားတဲ့ အနုပညာလက်ရာတစ်ခုကတော့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ခေတ်
၁၉၇၄ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံပဲ ဖြစ်ပါတယ်။

ဆရာကြီးဟာ အနီရောင်အောက်ခံကိုမှ ဘယ်ဘက်ထောင့်က အပြာရောင်လေးထောင့်
အကွက်ထဲမှာ စက်သွားနဲ့ စပါးနှံခက်ကို ကြယ်ဖြူ ၁၄ လုံး ၀န်းရံထားတဲ့ပုံစံကို ဖန်တီးပေးခဲ့တာ
ဖြစ်ပါတယ်။

"အဘိုးရဲ့ဆွဲဟန်တွေက မြန်မာ့ရိုးရာကနေ သွေဖည်မသွားဘူး။ ခုနောက်ပိုင်းမှာ မော်ဒန်တွေ၊
ဒြပ်မဲ့ပန်းချီတွေ ခေတ်စားလာပြီး မြန်မာ့ရိုးရာဟန် တဖြည်းဖြည်း ပျောက်ကွယ်လာပါပြီ။ အဘိုးရဲ့
မြန်မာမှုအငွေ့အသက်တွေ ထုံလွှမ်းနေတဲ့ ပန်းချီကားတွေကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ
ခံစားစေချင်လို့ ပွဲကို တခမ်းတနားကျင်းပဖို့ စိုင်းပြင်းလာတာ ၁၀ နှစ်ကျော်ပါပြီ။
ခုမှ ကျင်းပဖြစ်တာပါ"လို့ ပန်းချီဆရာကြီး ဦးစန်းလှိုင်ရဲ့ မြေးဖြစ်သူ ကိုမျိုးသော်က ပြောပါတယ်။

ပန်းချီပွဲကျင်းပမယ့်အကြောင်း အသိပေးကြေညာထားတဲ့ ဧရာမဆိုင်းဘုတ်ကြီးတွေကိုလည်း
ပန်းချီပွဲမစခင် နှစ်ပတ်ကျော်ကတည်းက ရန်ကုန်မြို့အနှံ့မှာ တွေ့မြင်ကြရတာ အရေအတွက်ပေါင်း
၃၀ လောက်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

အဘိုးဖြစ်သူရဲ့ ပန်းချီကားတွေသာမကဘဲ ခေတ်အမျိုးမျိုးကို ကြုံတွေ့ ဖြတ်သန်းခဲ့တဲ့ ဘိုးသက်ရှည်
ပန်းချီဆရာကြီးတစ်ဦးရဲ့ဘ၀ကို မှတ်တမ်းတင်လိုတဲ့အနေနဲ့ 'မြန်မာနိုင်ငံ၏ အသက်အကြီးဆုံး
ဂန္ထ၀င်ပန်းချီဆရာကြီး ဦးစန်းလှိုင် (သို့မဟုတ်) မြန်မာ့လွတ်လပ်ရေး မော်ကွန်းဝင်တစ်ဦး' ဆိုတဲ့
အတ္ထုပ္ပတ္တိစာအုပ်ကိုလည်း ပြပွဲဖွင့်ပွဲနေ့မှာ စတင်ထုတ်ဝေခဲ့ပါတယ်။

စာအုပ်ကို စာရေးဆရာမ၊ ပန်းချီဆရာမ ခင်သန်းဖြူက အင်္ဂလိပ် - မြန်မာ နှစ်ဘာသာနဲ့
ရေးသားပြုစုခဲ့ပါတယ်။

"အဘိုးဟာ အသက် ၉၃ နှစ်ဆိုပေမယ့် ကျန်းမာရေးကောင်းတုန်းပါပဲ။ အကြားအာရုံရော၊
အမြင်အာရုံပါ ကောင်းသလို ယနေ့အထိ ပန်းချီကားတွေကို ရေးဆွဲနေတုန်းပါပဲ"လို့ ကိုမျိုးသော်က
ပြောပါတယ်။

ဆရာကြီး ဦးစန်းလှိုင်ဟာ ငယ်စဉ်ကပင် ပန်းချီရေးဆွဲတာကို ၀ါသနာပါခဲ့ပါတယ်။

မိဘတွေက ဆင်းရဲနွမ်းပါးတာကြောင့် ပန်းချီစုတ်တံနဲ့ ဆေးတွေကို ၀ယ်မပေးနိုင်တဲ့အခါ
မြေကြီးပေါ်မှာပဲ တုတ်ချောင်းနဲ့ လေ့ကျင့်ခဲ့ရပါတယ်။

သူ့ရဲ့လက်ဦးဆရာကတော့ ပန်းချီဆရာ ဆရာမှတ်ပဲ ဖြစ်ပါတယ်။

အသက် ၁၄ နှစ်အရွယ်မှာတော့ ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ၊ အေ၀မ်းရုပ်ရှင်တို့နဲ့
ဆက်သွယ်မိပြီး ရုပ်ရှင်ပိုစတာ၊ ကြော်ငြာပန်းချီ ရေးဆွဲနည်းတွေကို လေ့လာခဲ့ပါတယ်။

စစ်ပြီးနောက်ပိုင်းမှာ စီးပွားဖြစ်ပန်းချီရေးဆွဲပြီး သားသမီး ရှစ်ယောက်ကို
အလုပ်အကျွေးပြုခဲ့သူလည်း ဖြစ်ပါတယ်။

"အဘိုးရေးဆွဲခဲ့တဲ့ ကြော်ငြာပန်းချီတွေထဲမှာ ထင်ရှားတာက ဖိနပ်ကြော်ငြာ တစ်ခုပါ။ ဒီဇိုင်းတွေက
သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်စွမ်း ဘယ်လောက် အားကောင်းလဲဆိုတာ ပြပါတယ်။
ဖိနပ်ကြော်ငြာအတွက် သူဆွဲတဲ့ပုံက ချိန်ခွင်ထဲမှာ ဖိနပ်နဲ့ ငှက်မွေး တစ်ဖက်စီ ချိန်ကြည့်ပေမယ့်
အလေးချိန် တူနေတဲ့ပုံပါ။ ဖိနပ်ဟာ ငှက်မွေးလေးလို ပေါ့ပါးတယ်ဆိုတဲ့ သဘောပါ"လို့
ကိုမျိုးသော်က ပြောပါတယ်။

ဆရာကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗမာ့ကာကွယ်ရေးတပ်မတော်ထဲကို ၀င်ခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးကာလအတွင်းမှာ နယ်ချဲ့တို့ကို တော်လှန်တိုက်ခိုက်ခဲ့တဲ့အတွက်
လွတ်လပ်ရေး မော်ကွန်းဝင်ဒုတိယအဆင့် ချီးမြှင့်ခြင်းခံခဲ့ရတဲ့ နိုင်ငံ့သားကောင်းတစ်ယောက်လည်း
ဖြစ်ပါတယ်။

သူ့ပန်းချီကားတွေက သူမြင်ခဲ့တာ၊ တွေ့ကြုံခဲ့တာတွေကို ရောင်ပြန်ဟပ်လျက်ရှိပါတယ်။

"ဆရာကြီးရဲ့သက်တမ်းက ရာစုနှစ် တစ်ခုနီးပါးဆိုတော့ သူ့အကြောင်းရေးရတာ
တော်တော်ခက်ခဲသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သူက အသက် ၉၃ နှစ်ဆိုပေမယ့်
မှတ်ဉာဏ်အရမ်းကောင်းတယ်။ သူငယ်တန်းတုန်းက အဖြစ်အပျက်တွေကို အသေးစိတ်
ပြောပြနိုင်ပါတယ်"လို့ ဆရာကြီးရဲ့ အတ္ထုပ္ပတ္တိစာအုပ်ကို ရေးသားပြုစုခဲ့တဲ့ စာရေးဆရာ၊
ပန်းချီဆရာမ ခင်သန်းဖြူက ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ အသက်အကြီးဆုံး ပန်းချီဆရာလည်းဖြစ်တယ်။ အခုထိလည်း ပန်းချီတွေ
ရေးဆွဲနေတုန်းဖြစ်လို့ လေးစားဖို့ အရမ်းကောင်းပါတယ်"လို့လည်း ဆရာမက ပြောပါတယ်။

"မိသားစုကို ထောက်ပံ့ပေးခဲ့ပြီး နိုင်ငံလွတ်လပ်ရေး ရဖို့အတွက်လည်း ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ
တိုက်ပွဲဝင်ခဲ့တယ်။ အဘိုးအတွက် အရမ်းဂုဏ်ယူရပါတယ်"လို့ ကိုမျိုးသော်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်