မြန်မာ့ လူ့အခွင့်အရေး ဇာတ်ကားများ ဗီယက်နမ်တွင် ပြသမည်

မြန်မာအမျိုးသမီး သုံးဦး ဦးဆောင်ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ကား သုံးကားဟာ
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် 'အာဆီယံနိုင်ငံများရဲ့ ဓာတ်ပုံ၊ သတင်းနဲ့
မှတ်တမ်းရုပ်ရှင်များရုပ်ရှင်ပွဲတော်' (Photos, Reportage and Documentary Films on the
Peoples in ASEAN Community) မှာ ပြသဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ဒါရိုက်တာ ရွှန်းလဲ့နဲ့အဖွဲ့ ရိုက်ကူးထားတဲ့ "What Are Human Rights?" ၊ ဒါရိုက်တာ
နွေးဇာခြည်စိုးနဲ့အဖွဲ့ ရိုက်ကူးထားတဲ့ "Traveller" ၊ ဒါရိုက်တာ လင်းစက်နွယ်နဲ့ အဖွဲ့
ရိုက်ကူးထားတဲ့ "Bamboo Girl" ဇာတ်ကားတွေဟာ ဗီယက်နမ်နိုင်ငံမှာ ဒီဇင်ဘာလ
၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ ပြသသွားမှာ ဖြစ်ပါတယ်။

ဇာတ်ကား သုံးကားစလုံးမှာ လူ့အခွင့်အရေးကို ပုံဖော်တင်ဆက်ထားတာဖြစ်ပြီး Human Dignity
Film Institute ရဲ့ ပံ့ပိုးကူညီမှုနဲ့ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ
ရုပ်ရှင်ပွဲတော်မှာလည်း ပြသခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးဥပဒေအရ မသန်စွမ်းအမျိုးသား၊ အမျိုးသမီးတွေကို စာသင်ကျောင်းတွေမှာ
ဆရာ၊ ဆရာမတွေအဖြစ် လက်မခံတာကြောင့် ဘွဲ့ရပညာတတ် မသန်စွမ်းအမျိုးသမီး
တစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ ကျောင်းဆရာမ လျှောက်ထားမှုဟာ ငြင်းပယ်ခံလိုက်
ရပါတယ်။

ဒါပေမဲ့လည်း စိတ်ဓာတ်မကျဘဲ ဘ၀ကို ရှေ့ဆက်လှမ်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရဲ့
အကြောင်းကို ဒါရိုက်တာ နွေးဇာခြည်စိုးနဲ့ အဖွဲ့က "Traveller" အဖြစ် ရိုက်ကူးတင်ဆက်ထားတာ
ဖြစ်ပါတယ်။

မသန်စွမ်းတွေကို ကူညီပံ့ပိုးပေးတဲ့ အင်န်ဂျီအိုတစ်ခုမှာ မီဒီယာတာဝန်ခံအဖြစ် လုပ်ခဲ့ဖူးတဲ့
မနွေးဇာခြည်စိုးက သူ့အဖွဲ့အစည်းမှာ တကယ်ရှိတဲ့ ဇာတ်ကောင်ရဲ့အကြောင်းကို
ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၅ မိနစ်စာ ပြသချိန်အတွက် ရိုက်ကူးချိန် နှစ်လ ကြာမြင့်ခဲ့ပါတယ်။

အဲဒီဇာတ်ကားကို မလေးရှား၊ အိန္ဒိယနဲ့ အမေရိကနိုင်ငံတွေမှာ ပြသခဲ့ဖူးပြီး ခု ဗီယက်နမ်နိုင်ငံမှာ
ပြသမယ့် အစီအစဉ်မှာတော့ ဒါရိုက်တာ နွေးဇာခြည်စိုးကိုယ်တိုင် တက်ရောက်ပြီး မြန်မာနိုင်ငံရဲ့
မသန်စွမ်း ဥပဒေနဲ့ မသန်စွမ်းတွေရဲ့ ခွဲခြားခံရမှု၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံ အားငယ်မှုတို့ကို
ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

"ဒီမှတ်တမ်းရုပ်ရှင်ကို ကြည့်ပြီးသွားရင် လူပေါ်မူတည်ပြီး အမြင်နှစ်မျိုးရှိသွားနိုင်တယ်။ တစ်မျိုးက
မသန်စွမ်းတွေအကြောင်း သိနားလည်တဲ့ လူတန်းစားတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို
မြင်သွားမယ်။ နောက်ပြီး လူ့အခွင့်အရေးအကြောင်း မသိတဲ့ လူတန်းစားတွေကျတော့
ရုပ်ရှင်ကြည့်ပြီးရင် အနိုင်ကျင့်ခံရတဲ့ မသန်စွမ်းတွေကို သနားမယ်။ မသန်စွမ်းတွေ ကြည့်မယ်
ဆိုရင်တော့ အားတက်စရာ၊ ဘ၀ကို အရှုံးမပေးဘဲ ဆက်လျှောက်လှမ်းတဲ့ သူတွေ
ရှိနေတယ်ဆိုတာ သိလာမယ်"လို့ သူ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး မနွေးဇာခြည်စိုး ကပြောပါတယ်။

ဝါးလုံးပိုင်းနဲ့ စည်းချက်ကျအောင်တီးပြီး သီချင်းဆို၊ ပိုက်ဆံတောင်းတဲ့ လှိုင်သာယာမြို့စွန်မှာနေတဲ့
မိန်းမငယ်လေးတစ်ယောက် အကြောင်းကိုတော့ Bamboo Girl ဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာ
ဖြစ်ပါတယ်။

ကင်မရာသမားဖြစ်တဲ့ အဖွဲ့ဝင် ကိုဘိုသက်ထွန်း က မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့
အခွင့်အရေး၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ပညာရေးကို ပြသချင်တဲ့ စိတ်ကူးနဲ့
ဒီမှတ်တမ်းရုပ်ရှင်ရိုက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပေမယ့် တစ်ကယ်တမ်း ရိုက်ကူးချိန်မှာတော့
အခက်အခဲတွေ များခဲ့တယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ စိတ်ကူးကို Human Dignity Film Institute က ဆရာ မင်းထင်ကိုကိုကြီးတို့ကို
ပြောပြတယ်။ သူတို့သဘော ကျပြီး လက်ခံအားပေးတာကြောင့် စရိုက်ခဲ့ပေမယ့်
ဝါးကျည်တောက်နဲ့ ပိုက်ဆံတောင်းတဲ့ သူတော်တော်များများက အရိုက်မခံချင်ကြဘူး။
တစ်မြို့လုံးလိုက်ရှာပေမယ့် နောက်ဆုံး လှိုင်သာယာက ညီမလေးတစ်ယောက်က နားလည်စွာ
သူ့ဘ၀အကြောင်း အရိုက်ခံပေးခဲ့တယ်"လို့ ကိုဘိုသက်ထွန်း ကပြောပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်