ဒေါ်လာလိုချင်တဲ့ တစ်ဖက်ကမ်းက လူလိမ်တွေ

ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဒလမြို့မြင်ကွင်းများ။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဒလမြို့မြင်ကွင်းများ။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဆိုက်ကားဆရာက ကွမ်းတံတွေးကို မြေကြီးပေါ် ပျစ်ကနဲ ထွေးလိုက်ပြီး "မင်းအခု ငါ့နိုင်ငံကို
ရောက်နေတာကွ၊ ဒီမှာ.. ဘာဆက်ဖြစ်မလဲ ငါပြောမယ်"လို့ ဒေါသတကြီး ပြောပါတယ်။

ကျွန်တော်တော့ ဒုက္ခရောက်ပြီလို့ အဲဒီမှာ သိလိုက်ပါပြီ။

အဲဒီမတိုင်ခင်က ကျွန်တော် သူ့ဆိုက်ကားကိုစီးပြီး ဒလမြို့က အေးချမ်းတဲ့ တံငါရွာလေးကို
နှစ်နာရီကြာ ပတ်ကြည့်နေခဲ့ပါတယ်။

ဈေးက ကျပ် ၄,၅၀၀ နဲ့ ကျွန်တော်တို့ သဘောတူထားပြီးသားပါ။

ဒါပေမဲ့ ခရီးဆုံးတော့ သူ့အပြင် သူ့အဖော်လူတစ်စု ရုတ်တရက်ပေါ်လာပြီး ကျွန်တော့်ကို
၃၆,၀၀၀ တောင်းပါလေရော။

"နာရီဝက်ကို ၄,၅၀၀၊ မင်းနဲ့အတူလာတဲ့ ဧည့်လမ်းညွှန်က နောက်တစ်စီးပေါ်မှာဆိုတော့ နှစ်ဆ"လို့
သူတို့အုပ်စုထဲက တစ်ယောက်ပြောတယ်။

အဲဒီနောက် ကျွန်တော်တို့ ပတ်ပတ်လည်ကို ၀ိုင်းထားတဲ့ ယောက်ျားတစ်စုဟာ ကျွန်တော့်ကို
ခြိမ်းခြောက်လာတဲ့အတွက် နောက်ဆုံး ၃၆,၀၀၀ ပေးလိုက်ရပါတယ်။

ပြန်တွေးကြည့်လိုက်တော့ သူတို့ ကျွန်တော့်ကိုလိမ်ဖို့ ကြိုးစားတော့မယ်ဆိုတာ ကျွန်တော်
အစောကတည်းက သဘောပေါက်ခဲ့သင့်တာပါ။

ဆိုက်ကားစီးနေတုန်းက ကျွန်တော်ငှားထားတဲ့ 'တရားဝင်ဧည့်လမ်းညွှန်' ဆိုတဲ့ပုဂ္ဂိုလ်က
"ဆင်းရဲနွမ်းပါးသူတွေအတွက် ဆန်နည်းနည်းပါးပါး လှူတာလေး လုပ်ပါလား"လို့ ကျွန်တော့်ကို
ပြောပါတယ်။

အဲဒီ "နည်းနည်းပါးပါး လှူတာလေး"က တကယ်တမ်း သိပ်မနည်းပါးလှတဲ့ ကျပ် လေးသောင်းတန်
ဆန်အိတ်ကြီး ဖြစ်သွားပါတယ်။

ဒလမှာ ကျွန်တော်တစ်ယောက်တည်း လူလိမ်တွေနဲ့ ကြုံခဲ့ဖူးတာ မဟုတ်ပါဘူး။

အဲဒီနေရာဟာ ရန်ကုန်ဧရိယာတစ်ဝိုက်မှာ နယ်ပယ်ချဲ့ထွင်လာတဲ့ ပွဲစားတွေ၊ လူလိမ်တွေအတွက်
အဓိကကျက်စားရာ နေရာဖြစ်နေပြီလို့ ခုတလောတင်ထားတဲ့ အွန်လိုင်းစကားဝိုင်းတွေနဲ့
နိုင်ငံခြားကနေ ဒီကိုလာနေသူဆီက တွေ့ရကြားရပါတယ်။

ဒီပြဿနာနဲ့ပတ်သက်ပြီး ရန်ကုန်ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲဌာနက အမည်မဖော်စေလိုတဲ့
ရဲအရာရှိတစ်ယောက်ကို မေးကြည့်တော့ သူက "ကမ္ဘာလှည့်ခရီးသည်တွေ ဒလမှာ အလိမ်ခံရလို့
တိုင်တာက ပုံမှန်ရှိတယ်"လို့ အတည်ပြု ပြောပြပါတယ်။

ကမ္ဘာလှည့်ခရီးသည်တွေ တိုင်ကြတဲ့ပုံအရ လူလိမ်တွေဟာ ဧည့်သည်တွေ ဒလဘက်ကို
မကူးခင်ကတည်းက သူတို့အလုပ်ကို စတင်ကြပါတယ်။

ပန်းဆိုးတန်းသင်္ဘောဆိပ်၊ လက်မှတ်အရောင်းစားပွဲနားက သူတို့ကို ယုံကြည်လောက်မယ့်
ဧည့်သည်တွေနား ကပ်သွားပြီး သူတို့ကိုယ်သူတို့ 'တရားဝင်ဧည့်လမ်းညွှန်တွေပါ'၊ ပြီးတော့
သူတို့အဆို "နိုင်ငံခြားသားတွေ သူတို့ကိုပဲ မဖြစ်မနေငှားရမှာ"လို့ ပြောတတ်ကြပါတယ်။

ဒလဘက်ခြမ်းကို ရောက်တဲ့အခါ 'ဈေးအမှန်ဆုံးဆိုတဲ့ ဆိုက်ကားဆရာတွေဆီ'
လမ်းညွှန်ပေးတတ်ကြပါတယ်။

တချို့အဖြစ်အပျက်တွေမှာတော့ အဲဒီလမ်းညွှန်က ခရီးတစ်လျှောက် အတူလိုက်လာတတ်ပြီး
ခရီးဆုံးတဲ့အခါ ဈေးကို နှစ်ဆ တင်လိုက်ပါတယ်။

တကယ်တော့ အဲဒီလို ပိုက်ဆံလွယ်လွယ်ရအောင် လုပ်တတ်တာ ဆိုက်ကားဆရာတွေတင်
မဟုတ်ပါဘူး။

ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဒလမြို့မြင်ကွင်းများ။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ရန်ကုန်မြစ်တစ်ဖက်ကမ်းက ဒလမြို့မြင်ကွင်းများ။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

ဩစတြေးလျလူမျိုးခရီးသွား ရေချယ်ဟောက "သင်္ဘောပေါ်မှာ ကျွန်မဆီ လူတစ်ယောက်ကပ်လာပြီး
ကျွန်မကို စကားနည်းနည်းပါးပါး ပြောတယ်။ ပြီးတော့ ကျွန်မလည်း မမျှော်လင့်ဘဲ ဆိုင်ကယ်
ငှားချင်စိတ်ပေါက်လာတယ်။ သူက ဆိုင်ကယ်တစ်စီးကို တစ်နာရီ ကျပ် ၅,၀၀၀ နဲ့ ငှားမယ့်
မိတ်ဆွေတွေ သူ့မှာရှိတယ်၊ ပြီးတော့ ဆီကိုလည်း သူတို့ပဲ ထည့်ပေးမှာလို့ ပြောတယ်လေ"လို့
ပြောပြပါတယ်။

ရေချယ် ဒလကိုရောက်တော့ အဲဒီပွဲစားက ဓာတ်ဆီထည့်ထားတဲ့ ဆိုင်ကယ်တစ်စီးကို
တစ်သောင်းပုတ်ပြတ်နဲ့ တခြားကြားခံလူကတစ်ဆင့် ငှားပေးပါတယ်။

ဒါပေမဲ့ ရေချယ်ပြန်ရောက်လာတော့ ပွဲစားဆိုတဲ့လူ မရှိတော့ဘဲ အဲဒီလူရဲ့မိတ်ဆွေတွေက
ဆီဖိုးထပ်တောင်းပါတော့တယ်။

'နားလည်မှု လွဲတယ်ဆိုတာတွေက' လူလိမ်တွေသုံးနေကျ အကွက်တစ်ခု ဖြစ်ပါတယ်။

ခရီးသွားတစ်ယောက်က မြင်းလှည်းစီးပြီး ခရီးတစ်ကြောင်းသွားမိတဲ့အတွက် ဒေါ်လာ ၁၀၀
လိမ်တောင်းခံလိုက်ရတဲ့ အကြောင်း Lonely Planet ရဲ့ အွန်လိုင်းစကားဝိုင်းမှာ ပို့စ်တစ်ခု
တင်ထားပါတယ်။

နောက်ဆုံး အဲဒီအခြေအနေကနေ ဒေါ်လာ ၅၀ ပေးပြီး လွတ်မြောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။

နားလည်မှုလွဲတယ်ဆိုပေမယ့် တောင်းတဲ့ ပိုက်ဆံကိုပေးဖို့ ခရီးသွားတွေက ငြင်းဆန်တဲ့အခါ
လူလိမ်တွေဟာ ချက်ချင်း ဒေါသအကြီးအကျယ် ထွက်လာတတ်ကြတယ်လို့လည်း ဆိုကြပါတယ်။

"ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း (ဒလကနေ) တွံတေးကိုသွားဖို့ ဆိုင်ကယ်တစ်စီး ငှားတယ်။
ကျွန်တော်တို့ နားလည်လိုက်တာက တစ်ယောက်ကို ကျပ် ၃,၅၀၀ ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့
ပြန်လာတော့ သူတို့က တစ်ယောက်ကို သုံးသောင်းတောင်းတယ်"လို့ အမေရိကန်နိုင်ငံကနေ
မြန်မာနိုင်ငံမှာ လာရောက်နေထိုင်နေတဲ့ ဂျိုးဇက်ဝယ်လင်ဘော့ဂ်က ဆိုပါတယ်။

ဒီအဖြစ်အပျက်မှာ သူတို့အမှားလည်း တစ်စိတ်တစ်ပိုင်း ပါပါတယ်လို့ ဂျိုးဇက်က ၀န်ခံခဲ့ပါတယ်။

လေးနာရီလောက် ကြာခဲ့တာဖြစ်လို့ ကျပ် ၃,၅၀၀ ဆိုတာကတော့ မတန်မှန်း သူတို့
သဘောပေါက်ပါတယ်လို့ ဂျိုးဇက်က ဆိုပါတယ်။

ဒါပေမဲ့ အခြေအနေကတော့ အရုပ်ဆိုး အကျည်းတန်သွားခဲ့ပါတယ်။

"နားလည်မှု လွဲသွားတဲ့အကြောင်း ပိုင်ရှင်ကိုရှင်းပြဖို့ ကျွန်တော်တို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အဲဒီမှာ
သူက ရုတ်တရက် တအားစိတ်ဆိုးသွားပြီး ကျွန်တော်တို့ကို ရိုင်းရိုင်းပျပျအော်တယ်"လို့ ဂျိုးဇက်က
ဆိုပါတယ်။

ပြင်သစ်ကနေ လာရောက်နေထိုင်တဲ့ ဖိလစ်လန်နိမ်ကလည်း အလားတူ အဖြစ်အပျက်တစ်ခု
မြန်မာတိုင်း(မ်)ကို ပြောပြခဲ့ပါသေးတယ်။

ပန်းဆိုးတန်းဆိပ်ကမ်းမြင်ကွင်း။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)ပန်းဆိုးတန်းဆိပ်ကမ်းမြင်ကွင်း။ ဓာတ်ပုံ - မြန်မာတိုင်း(မ်)

သူနဲ့ သူ့ရဲ့ကမ္ဘောဒီးယားလူမျိုး ဇနီးသည်တို့ဟာ ဒလမှာ ဆိုက်ကယ်နဲ့ နှစ်နာရီကြာ လည်ပတ်ဖို့
တစ်ယောက်ကို ကျပ် ၅,၀၀၀ နဲ့ သဘောတူခဲ့ကြပါတယ်။

ပြန်လာတဲ့အခါ ပွဲစားနေရာကနေခဲ့တဲ့ လူလိမ်နဲ့ ဆိုင်ကယ်မောင်းသမားတွေက နာရီဝက်ကို
၅,၀၀၀ တောင်းကြပါတယ်။

"ကျွန်တော်လည်း ငြင်းဖို့လုပ်တာပေါ့၊ တော်တော်အသံကျယ်သွားပါတယ်။ ဒါပေမဲ့ သူတို့
မျက်နှာတွေက ညစ်ပတ်တော့မယ့်ပုံစံ ဖြစ်လာတာ ကျွန်တော် သတိထားလိုက်မိတယ်"လို့
လန်နိမ်က ဆိုပါတယ်။

နောက်ဆုံး သူ့ဘက်က နောက်ဆုတ်ပြီး တောင်းသလောက်ပေးခဲ့တာ ဖြစ်ပါတယ်။

"ကိုယ့်အပေါ် တကယ်အန္တရာယ်ကျရောက်နိုင်တဲ့ ခံစားချက်မျိုး ရန်ကုန်မှာ ခံစားခဲ့ရတာ အဲဒီအခေါက်
အပါအ၀င် ရှားရှားပါးပါးပါပဲ"လို့ သူက ဆက်ပြောပါတယ်။

ဒလကိုလာလည်တဲ့ ခရီးသွားတွေ အလိမ်ခံခဲ့ရတဲ့ အဖြစ်တော်တော်များများက ဒီလူလိမ်အဖွဲ့တွေကပဲ
လုပ်တာဖြစ်လို့ အဖြစ်ချင်းတွေက ဆင်တူနေပါတယ်။

"လူလိမ်အဖွဲ့ခေါင်းဆောင်တွေက သူတို့ကို ခြေရာခံရခက်အောင် ခိုင်းတဲ့ ကလေးတွေကို နေ့တိုင်း
ပြောင်းတယ်"လို့ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲအရာရှိက ဆိုပါတယ်။

လိမ်လည်မှု အရေအတွက်ကလည်း ရဲဌာနကို တိုင်ကြားလာတဲ့ အရေအတွက်ထက် အများကြီး
မြင့်မားတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

"ကမ္ဘာလှည့်ခရီးသည်တွေက ရက်နည်းနည်းလောက်နေပြီး ရန်ကုန်က သွားကြမှာဆိုတော့
ရှိတဲ့အချိန်နည်းနည်းလေးကို ရဲနဲ့စကားပြောပြီး အချိန်အကုန်မခံချင်ကြတော့ ဒီတိုင်းပဲ ထားလိုက်ဖို့
ဆုံးဖြတ်တတ်ကြတယ်"လို့လည်း ရဲအရာရှိက ဆိုပါတယ်။

ခရီးသည်တွေအနေနဲ့ တစ်ခုခု သံသယဖြစ်စရာကြုံရင် ကမ္ဘာလှည့်ခရီး သွားဆိုင်ရာရဲဌာနကို
ချက်ချင်းဖုန်းဆက်ဖို့လည်း သူက တိုက်တွန်းလိုက်ပါသေးတယ်။

"လူလိမ်တွေက နိုင်ငံရဲ့ဂုဏ်သိက္ခာကို တစ်နည်းအားဖြင့် ကျဆင်းအောင် လုပ်နေတဲ့အတွက်
ကမ္ဘာလှည့်ခရီးသည်တွေအတွက်တင်မကဘူး တစ်နိုင်ငံလုံးအတွက်ပါ ပြဿနာတစ်ခုပါ"လို့လည်း
သူက ပြောပါတယ်။

ကျော့ဒါလီလင်း ဘာသာပြန်သည်။

တိုင်ကြားရန်

ကမ္ဘာလှည့်ခရီးသည်တွေကို လိမ်လည်ပါက ရန်ကုန်မြို့ ကမ္ဘာလှည့်ခရီးသွားဆိုင်ရာ ရဲဌာန၊
အမှတ် ၁၁၀၊ ပန်းဆိုးတန်း (အောက်ဘလောက်)၊ ရန်ကုန်မြို့၊ ဖုန်း ၀၁၃၇၈၄၇၉ သို့
တိုင်ကြားနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။