ရန်ကုန်မြို့က အသက် ၄၀ စစ်တမ်း

သင်အသက် ၄၀ ပြည့်ပါပြီလား။ အသက် ၄၀ မှာ ဘ၀စတယ်ဆိုတဲ့စကားက
ဘာကြောင့်ဖြစ်ပေါ်လာသလဲလို့ စာဖတ်သူတွေလည်း တွေးဖူးကောင်း တွေးမိပါလိမ့်မယ်။

အဲဒီအဖြေကို ပေးနိုင်မယ့် သုတေသနစစ်တမ်းတစ်ခုကို အီကောနောမစ်ဂျာနယ်မှာ ဖော်ပြလာပြီ
ဖြစ်ပါတယ်။

ဂျာမနီ၊ ဗြိတိန်နဲ့ ဩစတြေးလျနိုင်ငံတွေက အသက် ၄၀ ၀န်းကျင် ယောက်ျား၊ မိန်းမ လူပေါင်း
ငါးသောင်းကျော်ကို စစ်တမ်းလိုက်ကောက်ရာက အသက် ၄၀ ၀န်းကျင်အရွယ်မှာ
စိတ်ဓာတ်အကျဆုံးအချိန် ဖြစ်နေတယ်လို့ တွေ့ရှိလာရပါတယ်။

စာတမ်းထဲမှာ လူတွေရဲ့ပျော်ရွှင်ခြင်းကို အင်္ဂလိပ်အက္ခရာ 'ယူ' ပုံသဏ္ဌာန်နဲ့ ပုံဖော်ထားပြီး
မွေးကင်းစအရွယ်ကနေ နောက်ဆုံးသက်တမ်းစေ့လို့ ကွယ်လွန်ချိန်အတွင်းမှာ အသက် ၄၀
အချိန်အပိုင်းအခြားက 'ယူ' ရဲ့ အောက်ဆုံးပိုင်းနေရာမှာ ရှိနေပါတယ်။

အသက် ၄၀ ၀န်းကျင် လူသားတစ်ယောက်ဟာ သူ့ဘ၀ရဲ့ အပျော်ဆုံးအချိန်၊ ၀မ်းအနည်းဆုံးအချိန်နဲ့
ဖြတ်သန်းခဲ့သမျှကာလတွေအပြင် လက်ရှိကိုယ်ရောက်နေတဲ့ အနေအထားအပေါ် ပြန်လည်
သုံးသပ်တတ်ကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

ကဲ..ဒါဆို ရန်ကုန်မြို့က အသက် ၄၀ ၀န်းကျင်တချို့ရဲ့ စိတ်ခံစားချက်တွေကိုလည်း
လေ့လာကြည့်လိုက်ကြရအောင်နော်။

ဦးဇော်မင်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဦးဇော်မင်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဦးဇော်မင်း၊ ၄၈ နှစ်၊ ကားပွဲစား

"ကျွန်တော့်ဘ၀ရဲ့ အပျော်ဆုံးအချိန်က ဆယ်တန်းစာမေးပွဲအောင်တဲ့ အချိန်ပဲ။ အသက်ကလည်း
၁၆ နှစ် လောက်ဆိုတော့ လောကကြီးအကြောင်းလည်း ဘာမှ မသိ၊ စိတ်ထဲမှာ ပူပင်တာတွေလည်း
ဘာမှမရှိဘဲ လွတ်လပ်နေခဲ့တယ်လေ။ ကံကောင်းတာက ကျွန်တော့် ဘ၀မှာ ကျွန်တော့်ချစ်သူ
မိန်းကလေးနဲ့ လက်ထပ်ခွင့် ရပြီး ခုချိန်ထိ သူနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေး
ဖန်တီးခွင့်ရနေတာလို့ ကျွန်တော်မြင်တယ်။ ကားပွဲစားဆိုတော့ မိသားစုအတွက်
ဝင်ငွေလုံလုံလောက်လောက်တော့ ရှာပေးခဲ့နိုင်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ကျွန်တော်က
ကမ္ဘာပေါ်မှာ အဆိုးဆုံး လောင်းကစားသမားဗျ။ မိသားစုကို ပြန်ပေးရမယ့် ရှာရသမျှဝင်ငွေတွေကို
လောင်းကစားမှာပဲ ပုံအောကုန်ပစ်ခဲ့တာ ကျွန်တော့်ရဲ့ အမိုက်မဲဆုံး ရူးသွပ်မှုပဲ။ ကျွန်တော့် မိသားစု
အပါအ၀င် အရာအားလုံးကို မေ့ထားပစ်ခဲ့ပြီး အဲဒီမကောင်းတဲ့ လောင်းကစားမှာပဲ အချိန်ကုန်ခဲ့တယ်။
အသက် ၄၂ နှစ်မှာ ကျွန်တော့်အမှားတွေအတွက် အသိပြန်ဝင်ပြီး ဆုံးရှုံးခဲ့တဲ့ငွေကြေးတွေ
အတွက်လည်း နောင်တရနေတုန်းပဲ။ အဲဒီအချိန်ကတည်းက မိန်းမနဲ့ သမီးတွေကို ကျွန်တော့်အတွက်
စိတ်မဆင်းရဲစေရဘူးလို့ ဆုံးဖြတ်ချက်ချပြီး သူတို့အတွက် ပိုကြိုးစားခဲ့တယ်။ ကျွန်တော့်ရဲ့
တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့အချိန်တွေ ကုန်ခဲ့ပါပြီ။ အခုတော့ မိသားစုကို နှစ်ဆပြန် ဂရုစိုက်နေပါတယ်။
သမီးအကြီးက ခု နိုင်ငံခြားမှာ ပထမနှစ်တက်နိုင်ပြီ၊ ကျွန်တော် စိတ်ချမ်းသာရတယ်ပေါ့ဗျာ။


ဦးသိန်းဌေး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဦးသိန်းဌေး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဦးသိန်းဌေး၊ ၄၆ နှစ်၊ ကားပွဲစား

ကျွန်တော့်အသက် ၂၀ ၀န်းကျင်လောက်မှာ ဘာအလုပ်မှလည်း မလုပ်၊ မိဘကျွေးတာ ထိုင်စား၊
ဘယ်သူ့ကိုမှလည်း ဂရုစိုက်စရာမလို၊ သူငယ်ချင်းတွေနဲ့ လည်ပတ်ပျော်ရွှင်ရင်း အချိန်ဖြုန်းခဲ့တော့
အဲဒီကာလအပိုင်းအခြားကတော့ ဘ၀မှာ အလွတ်လပ်ဆုံးအချိန်ပဲ။ ဘ၀မှာ အပျော်ဆုံးအချိန်ကတော့
ကျွန်တော့်ကောင်မလေးဆီက အဖြေရတဲ့အချိန်။ ဘာဖြစ်လို့လဲဆိုတော့ သူက လေယာဉ်မယ်လေ။
သူ့အဖြေရဖို့ ကျွန်တော် လေယာဉ်အခေါက် ၃၀ တိတိစီးပြီး ကြိုးစားပိုးပန်းခဲ့ရတာကိုး။ အဲဒီတော့
ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ်အကျေနပ်ဆုံးအချိန်က သူ့ဆီက အဖြေရတဲ့အချိန်ပါ။ သူနဲ့
လက်ထပ်လိုက်တော့ သူလည်း လေယာဉ်မယ်အလုပ်က ထွက်လိုက်ရပြီး ကျွန်တော့်အတွက်
သမီးသုံးယောက် မွေးပေးတယ်။ ဒါပေမဲ့ ကျွန်တော်က သူနဲ့ လက်ထပ်ပြီးစ အချိန်မှာ
အတွေ့အကြုံကလည်း မရှိ၊ လူငယ်လည်း ဖြစ်ပြန်တော့ အလုပ်ကောင်းကောင်း မလုပ်တတ်ခဲ့ဘူး။
ကျွန်တော့်ဝင်ငွေနဲ့ပတ်သက်ပြီး မိန်းမက နည်းနည်း ပွစိပွစိ ပြောတဲ့အချိန်တွေတော့ ရှိခဲ့တာပေါ့။
သူ ကျွန်တော့်အတွက် အကောင်းဆုံး ဘေးမှာရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးလည်း
အရမ်းတင်တယ်၊ အခုလည်း အဆင်ပြေနေပါပြီ။


ဦးမိုးသီဟ။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဦးမိုးသီဟ။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဦးမိုးသီဟ၊ ၄၅ နှစ်၊ ကားအမိုးကူရှင်နဲ့ ဆိုဖာချုပ်လုပ်ငန်း

ကျွန်တော်ကတော့ စိတ်ဓာတ်ကျတယ်ဆိုတဲ့ စကားလုံးကို လက်မခံဆုံးနဲ့ ကျွန်တော့်ဘ၀မှာ
မရှိဆုံးပဲလို့ ယူဆတယ်။ ငယ်ငယ်ကတည်းက စက်ချုပ်ရင်း ကျောင်းတက်ခဲ့တာ ရူပဗေဒနဲ့
နည်းပညာတက္ကသိုလ်က ဘွဲ့နှစ်ခု ရတဲ့အထိပဲ။ ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာလည်း
တက်ရောက်ခွင့်ရခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ စက်လည်းချုပ်နေပြီ။ ကျွန်တော့်အတွက်
စိတ်အလှုပ်ရှားဆုံးနဲ့ အရုန်းကန်ရဆုံးအချိန်ကတော့ တက္ကသိုလ်စာမေးပွဲတွေ ဖြေနေချိန်တစ်ဖက်မှာ
အော်ဒါကျလို့ ကားအမိုးတွေ မနားတမ်း ချုပ်ခဲ့ရတဲ့အချိန်ပဲ။ ကျွန်တော် အလုပ်ပြီးသလို စာမေးပွဲလည်း
အောင်ခဲ့တယ်။ စီးပွားရေးကတော့ ဒီနေ့ခေတ်မှာ ၀င်ငွေနဲ့ထွက်ငွေ မမျှတော့ ဘယ်လိုမှ
အဆင်ပြေမှာမဟုတ်ဘူး။ ကားခတစ်ယောက်ကို ၂၀ ကနေ ၂၀၀ တက်သွားတယ်။ ဒါတောင်
တစ်နေ့တာအတွက် ဘာမှမပါသေးဘူး။ ကားခနဲ့တင် ကုန်ကျစရိတ်က စလာပြီ။ ဒါပေမဲ့ ကျွန်တော်
အလုပ်ကို ကောင်းကောင်းကြိုးစား ပြီးလုပ်တယ်။ သမီးလေးက ဒီနှစ် ဆယ်တန်းဆိုတော့
ကျောင်းကောင်းကောင်းမှာ ဘော်ဒါထားနိုင်တယ်။ ပြန်စဉ်းစားကြည့်ရင်တော့ ကိုယ့်ဘ၀အတွက်
ကျေနပ်တယ်။ လူဆိုတာ မသေမချင်းတော့ ပိုကောင်းတဲ့ နေရာရအောင် ကြိုးစားနေရမှာပဲပေါ့ဗျာ။


ကိုကျော်ထိုက်ဦး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ကိုကျော်ထိုက်ဦး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ကိုကျော်ထိုက်ဦး၊ ၃၈ နှစ်၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင်၊ အိမ်ခြံမြေပွဲစား

ကျွန်တော့်အတွက်တော့ အသက် ၂၀ ၀န်းကျင်က အလွတ်လပ်ဆုံးနဲ့ အပျော်ဆုံးအချိန်ပဲ။
ဘာစီးပွားရေးမှလည်း နားမလည်ဘူး၊ သူငယ်ချင်းတွေကလွဲပြီး ဘာမှလည်း သိပ်မသိဘူးလေ။
ကျွန်တော်က မိသားစုမှာ အကြီးဆုံးသားဆိုတော့ အိမ်စီးပွားရေးကို ကျွန်တော် ဦးဆောင်တယ်။
ခုချိန်ထိ မိသားစုနဲ့ပဲ အတူနေပြီး လက်ဖက်ရည်ဆိုင်ဖွင့်တယ်၊ ကျွန်တော်တို့ မောင်နှမတွေနဲ့
မိဘတွေက ခွဲမနေကြဘူး။ အဲဒါကိုက ကျွန်တော် ကံကောင်းတယ်လို့ ယူဆတယ်။
ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေလို စီးပွားရေးအဆင်မပြေ လို့ တစ်ယောက်တည်း
စိတ်ဓာတ်ကျနေတာတို့၊ တိုင်ပင်ရမယ့်သူ မရှိတာတို့ ကျွန်တော့်မှာ မရှိဘူး။ မိသားစုတွေ စုံစုံညီညီ
တိုင်ပင်တယ်၊ အလုပ်လည်း အတူလုပ်ကြတယ်။ ကျွန်တော် အသက် ၃၀ ကျော်မှ မိဘတွေ
သဘောတူတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ကျ တယ်။ သူကလည်း ကျွန်တော့်အလုပ်တွေကို
ကူညီပေးတယ်၊ မိသားစုနဲ့အတူမနေဘဲ ခွဲထွက်ဖို့တို့၊ ဆူပူတာတို့ မရှိတော့ ကျွန်တော်ရော
သမီးလေးပါ စိတ်ချမ်းသာတယ်။ ဒီလက်ဖက်ရည်ဆိုင် (စားသောက်ဆိုင်ငယ်) တစ်ခုတည်းနဲ့ဆိုရင်
ကျွန်တော်တို့မိသားစုက ကြီးတော့ အဆင်မပြေလောက်ဘူးဆိုပြီး ညီအငယ်ကို ဆိုင်မှာ
ဦးစီးဖို့ထားတယ်၊ ကျွန်တော်က နောက်တစ်မြို့နယ်မှာ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်း စလုပ်ခဲ့တယ်။
ဦးလေးတွေနဲ့ပဲ အတူလုပ်တာဆိုတော့ စိတ်ပူစရာသိပ်မရှိဘူး၊ ဆိုင်ကလည်း အဆင်ပြေနေတယ်။
ခုချိန်ထိတော့ ကိုယ့်ဘ၀ကို ကျေနပ်တယ်။ ပြီးတော့ မိဘတွေ၊ မောင်နှမတွေနဲ့ ခွဲမနေတဲ့အပေါ်
ဘယ်တုန်းကမှ စိတ်အနှောင့်အယှက် မဖြစ်ခဲ့ဘူး။


ဒေါ်ခင်သန်းဝင်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဒေါ်ခင်သန်းဝင်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဒေါ်ခင်သန်းဝင်း၊ ၆၀ နှစ်၊ ပလတ်စတစ် လုပ်ငန်းပိုင်ရှင်

အန်တီက ငယ်ငယ်ကတည်းက မိဘတွေလုပ်တဲ့ အရောင်းအ၀ယ်လုပ်ငန်းတွေမှာ ၀င်ကူတယ်၊
ကိုယ်တိုင် လုပ်နိုင်အောင် သင်ယူတယ်။ အဲဒီတော့ ၀င်ငွေမကောင်း မှာတို့၊ စီးပွားရေး
အဆင်မပြေမှာတို့ကို အန်တီ သိပ်မကြောက်တတ်တော့ဘူး။ အိမ်က သူဌေးတစ်ယောက်နဲ့
လက်ထပ်စေချင်တယ်၊ ဒါပေမဲ့ အန်တီက ကိုယ်ချစ်တဲ့သူကိုပဲ ရအောင်ယူခဲ့တယ်။ မိဘပေးစားတဲ့
သူကို ယူရင် မတောင့်မတနေရမှာ သိပေမယ့် ခု အန်တီလက်ထပ်ခဲ့တဲ့ သူကလည်း တစ်သက်လုံး
စိတ်ချမ်းသာစေခဲ့တာပဲလေ။ အန်တီတို့နှစ်ယောက် လသာက အခန်းတစ်ခန်းလေးရတော့
ပလတ်စတစ်အိတ်လုပ်တဲ့ လုပ်ငန်းလေး စလုပ်ကြတယ်၊ ရှိအတူ မရှိအတူပဲ။ အရင်ကတည်းက
ကိုယ်တိုင် စီးပွားရေးဝင်လုပ်တတ်ခဲ့တော့ လူမကြောက်တတ်တော့ဘူး၊ နှစ်ယောက်စလုံး ကြိုးစားရင်း
အဆင်ပြေလာတယ်။ သားသမီးတွေ အကုန်ဘွဲ့ရ ပညာတတ်တွေဖြစ်အောင် ပံ့ပိုးပေးနိုင်ခဲ့တယ်။
အန်တီ့ဘ၀မှာ အိမ်ထောင်ရေးအတွက်ရော၊ သားသမီးတွေအတွက်ပါ ကိုယ့်ဘက်က
စိတ်မကောင်းဖြစ်စရာ မရှိခဲ့ဘူး။ ခု သမီးအကြီးက အိမ်ထောင်ရေး သိပ်အဆင်မပြေဘူးလို့ သိရတယ်၊
ဘာကြောင့်လဲဆိုတော့ သူတို့နှစ်ယောက်စလုံး စီးပွားရေး မလုပ်တတ်ကြလို့ပဲ။ အဲဒါကြောင့်
အိမ်ထောင်ပြုတာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် နောင်တမရချင်ဘူးဆိုရင် အခက်အခဲတွေ
ဘယ်လောက်ကြုံရပါစေ၊ ငါကျော်ဖြတ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားရမယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်ဆိုတဲ့ သဘောပေါ့။


ဒေါ်အေးအေးသန်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)ဒေါ်အေးအေးသန်း။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

ဒေါ်အေးအေးသန်း၊ ၅၄ နှစ်၊ အသေးစား စားသောက်ဆိုင်ပိုင်ရှင်

အန်တီ့မိဘတွေက ကြက်မွေးတဲ့ စီးပွားရေးလုပ်တာဆိုတော့ ငယ်ငယ်ကတည်းက မွေးမြူရေးဘက်မှာပဲ
ကူညီရင်း တခြားဘာမှ သိပ်မသိတော့ဘူး။ အဖေနဲ့အမေ ကွယ်လွန်သွားတော့ အရမ်း စိတ်ဓာတ်တွေ
ကျခဲ့တယ်။ အန်တီတို့မောင်နှမတွေ ဘာလုပ်ရမှန်းကို မသိခဲ့ကြဘူး။ မော်လမြိုင်ကနေ
ရန်ကုန်ပြောင်းလာပြီး စားသောက်ဆိုင်လေး ဖွင့်တော့လည်း အတွေ့အကြုံက မရှိ၊ အရင်လုပ်ခဲ့တဲ့
စီးပွားရေးနဲ့လည်း လုပ်ငန်းက မတူတော့ ဆုံးရှုံးမှုတွေ အများကြီးပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့
အစ်မမိသားစုနဲ့အတူ စားသောက်ဆိုင်လေးကို ကောင်းကောင်းထိန်းနိုင်ခဲ့တယ်။ အန်တီက
အပျိုကြီးဆိုတော့ တစ်ခါမှ အိမ်ထောင်ပြုဖို့ မတွေးခဲ့ဘူး၊ အိမ်ထောင်မပြုခဲ့ရလို့လည်း နောင်တမရခဲ့ဘူး။
ဒါပေမဲ့ အစ်မမိသားစုနဲ့ တူတွေ၊ တူမတွေ၊ မြေးတွေနဲ့ အတူနေရ တာဆိုတော့ တစ်ခါတလေ
ငါအိမ်ထောင် ပြုခဲ့ရင် ငါ့မှာလည်း မိသားစုရှိမှာပဲလို့တော့ တွေးမိတယ်။ တစ်ယောက်တည်းလို့
ခံစားမိတဲ့အချိန် ကိုယ့်ကိုဂရုစိုက်မယ့် တိုင်ပင်ဖော် ရှိရင်တော့ ကောင်းသားလို့ တစ်ခါတလေ
ထင်မိတယ်။ ခုတော့ အလုပ်အားတဲ့ရက်တွေကို တရားစခန်းသွားရင်း အေးချမ်းစေတယ်၊
တရားကသာ ကိုယ့်အတွက် အအေးချမ်းဆုံးလို့ သတ်မှတ်တယ်။ ဘ၀မှာ အလွတ်လပ်ဆုံးနဲ့
အပျော်ဆုံးအချိန်တွေကတော့ မော်လမြိုင်မှာ နေခဲ့တုန်းက သူငယ်ချင်းတွေနဲ့ ကျောင်းတက်ခဲ့တဲ့
အချိန်တွေပါပဲ။ ခုတော့ အဆက်အသွယ်တွေလည်း မရှိတော့ပါဘူး။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်