စွန့်ပစ်ရေသန့်ဘူးခွံတွေနဲ့ ဆောက်လုပ်မယ့် စာကြည့်တိုက်လေး

ပစ္စည်းတစ်ခုဟာ စွန့်ပစ်ပစ္စည်းဖြစ်သွားပြီ၊ သုံးလို့မရတော့ဘူးဆိုတာကို ဘယ်အချက်တွေနဲ့
သတ်မှတ်ကြပါသလဲ။

အသုံးမပြုမီနဲ့ အသုံးပြုပြီးတဲ့နောက် ပစ္စည်းရဲ့ပြောင်းလဲသွားတဲ့ အရည်အသွေးကြောင့်လား၊ ဒါမှမဟုတ်
လျော့ကျသွားတဲ့ တန်ဖိုးကြောင့်လား၊ တချို့စွန့်ပစ်ပစ္စည်းတွေဟာ လုံးဝ ပြန်လည်အသုံးပြုလို့
မရတော့တာ မှန်ပေမယ့် တချို့ပစ္စည်းတွေကတော့ သုံးစွဲသူတွေဘက်က တန်ဖိုးမထားကြတာကြောင့်
စွန့်ပစ်ပစ္စည်းအဖြစ်ကို မရောက်သင့်ဘဲ ရောက်သွားကြတာဖြစ်ပါတယ်။

ဒီလိုစွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးထား အသုံးပြုတတ်တဲ့ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက
နတ်ကြို့အိုင်ရွာသူရွာသားတွေရဲ့ လက်ထဲမှာတော့ စွန့်ပစ်ပစ္စည်းဖြစ်သွားတဲ့ သောက်ရေသန့်ဘူးခွံ၊
အချိုရည်ဘူးခွံနဲ့ ပလတ်စတစ်အမှိုက်တွေဟာ ကျေးရွာစာကြည့်တိုက်ရဲ့  အုတ်အစားထိုး ပလတ်စတစ်
ဘူးခွံလေးတွေအဖြစ် မကြာခင်မှာ အကောင်အထည်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

"မျိုးဆက်သစ်တွေအတွက် အဆင့်မြင့်ပညာရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ရေရှည်မှာ
မြန်မာနိုင်ငံအတွက် အဓိကကျတဲ့အခန်းက ပါဝင်လာမှာဖြစ်ပါတယ်။ အခု နတ်ကြို့အိုင်မှာ ကျွန်တော်တို့
လုပ်နေတဲ့ ပလတ်စတစ်ဘူးခွံဟောင်းလေးတွေကို သုံးပြီးဆောက်မယ့် စာကြည့်တိုက်လေးက
စွန့်ပစ်ပစ္စည်းတွေကို တန်ဖိုးထားပြီး အကျိုးရှိရှိပြန်လည်အသုံးပြုတတ်အောင် ဦးဆောင်လှုံ့ဆော်ပေးတဲ့
သဘောလည်း ပါပါတယ်"လို့ စာကြည့်တိုက်ဖြစ်မြောက်ရေး စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်တဲ့
ကိုဝင်းသူရက ပြောပါတယ်။

ပုဂံကနေ လေးကီလိုမီတာအကွာမှာရှိတဲ့ နတ်ကြို့အိုင်ရွာကလေးဟာ တစ်ချိန်က အမှိုက်ကင်းစင်တဲ့
ရွာကလေးဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်း လာရောက်လည်ပတ်တဲ့ ခရီးသွားအရေအတွက်
များပြားလာတာကြောင့် ရွာပတ်ဝန်းကျင်မှာ ပလတ်စတစ်အမှိုက်တွေ၊ ပလတ်စတစ်ဘူးခွံတွေနဲ့
တစ်စတစ်စ ညစ်ပတ်လို့ လာပါတယ်။

"အရင်တုန်းက ကျွန်တော်တို့ရွာကလေးက အတော်ကို သန့်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း
ရွာကချောင်း နားမှာ အမှိုက်တွေ ပစ်ကြတာကြောင့် ချောင်းရေတွေ နောက်နောက်လာပါတယ်။
တချို့နေရာတွေမှာဆို အမှိုက်တွေကထွက်တဲ့ အနံ့အသက်တွေကြောင့် လေထုညစ်ညမ်းမှုအထိ
ဖြစ်လာပါတယ်"လို့ နတ်ကြို့အိုင် ရွာခံတစ်ဦးလည်းဖြစ်တဲ့ ကိုဝင်းသူရက ပြောပါတယ်။

Myanmar Mosaic Travel and Tours ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ မထားထားကတော့
"ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေဟာ တစ်ခါသုံးပလတ်စတစ်အမှိုက်တွေကို အများဆုံးထွက်စေတဲ့
စီးပွားရေးလုပ်ငန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ပုဂံဧရိယာတစ်ခုထဲကို ကြည့်မယ်ဆိုရင်
ခရီးသည်တစ်ဦးဟာ ပျမ်းမျှအားဖြင့် နေ့စဉ် ရေသန်းဘူး လေးဘူး သုံးပါတယ်။ တစ်နှစ်မှာ
ခရီးသည်ပေါင်း သုံးသိန်းကျော် လာရောက်တဲ့အတွက် ခရီးသည်တစ်ဦးဟာ ပုဂံမှာ အနည်းဆုံး
နှစ်ရက်နေမယ်ဆိုရင်တောင် စွန့်ပစ်ပစ္စည်းဟာ ရေသန့်ဘူးတစ်ခု တည်းတင် ၂ ဒသမ ၄ သန်းကျော်
နေပါတယ်"လို့ မထားထားက ပြောပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက နတ်ကြို့အိုင်ကျေးရွာတွင် စာကြည့်တိုက်ဆောက်လုပ်ရန် လိုအပ်တဲ့ အုတ်အစားထိုး ပလတ်စတစ်ဘူးလေးများကို လုပ်အားပေးများက ပြုလုပ်နေကြစဉ်။ ဓာတ်ပုံ - Suppliedမန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက နတ်ကြို့အိုင်ကျေးရွာတွင် စာကြည့်တိုက်ဆောက်လုပ်ရန် လိုအပ်တဲ့ အုတ်အစားထိုး ပလတ်စတစ်ဘူးလေးများကို လုပ်အားပေးများက ပြုလုပ်နေကြစဉ်။ ဓာတ်ပုံ - Supplied

အုတ်အစားထိုး ဘူးခွံလေးတွေရနိုင်ဖို့ အရင်ဆုံး ညစ်ပေနေတဲ့ ရေသန့်ဘူးတွေ၊ အအေးဘူးခွံတွေနဲ့
ပလတ်စတစ်အမှိုက်တွေကို စနစ်တကျဆေးကြောသန့်စင်ပြီး နေပူထဲမှာ လှန်းထားလိုက်ပါတယ်။

အခြောက်ခံပြီးတဲ့နောက်မှာတော့ ပလတ်စတစ်တွေကို အပေါ်ကနေဖိတဲ့ စက်ကလေးနဲ့
ရေသန့်ဘူးထဲကို ထိုးထည့်လိုက်ပါတယ်။

ဒါဆိုရင် အုတ်အစားထိုးရေသန့်ဘူးလေးတစ်ဘူး ရရှိသွားပြီ ဖြစ်ပါတယ်။

"အခုဆောက်မယ့် ပေ ၆၀ ထ ပေ ၃၀ အရွယ်ရှိတဲ့ စာကြည့်တိုက်လေးအတွက် အသင့်ပြင်ဆင်ပြီးတဲ့
ပလတ်စတစ်ဘူးခွံပေါင်း ခန့်မှန်းခြေအားဖြင့် ၆,၅၀၀ ၀န်းကျင်လောက် လိုအပ်မှာဖြစ်ပါတယ်။

အဲဒါကြောင့် ပုဂံမှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေစတဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်း
အများဆုံးထွက်တဲ့ ခရီးသွားလုပ်ငန်းပိုင်းတွေဆီကနေ ပလတ်စတစ်အမှိုက်နဲ့ ရေသန့်ဘူးတွေကို
မစွန့်ပစ်ဘဲ နတ်ကြို့အိုင် စာကြည့်တိုက်လေးအတွက် စုဆောင်းပေးပို့ဖို့ တောင်းခံတယ်"လို့လည်း
ကိုသူရက ပြောပါတယ်။

ဒီစီမံကိန်းအနေနဲ့ ပုဂံပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့နဲ့လည်း ပူးပေါင်းဆောင်ရွက်ပြီး
အရင်တုန်း ကဆိုရင် ပုဂံမြို့အနှံ့လိုက်ကောက်ပြီးတဲ့ အမှိုက်တွေကို မီးရှို့ ကြပေမယ့် အခုလို
စာကြည့်တိုက်ဆောက်တဲ့ နေရာမှာသုံးဖို့ စနစ်တကျ ပြန်လည်သန့်စင်လိုက်တဲ့အခါ ပတ်ဝန်းကျင်
အတော်ပြန်လည်သန့်ရှင်းလာတယ်လို့ ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုအဖွဲ့က ပြောပြပါတယ်။

စာကြည့်တိုက်နံရံဘောင်တွေကို သစ်သားနဲ့ဆောက်လုပ်မှာဖြစ်ပြီး အုတ်ထည့်ရမယ့်
ကြားနေရာတွေမှာ အုတ်အစား စနစ်တကျပြင်ဆင်ထားတဲ့ ပလစ်စတစ်ဘူးခွံတွေကို
ထည့်မှာဖြစ်ပါတယ်။

ပလတ်စတစ်ဘူးခွံတွေဟာ ရေမြေလေကြောင့် မဆွေးမြေ့နိုင်တဲ့အပြင် ဒီနည်းပညာဟာ
Hug It Forward ဆိုတဲ့ အဖွဲ့အစည်းကနေ ရယူထားတာဖြစ်ပြီး အုတ်အစားထိုး ပလတ်စတစ်
အဆောက်အအုံလေးဟာ ခိုင်ခံ့မှုအတွက် စိတ်ချရတယ်လို့ သိရပါတယ်။

နတ်ကြို့အိုင်ရွာလေးမှာ အိမ်ခြေပေါင်း ၈၅၀ ရှိပြီး မူလတန်းကျောင်းတစ်ကျောင်းနဲ့ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်းတစ်ကျောင်း ရှိပေမယ့် စာကြည့်တိုက်ကတော့ လက်ရှိအချိန်အထိ မရှိသေးပါဘူး။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက နတ်ကြို့အိုင်ကျေးရွာတွင် စာကြည့်တိုက်ဆောက်လုပ်ရန် လိုအပ်တဲ့ အုတ်အစားထိုး ပလတ်စတစ်ဘူးလေးများကို လုပ်အားပေးများက ပြုလုပ်နေကြစဉ်။ ဓာတ်ပုံ - Suppliedမန္တလေးတိုင်း၊ ညောင်ဦးခရိုင်ထဲက နတ်ကြို့အိုင်ကျေးရွာတွင် စာကြည့်တိုက်ဆောက်လုပ်ရန် လိုအပ်တဲ့ အုတ်အစားထိုး ပလတ်စတစ်ဘူးလေးများကို လုပ်အားပေးများက ပြုလုပ်နေကြစဉ်။ ဓာတ်ပုံ - Supplied

ဒါ့ကြောင့် မကြာခင်မှာ ပေါ်ပေါက်လာမယ့် စာကြည့်တိုက်လေးကို ရွာသူ၊ ရွာသားတွေဟာ
စိတ်ကူးကိုယ်စီ၊ မျှော်လင့်ချက်ကိုယ်စီနဲ့ စောင့်မျှော်နေကြပါတယ်။

အသက် ၂၆ နှစ်အရွယ် တောင်သူ မချောစုမက "ကျွန်မငယ်ငယ်တုန်းက အိမ်အလုပ်တွေ၊
ယာအလုပ်တွေ လိုက်ကူနေရတာမို့ မူလတန်းအထိပဲ ကျောင်းနေခဲ့ရတယ်။ အဲဒါကြောင့် ကျွန်မရဲ့
သားလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။ ဒီစာကြည့်တိုက်လေး သားလေးပညာရေး
အတွက် အများကြီး အထောက်အကူရလိမ့်မယ်လို့ ထင်ပါတယ်"လို့ မိခင်တစ်ယောက်ရဲ့ဆန္ဒကို
ပြောပြပါတယ်။

အသက်ကိုးနှစ်အရွယ် နတ်ကြို့အိုင်ရွာသူလေး မချောရတနာအောင်ကလည်း "သမီးက စာဖတ်ရတာ
အရမ်းကြိုက်တယ်။ အထူးသဖြင့် ကာတွန်းလေးတွေ ပုံပြင်စာအုပ်လေးတွေပေါ့။ သမီးကြီးလာရင်
ကျောင်းဆရာမကြီးလုပ်မှာမို့ ဒီစာကြည့်တိုက်လေးမှာ အင်္ဂလိပ်စာလေ့လာဖို့ စာအုပ်လေးတွေ
အများကြီးရှိရင် ကောင်းမှာပဲ"လို့ သူ့ရဲ့စိတ်ကူးကို ပြောပြပါတယ်။

"ဒီရွာလေးမှာ အများစုကတော့ လယ်ယာစိုက်ပျိုးရေးနဲ့ အသက်မွေးကြပါတယ်။ ဆင်းရဲတဲ့တောသူ
တောင်သားတွေ ဖြစ်တာကြောင့် အခြေခံပညာပြီးအောင် မတက်နိုင်ကြဘဲ ကလေးတွေဟာ
လယ်ယာ လုပ်ငန်းခွင်တွေမှာ ၀င်ရောက်ကူညီကြရပါတယ်။ ဒီလိုကလေးတွေနဲ့
တချို့စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ လိုက်လုပ်နေရတဲ့ ကျောင်းမတက်နိုင်တဲ့
ကလေးတွေအတွက် စာကြည့်တိုက်လေးက ပညာရေး အဆောက်အအုံတစ်ခုအဖြစ်
တစ်ဖက်တစ်လမ်းကနေ အားဖြစ်စေမှာပါ"လို့ နတ်ကြို့အိုင်မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ဆရာကြီး
ဖြစ်တဲ့ ဦးဝင်းသိန်းက ပြောပါတယ်။

ဒီစီမံကိန်းကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ စတင်အကောင်အထည်ဖော်ပြီးတဲ့နောက်ပိုင်း
ပလတ်စတစ် ဘူးခွံတွေကို လိုက်လံစုဆောင်းနေတာကြောင့် ဒီနှစ် ၂၀၁၆ ခုနှစ် မတ်လမှာမှ
စတင်ဆောက်လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့ပြင် ပလတ်စတစ်ဘူးခွံတွေကို ဆေးကြောသန့်စင်တာကစပြီး ပလတ်စတစ်အိတ်ခွံတွေကို
ဘူးထဲထည့်တဲ့အထိ စီမံကိန်းတစ်ခုလုံးဟာ လက်ဝင်လှတာကြောင့် လူအင်အား အများအပြား
လိုတယ်လို့ သိရပါတယ်။

ဒါကြောင့် စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်လိုသူများ ကိုဝင်းသူရ ဖုန်း ၀၉၅၀၃၅၈၀၉၁ ကို
ဆက်သွယ်နိုင်ကြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်