ကရင် ဒဏ္ဍာရီလာ ပုံပြင်ထဲက နော်ဘူဘော

ကရင်ပြည်နယ်၊ နော်ဘူဘောတောင်ကို ယာဉ်ရပ်နားစခန်းအပါအ၀င် တောင်ထိပ်အထိ မြင်တွေ့ရစဉ်။ငြိမ်းအိအိထွေး /မြန်မာတိုင်း(မ်)ကရင်ပြည်နယ်၊ နော်ဘူဘောတောင်ကို ယာဉ်ရပ်နားစခန်းအပါအ၀င် တောင်ထိပ်အထိ မြင်တွေ့ရစဉ်။ငြိမ်းအိအိထွေး /မြန်မာတိုင်း(မ်)

ချောမောလှပ အပြစ်ကင်းပြီး မွေးရာပါစွမ်းအင်တွေ ပိုင်ဆိုင်ကြတဲ့ နော်ဘူဘော နဲ့ ခင်ပွန်းသည်
စစ်သူကြီး စောသာဂေါ်ခွားတို့ရဲ့ လွမ်းမောစရာ၊ အံ့ဩစရာ ဒဏ္ဍာရီတစ်ပုဒ်ကို အဲဒီရာဇ၀င်ထဲက
တောင်တန်းတွေရှိတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သာမကဘဲ နိုင်ငံအနှံ့အပြားက ကရင်
တိုင်းရင်းသားတွေရဲ့ အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံနေဆဲပဲဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ၄,၈၂၄ ပေမြင့်တဲ့ ဒေါ်ဖားခို (ခေါ်) ဘွယ်ဟီ ခိုတောင်ထွတ်က
(ယနေ့အချိန်မှာ နော်ဘူဘော ဆုတောင်းတောင်အဖြစ်) ကရင်ပြည်နယ်ရဲ့ မြောက်ပိုင်းစွန်း
အမြင့်ဆုံးတောင်တွေထဲမှာ တစ်ခုအပါအ၀င် ဖြစ်ပြီး ဘွဲကရင်တိုင်းရင်းသားတွေ နေထိုင်ရာဒေသ
တစ်ခု ဖြစ်နေပါတယ်။

နာမည်ကျော်ဒဏ္ဍာရီထဲ ပြန်လည်ရှာဖွေကြည့်မယ်ဆိုရင်တော့ ဘွယ်ဟီခိုတောင်နဲ့
ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကို ကီးကူလူမျိုးဘုရင် သမိအိက အုပ်ချုပ် ပြီး သူ့မှာ စွမ်းအားပြည့်
တိုက်ရည်ခိုက်ရည်ကောင်းတဲ့ သားတော် စစ်သူကြီး စောသာဂေါ်ခွား ရှိပါတယ်။ စစ်ပွဲမှန်သမျှ
အနိုင်ရခဲ့တဲ့သားတော် အရွယ် ရောက်နေပြီဖြစ်တာမို့ လက်ထပ်ထိမ်းမြားပေးဖို့ ဘုရင် သမိအိဟာ
သားတော်နဲ့ အတူ အခြွေအရံတွေ ခြံရံပြီး ချွေးမရှာထွက်ခဲ့ကြပါတယ်။

တစ်ချိန်တည်းမှာပဲ တန်ခိုးအင်မတန်ကြီးတဲ့ ပင်လယ်ဘုရင် သာကအူမှာ အိပ်ပျော်နေရင်း
ရောင်ခြည်အလင်းတန်းတွေ ထွက်တတ်တဲ့ အချောမောအလှပဆုံး သမီးတော် နော်ဘူဘော
ကလည်း သီးခြားတိုင်းပြည်တစ်ခုမှာ နာမည် ကျော်နေသူပါ။ တစ်နေ့မှာ စစ်သူကြီး စောသာဂေါ်ခွားနဲ့
မင်းသမီး နော်ဘူဘောတို့ တွေ့ဆုံ မိကြရာက ချစ်ကြိုက်ပြီး ခုနစ်ရက်အကြာမှာ လက်ထပ်ခဲ့ကြပြီး
ရိုးရာအစဉ်အလာအတိုင်း ခင်ပွန်းသည် နေထိုင်ရာ ဘွယ်ဟီခိုတောင်ပေါ်ဒေသကို နော်ဘူ ဘောက
အခြွေအရံတွေနဲ့အတူ ပျော်ရွှင်စွာ လိုက်ပါခဲ့ပါတော့တယ်။

မျက်စိအောက်ကအပျောက်မခံ ချစ်ခဲ့ရတဲ့ တစ်ဦးတည်းသောသမီး နော်ဘူဘောကို
နယ်မြေခြားထည့်လိုက်ရမှာဖြစ်တဲ့အတွက် ဖခင် ဘုရင်သာကအူ က စောသာဂေါ်ခွားတို့ကို
သမီးအန္တရာယ်မရှိစေဖို့ ကတိအထပ်ထပ်တောင်းခဲ့ ကြပါတယ်။ နော်ဘူဘောရဲ့ မိခင်ဖြစ်သူ
ကတော့ သမီးအတွက် စပါးအပြည့် ဖြည့်ထားတဲ့ ဘူးသီးခြောက်တစ်ခုနဲ့ မှော်ရွှေဘီးတစ်ချောင်း
လက်ဆောင်ပေးခဲ့ ပါတယ်။ ခရီးသွားရင်း လမ်းတစ်ထောက်အနား ဗိုက်ဆာချိန်မှာ နော်ဘူဘောက
မိခင်ထည့်ပေးလိုက်တဲ့ ဘူးသီးခြောက်ထဲက စပါးတစ်စေ့ကို ထုတ်၊ အခွံနွှာ၊ ထက်ပိုင်းချိုးပြီး
အနီးနားက ကြက်ဥခွံလေးထဲ ထည့်ချက်ပါတယ်တဲ့။

ကြက်ဥ ခွံအပြည့်ဖြစ်လာတဲ့ ထမင်းက လိုက်ပါသူတွေအတွက် ခရီးတစ်လျှောက်လုံး ဗိုက်ပြည့်တဲ့
အထိ အာဟာရပြည့်စေခဲ့ပါတယ်။ ဘွယ်ဟီခို နန်းတော်ရောက်ရှိချိန်မှာတော့ ညဘက်အိပ်ချိန်
ထွက်တတ်တဲ့ မင်းသမီးနော်ဘူဘောရဲ့ ရောင်ခြည်တွေကြောင့် အန္တရာယ်ရှိသူ စုန်းမအဖြစ်
ဝိုင်းသတ်မှတ်ခဲ့ကြပြီး မကြာခင်ရက်ပိုင်းမှာ စောသာဂေါ်ခွားဟာ ရန်သူတွေနဲ့ တိုက်ခိုက်ဖို့
စစ်တိုက်ထွက်ရပါတော့တယ်။

စစ်တိုက်မထွက်ခင်မှာ နော်ဘူ ဘောက တန်ခိုးရှိတဲ့ မှော်ရွှေဘီးကို ခင်ပွန်းသည်ကို အဆောင်အဖြစ်
ထည့်ပေး လိုက်ပါတယ်။ စစ်တိုက်ရာမှာ မှော်ရွှေဘီးကို ခြေနဲ့နင်းထားတာကြောင့် စစ်သူကြီး
စောသာဂေါ်ခွားကို ရန်သူတွေ မမြင်နိုင်ခဲ့ဘဲ အသာစီးနဲ့ ချေမှုန်းနိုင်ခဲ့ပေမယ့် မသေသေးတဲ့ ရန်သူတစ်ယောက်က နောက်ဆုံး စောသာဂေါ်ခွား ရွှေဘီးကို ခေါင်းပေါ်ပြန်တင်ချိန်မှာ တွေ့ရှိခဲ့
ပါတယ်။ ဒါကြောင့် အဆိပ်လူးမြှားနဲ့ ပစ်လိုက်ပြီး စောသာဂေါ်ခွားလည်း တိုက်ပွဲမှာ ကျဆုံးခဲ့ရ
ပါတော့တယ်။

နော်ဘူဘောတောင်တက်လမ်းမှ ဘုရားဝတ်ပြုခန်း။ငြိမ်းအိအိထွေး / မြန်မာတိုင်း(မ်)နော်ဘူဘောတောင်တက်လမ်းမှ ဘုရားဝတ်ပြုခန်း။ငြိမ်းအိအိထွေး / မြန်မာတိုင်း(မ်)

စစ်ပွဲတိုင်းအနိုင်ရတဲ့ စောသာဂေါ်ခွား စစ်ပွဲမှာကျဆုံးခဲ့တဲ့ တရားခံအဖြစ် မှော်ဘီးပိုင်ရှင် နော်
ဘူဘောကို သံသယနဲ့ ၀ိုင်းစွပ်စွဲကြပြီး နောက်ဆုံး တရားစီရင်မယ့် ဒေဖာဟိုခိုတောင်စွန်းထိပ်မှာ
ကြိုးနဲ့ချည်ထားခဲ့ပါတယ်။ အဲဒီတောင်ထွတ်နေရာဟာ အရင်က စုန်း၊ ကဝေ၊ မှော်ပညာရှင်တွေ
နေထိုင် တဲ့နေရာအဖြစ် နာမည်ကြီးခဲ့ပြီး အဲဒီနေရာမှာပဲ မင်းသမီးလေးကို သတ်လိုက် ကြပါတော့
တယ်။ မင်းသမီးလေး အသတ်ခံရတဲ့သတင်းကို ဖခင် ပင်လယ်ဘုရင် သာကအူ ကြားရပြီး
ဒေါသကြီးမားတဲ့ ဘုရင်ကြီးဟာ စစ်သည်များစွာနဲ့ ဘွယ်ဟီခို အရပ်ကို စစ်တိုက်ထွက်ခဲ့ကြပြီး
နောက်ဆုံး ဒေသတစ်ခုလုံး ပျက်စီးပြီး မှော် တန်ခိုးတွေကြောင့် ကျောက်ရုပ်များအဖြစ် ပြောင်း
လဲသွားကြရင်း လွမ်းမော စရာ ဒဏ္ဍာရီလေးက အဆုံးသတ်သွားခဲ့ပါတယ်။

အလွန်သာယာလှပပြီး မြူနှင်းတိမ်ဆိုင်တွေ ဖုံးလွှမ်းအေးချမ်းနေတဲ့ ဘွယ်ဟီခိုအရပ် (ယခု
သံတောင်၊ သံတောင်ကြီးမြို့နယ်)ကို ဗြိတိသျှလက်အောက်ခံကာလမှာ အပန်းဖြေအနားယူစရာ
တောင်စခန်းမြို့အဖြစ် သတ်မှတ် ခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ နောက်ပိုင်းမှာတော့ ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေး
တိုက်ပွဲတွေကြောင့် မငြိမ်သက်ရာ အမည်းရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့
လှပတဲ့တောတောင်တွေနဲ့ တစ်နှစ်ပတ်လုံး သာယာအေးမြတဲ့ ရာသီဥတုတွေရှိနေတဲ့ သံတောင်မြို့ဟာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့က နေ ၂၇ မိုင်ပဲ ကွာဝေးတာကြောင့် အပန်းဖြေသွားသင့်တဲ့
အနီးဆုံးနေရာအဖြစ် တဖြည်းဖြည်း လူသိပြန်များလာခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာတော့
ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဥက္ကဋ္ဌ၊ ဆရာတော် ဒေါက်တာ နေဘလုက နော်ဘူဘော
ဆုတောင်းတောင် ထိန်းသိမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒဏ္ဍာရီထဲက မင်းသမီး နော်ဘူဘော
အသတ်ခံရတယ်လို့ ယူဆတဲ့ တောင်ထွတ်နေရာမှာ လက်ဝါးကပ်တိုင် စိုက်ထူရင်း
ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ တောင်ခြေကနေ တောင်ထိပ်ပိုင်းအထိ
ပေ ၅၆၀ အမြင့်၊ လှေကားထစ်ပေါင်း ၃၇၄ ထစ်ရှိပြီး တောင်တက်တဲ့ လှေကားတွေဘေးမှာ သီးသန့်ဆုတောင်းခန်းတွေ ဆောက်လုပ်ပေးထားပါတယ်။ လတ်တလောမှာတော့ ဆုတောင်းပြည့်
တယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ရော၊ အနားယူအပန်းဖြေစရာ လှပတဲ့ ရှုခင်းတွေ၊ လတ်ဆတ်တဲ့
လေကောင်း လေသန့်တွေအပြင် လူမျိုးဘာသာမရွေး ညအိပ်ဧည့်သည်တွေကိုပါ လက်ခံပေးတဲ့ ဆုတောင်းတောင်ထိန်းသိမ်းရေးကော်မတီအဖွဲ့ကြောင့်ပါ နာမည်ကျော်နေပါတယ်။

တောင်ပေါ်တွင် ကရင်မိသားစုတစ်စု ဓာတ်ပုံအရိုက်ခံနေစဉ်။တောင်ပေါ်တွင် ကရင်မိသားစုတစ်စု ဓာတ်ပုံအရိုက်ခံနေစဉ်။

ဆရာတော် ဒေါက်တာနေဘလုနဲ့ ဇိုင်းယာန်းအသင်းသားတွေ တောင်ထိပ် မှာ လက်ဝါးကပ်တိုင် စတည်ဆောက်တော့ လုံလောက်တဲ့ငွေကြေးမရှိခဲ့ဘဲ တောင်အောက်ကနေသာ တစ်ဆင့်ချင်း လက်ဆင့်ကမ်းသယ်ခဲ့၊ ဖြည်းဖြည်း ချင်း ဆောက်လုပ်ခဲ့ရတယ်လို့ လက်ရှိ ဆုတောင်းတောင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဆရာတော် ဦးအုန်းဖေက ပြောပါတယ်။ "ကျွန်တော်တို့ကတော့ ဂိုဏ်းဂဏတွေ၊ ဘာသာလူမျိုးတွေ ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါဘူး။ ဒီကို အနားလာယူတာဖြစ်ဖြစ်၊ မင်းသမီး နော်ဘူဘောဆီ က ခွန်အားလာယူတာဖြစ်ဖြစ် နွေးထွေးစွာ ဆက်ဆံပါတယ်။ အဓိကက လာတဲ့သူတွေ စိတ်အေးချမ်းသွားဖို့ပါ" လို့ ကော်မတီအဖွဲ့ဝင် ၃၀ ကျော်နဲ့ အလုပ်လုပ်နေတဲ့ ဦးအုန်းဖေက ပြောပါတယ်။

၂၄ နာရီ ၀င်ထွက်နိုင်တဲ့ တောင်ပေါ်နားနေဆောင်နဲ့ ကြိုတင်အကြောင်း ကြားရင် ထမင်းဟင်းတို့နဲ့ စေတနာအပြည့်ဧည့်ခံတဲ့ ဆုတောင်းတောင် ကော်မတီဟာ ခုချိန်မှာတော့ အနယ်နယ်အရပ်ရပ်က ယုံကြည်မှုနဲ့ အလှူငွေတွေလည်း ရရှိနေပြီဖြစ်ပါတယ်။ ကော်မတီအတွင်းရေးမှူးဖြစ်တဲ့ ဘုန်းတော်ကြီး စောဟေဇရိုက အလှူငွေတွေ နဲ့ လူနားနေဆောင်၊ တောင်ခြေ ရွှေညောင်ရွာကနေ နော်ဘူးဘောတောင်အထိ ကတ္တရာလမ်းခင်းခဲ့ပြီး ရေစုပ်စက်၊ ရေလှောင်ကန်တွေနဲ့ တောတောင်ထိန်းသိမ်းရေးလုပ်ငန်းတွေပါ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောပါတယ်။ "အလှူရှင်တွေနဲ့ အလှူငွေကို လက်ခံရတဲ့ ကျွန်တော်တို့ ကော်မတီကြားမှာ ပွင့်လင်းမြင်သာမှုက အလွန်အရေးကြီးပါတယ်။ အနယ်နယ်အရပ်ရပ်က ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် လာရောက်လှူဒါန်းမှုကို ဆန္ဒ ပြည့်ဝအောင်၊ လက်တွေ့အသုံးဝင်အောင် စီစဉ်ရပါတယ်" လို့ ဘုန်းတော်ကြီး စောဟေဇရိုက ပြောပါတယ်။ ဧပြီလ ၁၃ ရက်နေ့မှာ နော်ဘူဘောတောင်တော် စတင်တည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားကို နော်ဘူဘောတောင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ကရင်နှစ်သစ်ကူးတောင်တွေမှာ စည်ကားစွာ ကျင်းပတဲ့ အစီအစဉ်လည်း ရှိနေပါတယ်။ ၂၀၀၄ ခုနှစ်က စတင်ပြီး တစ်နှစ်ကို လေး၊ ငါးကြိမ် အနည်းဆုံး ရောက်ဖြစ်တယ်ဆိုတဲ့ ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က ဦးညီညီထွန်းကတော့ ဆုတောင်း ပြည့်တဲ့ ယုံကြည်မှုကို အပြည့်အ၀လက်ခံထားပါတယ်။

"ကျွန်တော့်စီးပွားရေး အကုန်လုံးအတွက် မင်းသမီး နော်ဘူဘောကို အပြည့်အ၀ကို ယုံကြည်တာပါ။ ခဏခဏလည်း စမ်းသပ်ပြီးပါပြီ။ ဒီကိုလာပြီး မဆုတောင်းဘဲ လုပ်ခဲ့တဲ့ စီးပွားရေးတိုင်း ရှုံးခဲ့ပြီး လာဆုတောင်းတာနဲ့ အံ့ဩစရာကောင်းအောင် အောင်မြင်ပါတယ်" လို့ ဦးညီညီထွန်းက ပြောပါတယ်။ ရန်ကုန်မြို့၊ ခ၀ဲခြံမှာ နေထိုင်တဲ့ နော်မဲ့တလင်းက ငယ်စဉ်ကတည်းက နော်ဘူဘောကို အိပ်ရာဝင်ပုံပြင်အဖြစ် ရင်းနှီးခဲ့ပေမယ့် မနှစ်ကမှ နှစ်ခြင်းဘုရားကျောင်း အသင်းတော်နဲ့အတူ ပထမဆုံး ရောက်ဖူးခဲ့ပါတယ်။ "ကျွန်မလေ ပထမတစ်ခေါက်လာတုန်းက ဆုတောင်းခဲ့တဲ့ လေးဘက်နာ ရောဂါက ခု တကယ်ပျောက်သလောက်နီးပါး သက်သာသွားတယ်။ ဒါကြောင့် ကျေးဇူးတင်လို့ ခုနောက်တစ်ခေါက် လူစုပြီး ထပ်လာတာပါ။

နော်ဘူဘော ဆုတောင်းတောင်အကြောင်း လူတွေ သိသင့် တယ်" လို့ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ကရင် တိုင်းရင်းသူ နော်မဲ့တလင်းက ပြောပါတယ်။ တောင်ငူမြို့က အာရှစိမ်းလန်းစိုပြည်ရေးဘဏ်မှာ အလုပ်လုပ်နေတဲ့ ကိုသီဟအောင်က တော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် အေးချမ်းလှပနေတဲ့ နော်ဘူဘောတောင်ကို အနားယူဖို့ လာလေ့ရှိပါတယ်။ "လမ်းကောင်းတော့ ဆိုင်ကယ်နဲ့ တောင်တက်ရင်း မျက်နှာကို တိမ်မျှင်တွေလာထိတဲ့ အရသာကို ကြိုက်တယ်။

တောင်ပေါ်မှာ အေးချမ်းပြီး လှပနေတာကိုလည်း သဘောကျတော့ သူငယ်ချင်းတွေနဲ့ လာဖြစ်တယ်" လို့ ကိုသီဟအောင်က ပြောပါတယ်။ သံတောင်ကြီးမှာ နေထိုင်တဲ့ ကိုဖိုးချိုက မင်းသမီး နော်ဘူဘောဟာ အရက်သေစာနဲ့ ညစ်ညမ်းဆဲဆိုမှုတွေကို မကြိုက်ဘဲ သူ့ပိုင်နက်ဖြစ်တဲ့ တောင်တော်တစ်ဝိုက်မှာ ကျူးလွန်မိခဲ့ရင် အပြစ်ဒဏ်ခတ်တယ်လို့ ယုံကြည်ထားပါတယ်။ တောင်တက်လမ်းတစ်လျှောက် စက်ပျက်တဲ့ကားတွေကို စစ်ဆေးပြီး ကားပေါ်ပါလာတဲ့ အရက် ဘီယာ ပုလင်းတွေ လွှင့်ပစ်တာနဲ့ စက်က အလိုလိုပြန်ကောင်းတတ်သလို မင်းသမီးက သူပိုင်ဆိုင်ရာနယ်မြေမှာတော့ အသက်သေတဲ့အထိမပြင်းတဲ့ပြစ်ဒဏ်တွေ ခတ်တတ်ပါတယ်တဲ့။ "ဒါပေမဲ့ သူ့ပိုင်နက်ကျော်သွားပြီဆိုရင်တော့ တောင်တော်တစ်ဝိုက်မှာ ကျူးလွန်တဲ့အပြစ်တွေကို ဒဏ်ခတ်တတ်တယ်။

တစ်လောကပဲ အရက်မူးနေတဲ့လူပါတဲ့ ဆုတောင်းတောင်ကို လာတဲ့ကား သံတောင်အကျော်မှာ ချောက်ထဲကျလို့ လူတွေ သေကုန်တယ်" လို့ ကိုဖိုးချိုက ပြောပါတယ်။ အစွဲအလမ်းတွေ၊ ဒဏ္ဍာရီပုံပြင်နဲ့ အယူအဆတွေ ပြည့်နှက်နေတဲ့ နော်ဘူဘော ဆုတောင်း တောင်တက်လမ်းတစ်လျှောက်ကတော့ မြူနှင်းတွေ၊ စိမ်းစိုနေတဲ့ တောနက်နက်တွေနဲ့ စိမ်းရွှေရွှေတောနံ့တွေ၊ ငှက်နဲ့ တောကောင်လေးတွေရဲ့ အော်သံတွေကြောင့် လူစိတ်ဝင်စားရာ အေးချမ်းတဲ့အရပ်အဖြစ် ခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်

အကြည့်အများဆုံး - နားနားနေနေ စိတ်အပန်းဖြေ