မီးပုံးပျံတစ်လုံးပေါ်က ခံစားမှု၊ အမြင် အလှအပအသစ်တွေ ပေးသလား

အင်းလေးကန်အတွင်းရှိ ကျွန်းမျောစိုက်ခင်းများကို မီးပုံးပျံပေါ်မှ မြင်တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)အင်းလေးကန်အတွင်းရှိ ကျွန်းမျောစိုက်ခင်းများကို မီးပုံးပျံပေါ်မှ မြင်တွေ့ရစဉ်။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

အင်းလေးကန်ရဲ့ သာယာလှပမှုတွေကို မျက်စိတစ်ဆုံး ခံစားဖို့ဆိုရင်တော့ လှေတစ်စင်းနဲ့
လည်ပတ်တာထက် မီးပုံးပျံစီးပြီး လည်ပတ်သင့်ပါတယ်။

ရေပေါ်အိမ်တွေနဲ့ လှေကိုခြေနဲ့လှော်ကြတဲ့ အင်းသားတွေရဲ့ အလေ့အထတွေဟာ မြန်မာနိုင်ငံကို
ကမ္ဘာတစ်ဝန်းက ခရီးသွားဧည့်သည်တွေ လာချင်အောင် ဆွဲဆောင်နေတဲ့ ထူးခြားတဲ့ ဓလေ့တစ်ခုပါ။

ဒါပေမဲ့ ဂစ်လ်ချာလ်တန်ရဲ့ Telegraph's essential guide to Burma ဆိုတဲ့စာအုပ်မှာ
"အင်းလေးကန်ရဲ့ ကျော်ကြားမှုက သူ့ကိုယ်သူ ပြန်ပြီးဒုက္ခပေးနေတယ်" လို့
ထည့်သွင်းပြောထားသလိုပါပဲ။ တစ်ခါက ဆိတ်ငြိမ်သန့်ရှင်းလှတဲ့ အင်းလေးကန်ရေပြင်နဲ့
ပတ်ဝန်းကျင်ဟာ ခရီးသွားဧည့်သည်အုပ်စုတွေကို တင်ပြီး စုန်ချည်ဆန်ချည်သွားနေကြတဲ့
စက်တပ်လှေတွေရဲ့ ဆူညံသံ၊ ဒေသထွက်ကုန်တွေကို အမှတ်တရလက်ဆောင်အဖြစ် ၀ယ်သွားကြဖို့
ဧည့်သည်တွေကို ဆွယ်ခေါ်နေတဲ့အသံတွေ၊ 'လှေစီးဦးမလား'လို့ တွေ့ရာလူကို
တရစပ်ခေါ်နေသံတွေနဲ့ သူ့အလှအပကို မပြနိုင်တော့ဘဲ သာမန် နေရာတစ်ခုလို ဖြစ်နေပါတော့တယ်။

အင်းလေးကန်မှာ လှေနဲ့ပဲ လည်ပတ်ရမယ်လို့ ဘယ်သူမှ မပြောပါဘူး။ လူစည်ကားရှုပ်ထွေးတာမျိုးကို
ရှောင်ရှားချင်တဲ့ ငွေပေါသူ ခရီးသွား ဧည့်သည်တွေအတွက် မြန်မာ့အကျော်ကြားဆုံး အင်းလေးကန်
အလှကို ခံစားနိုင်တဲ့နည်း နောက်တစ်နည်းတော့ ရှိနေပြန်ပါသေးတယ်။

အဲဒါကတော့ ဝေဟင်မှာ မီးပုံးပျံစီးပြီး မြင်ကွင်းကျယ်အလှတွေကို ခံစားတာပဲပေါ့။

ဟိုတယ်လှေကားထစ်တွေကနေ အိပ်ချင်မူးတူးခြေလှမ်းတွေနဲ့ ဆင်းလာတဲ့ ကျွန်မကို "စောစောစီးစီး
လာခေါ်ရတာ အားတော့နာပါတယ်" လို့ ကျွန်မတို့ရဲ့ ခရီးသွားလမ်းညွှန်က ပြုံးရွှင်စွာ
နှုတ်ခွန်းဆက်လာပါတယ်။

မနက် ၄ နာရီခွဲလောက်ကြီး ထလို့လည်း ဘာကောင်းတာမှ မရနိုင်ပါဘူးလို့ ကျွန်မ ခံယူထားသူပါ။

ဒါပေမဲ့ သစ်သားလှေလေးပေါ် ကျွန်မတို့ တက်ပြီးတာနဲ့ပဲ လှေလေးဟာ ကြယ်ရောင်အောက်မှာ
အမှောင်ထုကို ဖောက်ခွင်းပြီး တဒုတ်ဒုတ်ခုတ်မောင်းသွားနေတဲ့အခါမှာတော့ စောစောထလို့ရတဲ့
တန်ဖိုးကို ကျွန်မ သိလိုက်ရပါပြီ။

အလင်းရောင်မရှိတဲ့အချိန် ဖြစ်တာကြောင့် ကန်ရေပြင်က ဘယ်မှာ ဆုံးလို့ တောင်တန်းခြေကြီးတွေက
ဘယ်မှာစတယ်ဆိုတာကို သဲသဲကွဲကွဲ မတွေ့ရပါဘူး။

ဝိုးတ၀ါး ညအမှောင်အောက်မှာ တောင်တန်းကြီးတွေရဲ့ အရိပ်မည်းတွေကို မြင်ရတာ
မီးခိုးရောင် နံရံအကြီးကြီးတွေကို မြင်နေရသလိုပါပဲ။

ကျွန်မကိုယ်ကျွန်မတော့ ကမ္ဘာတစ်ဖက်စွန်းကို ရွက်လွှင့်သွားတဲ့ Truman လို့ ခံစားရပါတယ်။

ရောင်နီပျို့ချိန်မှာတော့ တောင်တန်းတွေရဲ့ အရိပ်မည်းတွေထဲကို အလင်းရောင်လေးတွေ
ထိုးဖောက်ဝင်ရောက်လာပြီး တောင်ကြားဒေသမှာလည်း သက်ဝင်လှုပ်ရှားလာပါတယ်။

မိုးလင်းလုတဲ့အချိန်မှာတော့ ကန်ရေပြင်မှာ စက်လှေသံတဒုတ်ဒုတ်က ပိုဆူလာပြီး လှေကို
ခြေထောက်နဲ့လှော်ပြီး လုပ်ငန်းခွင်ဝင်နေကြတဲ့ ကိုတံငါအင်းသားတွေကို အမိအရ
ဓာတ်ပုံလုရိုက်နေကြတဲ့ ခရီးသွားဧည့်သည်တွေနဲ့ စည်ကားရှုပ်ထွေးစပြုလာပါတယ်။

သူတို့ရဲ့ ထူးခြားမှုကို ဓာတ်ပုံရိုက်သိမ်းထားချင်တဲ့ဇောကြောင့် လှေကို ခြေနဲ့လှော်နေကြတဲ့
ကိုတံငါတွေမှာ ငါးတစ်ကောင်တစ်လေမှ ဖမ်းမိထားတာမျိုး မရှိတာ၊ အင်းသားဝတ်စုံတွေနဲ့
သပ်သပ်ရပ်ရပ်ဖြစ်နေတာတွေနဲ့ ဓာတ်ပုံရိုက်ဖို့အတွက် ပို့စ်ပေးဖို့ စိတ်အားထက်သန်နေကြတာတွေ
ကိုတော့ မြန်မာနိုင်ငံမှာ အသားကျနေခဲ့ပြီဖြစ်တဲ့ ကျွန်မကလွဲရင် ကျန်တဲ့ခရီးသွားဧည့်သည်တွေ
သတိထားမိကြပုံ မရပါဘူး။

မီးပုံးပျံတွေ စတင်လွှတ်တင်ပေးတဲ့ နေရာရောက်တော့ လက်ဖက်ရည်နဲ့ လခြမ်းမုန့်တွေဟာ
သစ်လွင်တောက်ပတဲ့ မြစိမ်းရောင်စားပွဲခင်းပေါ်မှာ ဖြန့်ကြက်ပြီး ကျွန်မတို့ကို အဆင်သင့်
စောင့်နေကြပါတယ်။

အနီးအနားက မြေပြင်ပေါ်မှာတော့ ကန်ရေပြင်ပေါ် ဝေဟင်ကနေ ဖြတ်သန်းသွားမယ့် မဟာဆန်တဲ့
မြစိမ်းရောင်အသွေးနဲ့ မီးပုံးပျံတွေပါ။

ဒေသခံတွေ အုပ်စုလိုက်ရောက်လာကြပြီး မီးပုံးပျံလုပ်သားတွေက မီးပုံးပျံတွေ ဖောင်းကားသွားအောင်
ကြိုးပမ်းနေတဲ့အချိန်မှာ သူတို့ရဲ့ စမတ်ဖုန်းတွေနဲ့ တက်တက်ကြွကြွ ဓာတ်ပုံရိုက်နေကြရာက
ရုတ်တရက် ဂက်စ်ထပေါက်လို့ ရှူးခနဲ မြည်သွားမှပဲ သူတို့တွေ လန့်ပြီး နောက်ဆုတ်
သွားကြပါတော့တယ်။

Oriental Ballooning မီးပုံးပျံ ပျံသန်းရေးခရီးစဉ်ဝန်ဆောင်မှုဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က
စတင်ခဲ့ပြီး ခရီးသည် လေးယောက်ကနေ ၁၂ ယောက်အထိ လိုက်ပါစီးနင်းနိုင်တဲ့ ခရီးစဉ်တွေကို
ပုဂံနဲ့ မန္တလေးက ကောင်းကင်ထက်မှာ ပျံသန်းပေးနေပါတယ်။

အင်းလေးကန်ခရီးစဉ်ကတော့ ၂၀၁၄ ခုနှစ်မှာ စပါတယ်။

အင်းလေးကန်ထက် ပျံသန်းပြီးမြင်ရတဲ့ ရှုခင်းက ပုဂံက မြင်ကွင်းအလှနဲ့ ယှဉ်နိုင်တယ်လို့
ဆိုတာကြောင့် ကျွန်မလည်း အခုလို အင်းလေးကန်ထက်က ဝေဟင်မှာ မီးပုံးပျံစီးပြီး သဘာဝ
ရှုခင်းအလှအပတွေကို ခံစားဖို့ ဆုံးဖြတ်ခဲ့တာပါ။

မီးပုံးပျံအောက်မှာ တွဲလောင်းလေးပါတဲ့ ခြင်းတောင်းကြီးထဲကို မ၀င်ခင်မှာ ကျွန်မတို့စီးမယ့် မီးပုံးပျံကို
မောင်းနှင်ထိန်းချုပ်ပေးမယ့် ဘေလ်က မတော်တဆတစ်ခုခုဖြစ်ခဲ့ရင် ဘေးကင်းအောင်
ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အတိုချုပ် ပြောပြပါတယ်။

သူကတော့ ယူကေက လိုင်စင်ရမီးပုံးပျံ ထိန်းချုပ်မောင်းနှင်သမား တစ်ဦးပါ။

မတော်တဆဖြစ်တာမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူးလို့လည်း သူက ကျွန်မတို့ကို အာမခံပြောကြားလိုက်ပါ
သေးတယ်။

ဒါပေမဲ့ ကျွန်မကတော့ မီးပုံးပျံပျံတက်တဲ့အချိန်မှာ ဘေးကင်း အောင်နေရမယ့်ပုံစံကို သေသေချာချာ
နားစိုက်ထောင်ထားပါတယ်။

အခုချိန်အထိတော့ မီးပုံးပျံစီးရတဲ့ ကျွန်မရဲ့အတွေ့အကြုံကတော့ Wizard က မြစိမ်းရောင်မြို့တော်ကို
မီးပုံးပျံနဲ့ ဖြတ်သန်းသွားတဲ့ The Wizard of Oz ဇာတ်ကားပါ။ တစ်ကားလုံးအရောင်ကတော့
မပြောင်းဘူးပါဘူး။

မြူးထူးခုန်ပေါက်နေတဲ့ မြို့နေလူထုကလည်း အစိမ်းရောင်အ၀တ်အစားတွေနဲ့ပါ။

တကယ်မီးပုံးပျံစီးမယ်ဆိုရင်တော့ ပိုလန့်စရာကောင်းမှာပါ။

လူလေးယောက်ဆံ့တဲ့ ခြင်းတောင်းလေးထဲကို ကျွန်မ ကုတ်ကတ်တက်ခဲ့ပြီးတဲ့အခါမှာတော့ ကျွန်မက
အမြင့်ကြောက်တတ်တယ်ဆိုတာကို ရုတ်တရက် သတိရသွားပါတယ်။

ဒါပေမဲ့ ပြန်ဆင်းဖို့တော့ မစဉ်းစားဖြစ်ခဲ့ပါဘူး။

မီးပုံးပျံခြင်းက လေထဲကို ဖြည်းဖြည်းချင်း စတက်လာတဲ့အချိန်မှာ ပရိုပိန်းမီးစာကနေ မြည်ဟည်းနေတဲ့
အသံတွေကြောင့် ကျွန်မတို့တွေ တိတ်ဆိတ်နေကြပါတယ်။

ကျွန်မတို့ မိုးပျံပူပေါင်းက အပေါ်ကိုတည့်တည့်တက်နေတာကြောင့် ရွေ့နေတယ်လို့ ကျွန်မတို့
မခံစားရပါဘူး။

ဒါပေမဲ့ ကမ္ဘာမြေပြင်ကတော့ တဖြည်းဖြည်းနဲ့ အောက်မှာ ဝေးဝေးပြီး ကျန်ခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ အပေါ်ကို မြင့်တက်လာတာကြောင့် မီးပုံးပျံဟာ မနက်စောစောတွေ့ရတဲ့
မြူတွေကြားက ကြည်လင်နေတဲ့ ကန်ရေပြင်ထက်မှာ တဖြည်းဖြည်း ရွေ့လျားသွားနေပါတယ်။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈,၀၀၀ ကိုရောက်တဲ့အခါမှာတော့ ရင်သပ်ရှုမောဖွယ်
မြင်ကွင်းကျယ်ကို ကျွန်မတို့ ပတ်ပတ်လည်မှာ တွေ့လိုက်ရပါတယ်။

ရေထဲကနေ မြင်ရတဲ့အခါ ချစ်စရာကောင်းလှတဲ့ ကျွန်းမျောအကွက်လိုက်တွေကို အထက်စီးကနေ
မြင်ရတဲ့အခါမှာလည်း တစ်မျိုးတစ်ဘာသာ လှနေပါလားရယ်လို့ အသိအမှတ်ပြုလိုက်ရပါတယ်။

ကျွန်းမျောတွေရဲ့ ရှုပ်ယှက်ခတ်နေတဲ့ အနားသတ်လိုင်းလေးတွေက ကန်ထဲမှာ မိုင်ပေါင်းများစွာ
ဖြန့်ကြက်တည်ရှိနေပါတယ်။

ဈေးကိုသွားနေတဲ့ စက်လှေတွေကို မြင်ရတာ ပုရွက်ဆိတ်အတန်းကို မြင်ရသလိုပါပဲရှင်။

ဝေဟင်ထဲမှာတော့ စက်လှေတွေရဲ့ တဒုတ်ဒုတ်ဆူညံသံကို မကြားရဘူး ရှင့်။

လေထဲမှာ လွင့်မျောပျံသန်းနေတဲ့ မီးပုံးပျံဆီက တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့
ဂက်စ်ပေါက်သံအပြင် ကျွန်မတို့ကြားရတဲ့ မြေပြင်ကနေ ဝေဟင်အထိ လွင့်ပျံ့လာတဲ့
တစ်ခုတည်းသော အသံကတော့ ရွာတွေထဲက စေတီဆီကနေ ထွက်ပေါ်နေတဲ့
ဆည်းလည်းသံပါပဲရှင်။

မီးပုံးပျံခြင်းကြီးရဲ့ ဘေးအစွန်းကနေ ပါးစပ်အဟောင်းသားနဲ့ သဘာဝအလှအပတွေကို
ငုံ့ကြည့်နေချိန်မှာပဲ ဘေလ်က မီးပုံးပျံကို ကန်ရေပြင်နဲ့ မီတာအနည်းငယ်အကွာလေးထိ
နိမ့်ဆင်းလိုက်တယ်။

မီးပုံးပျံက အဲလိုအနေအထားနဲ့ ရပ်တန့်နေတယ်။

အင်းလေးကန်ရေပြင်ပေါ်တွင် ပျံဝဲနေသော မီးပုံးပျံတစ်လုံး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)အင်းလေးကန်ရေပြင်ပေါ်တွင် ပျံဝဲနေသော မီးပုံးပျံတစ်လုံး။ ဇာနည်ဖြိုး/မြန်မာတိုင်း(မ်)

"ကမ္ဘာ့ဘယ်နေရာမှာမဆို မီးပုံးပျံစီးလို့ရတယ်။ ဒါပေမဲ့ ဒီလိုပတ်ဝန်းကျင်အလှမျိုးကို ဘယ်မှာမှ
ခင်ဗျားတို့ မြင်ရမှာမဟုတ်ဘူး"လို့ ဘေလ်က ပြောပါတယ်။

ယူကေဇာတိဖြစ်တဲ့ ဘေလ်ဟာ ဥရောပ၊ မွန်ဂိုလီးယား၊ သီရိလင်္ကာနဲ့ ဆီးရီးယားတို့ အပါအ၀င်
ကမ္ဘာ့နေရာအနှံ့အပြားမှာ မီးပုံးပျံတွေ ပျံသန်းခဲ့သူဖြစ်ပေမယ့် အင်းလေးဒေသကတော့
အခကြေးငွေယူပြီး ပျံသန်းရတဲ့ သူအကြိုက်ဆုံးနေရာတွေထဲက တစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။

"ကျွန်တော့်အမြင်အရတော့ အင်းလေးဟာ မီးပုံးပျံစီးဖို့အတွက် အကောင်းဆုံး လျှို့ဝှက်ချက်တွေ
ရှိတဲ့နေရာတစ်ခုပါပဲ"လို့ ပြောပါတယ်။

အပေါ်ကို ပြန်ပြီးတက်လိုက်တော့ လေထုက ကျွန်မတို့ကို ရှမ်းပြည်နယ်နဲ့ တရုတ်နယ်စပ်အထိ
ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတွေကို လှမ်းမြင်နိုင်တဲ့ တောင်တန်းတွေဆီကို ခေါ်ဆောင်သွားပါတယ်။

မကြာခင် မီးပုံးပျံ ဆင်းသက်ရမယ့်အချိန် ရောက်ပါပြီ။

ဘေလ်က ဆင်းမယ့်နေရာမှာ ကျွန်မတို့ကို လာကြိုနေမယ့် မြေပြင်ကနေ တောက်လျှောက်
လိုက်လာတဲ့ သူ့အဖွဲ့သားတွေကို ရေဒီယိုနဲ့ လှမ်းအကြောင်းကြားလိုက်ပါတယ်။

ဆင်းသက်မှုဟာ အန္တရာယ်များတဲ့ အလုပ်လို့ သူက ကျွန်မတို့ကို ပြောပါတယ်။

အပေါ်ကို ပျံတက်တာနဲ့ အောက်ကိုဆင်းဖို့ မောင်းနှင်တာကိုပဲ ထိန်းချုပ်နိုင်ပြီး လေနဲ့မျောနေချိန်မှာတော့
မထိန်းချုပ်နိုင်တာကြောင့် ဆင်းသက်မယ့်နေရာကို ကြိုပြီး ခန့်မှန်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

"ရေပေါ်ကို ဆင်းမိမယ်ဆိုရင်ရော" လို့ ခရီးသည်တစ်ဦးက စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်ပါတယ်။

အဲဒီလို မေးလိုက်တဲ့အချိန်မှာပဲ ကန်ထဲမှာ လှေတစ်စင်း ရုတ်တရက်ပေါ်လာပြီး ကျွန်မတို့ဆီကို
အရှိန်မြှင့်ပြီး လာနေတာကို တွေ့ရပါတယ်။

လှေက မီးပုံးပျံနားရောက်တော့ OB ဆိုတဲ့ အဖြူရောင်စာလုံးကြီးတွေနဲ့ ရေးထွင်းထားတဲ့
စင်္ကြံလျှောက်လမ်းတစ်ခုကို မြင်လိုက်ရပါတယ်။

ကမ်းစပ်ဘက်ကို ပြန်မလှည့်ခင် လိုအပ်ရင် ဂျိမ်းစ်ဘွန်းစတိုင်နဲ့ သီးသန့်လုပ်ထားတဲ့
အဲဒီစင်္ကြံလမ်းပေါ်ကို ဆင်းသက်နိုင်တယ်လို့ ဘေလ်က ပြောပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျွန်မရဲ့ 007 စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာဖို့ အခွင့်အရေး
မရလိုက်ပါဘူး။

ဒါပေမဲ့ ကျွန်မတို့ရဲ့ မြေပြင်ပေါ်ဆင်းသက်မှုဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။

ရွာတွေအပေါ်ကနေ ကျွန်မတို့ ပျံသန်းလာတော့ ကလေးတွေဟာ သူတို့ရဲ့ အိမ်တွေထဲကနေ
ပြေးထွက်လာကြပြီး သီးနှံစိုက်ခင်းတွေအပေါ်ကို ဖြတ်နင်း၊ ခြံစည်းရိုးတွေကို ကျော်လွှားပြီး
ကျွန်မတို့နောက်ကို ပြေးလိုက်လာကြတယ်။

မီးပုံးပျံဆင်းမယ့်နေရာကို ဘေလ်တွေ့လိုက်ချိန်မှာပဲ များပြားလှတဲ့ လူအုပ်ကြီးတစ်စုက
အောက်က ကွင်းပြင်မှာ စုစည်းနေကြပါတယ်။

ညင်ညင်သာသာနဲ့ တစ်ချက်လောက်တုံ့ပြီး မြေပြင်ပေါ်ကို ဆင်းသက်လိုက်ချိန်မှာတော့
စိတ်လှုပ်ရှားစွာ လာရောက်ကြည့်ရှုနေကြတဲ့ လူအုပ်ကြီးက ကျွန်မတို့ကို ဆီးကြိုနေပါတယ်။

တကယ့်ကို အိပ်မက်ဆန်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။

မီးပုံးပျံလုပ်သားတွေက မီးပုံးပျံကြီးကို ခေါက်သိမ်းနေတုန်း ကျွန်မတို့ မီးပုံးပျံခြင်းကြီးထဲကနေ
အပြင်ကိုထွက်လိုက်ပြီး တောင်တန်းဘေးက ရွာလေးတစ်ရွာဆီကို သစ်ပင်တွေကို ကျော်ဖြတ်ပြီး
သွားခဲ့ကြတယ်။

ရွာရောက်တော့ မြစိမ်းရောင်စားပွဲကြီးက ပဉ္စလက်ဆန်ဆန် ပြန်ပေါ်လာ ပြန်ပါတယ်။

ဒီတစ်ကြိမ်ကတော့ မြစိမ်းရောင်စားပွဲကြီးပေါ်မှာ ရှန်ပိန် သောက်ရမယ့်အချိန်ပေါ့။

ဒီလိုရှန်ပိန်သောက်ခြင်းဟာ မီးပုံးပျံ မြေပေါ်ကိုဆင်းသက်မှုအပေါ်ကို ဂုဏ်ပြုတဲ့အနေနဲ့
မီးပုံးပျံမောင်းသူတွေအကြား ပြုလုပ်လေ့ရှိတဲ့ အလေ့အထပါလို့ ကျွန်မတို့ကို ရှန်ပိန်တွေ
လိုက်ဖြည့်ပေးရင်း ဘေလ်က ရှင်းပြပါတယ်။

ရှေးခေတ်လေကြောင်းခရီးသွား ပြင်သစ်ညီအစ်ကို နှစ်ဦးဖြစ်တဲ့ Montgolfier Brothers ဟာ
ပထမဆုံးမှတ်တမ်းတင် မီးပုံးပျံခရီးစဉ်ကို ၁၉၇၃ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ရာမှာ မီးပုံးပျံအဆင်းကို
စိုးရိမ်တကြီးနဲ့ လာရောက်ကြည့်ရှုသူတွေကို စိတ်ပြေရာပြေကြောင်း လုပ်ဖို့အတွက် ရှန်ပိန်တွေကို
သယ်ဆောင်သွားခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ပြင်သစ်ညီအစ်ကိုရဲ့ ပထမဆုံး အောင်မြင်စွာမောင်းနှင်နိုင်ခဲ့တဲ့ ခရီးစဉ်ကို
အမှတ်တရပြုလုပ်တဲ့အနေနဲ့ မီးပုံးပျံစီးပြီးရင် ရှန်ပိန်သောက်ရတဲ့ အလေ့အထတစ်ခု ဖြစ်လာခဲ့တာပါ။

လှေဆီကို ကျွန်မတို့ ပြန်ရောက်လာပြီး တဂျုတ်ဂျုတ်မြည်တဲ့မော်တာနဲ့ အင်းလေးကန်ရေပြင်အနှံ့
ခုတ်မောင်းခဲ့ကြပြန်ပါတယ်။

ဘာလို့မှန်းမသိ ကန်ရေပြင်ဟာ ရောင်စုံအလင်းတန်းလေးတွေ ပျောက်ဆုံးနေတယ်လို့ ထင်ရပါတယ်။

ဖြစ်နိုင်တာကတော့ ရှန်ပိန်ကြောင့် ဒီလိုခံစားမိတာ ဖြစ်မှာပါ။

ဒါပေမဲ့ အရာအားလုံးဟာ ကောင်းကင်အထက်ကြည့်ရင် အများကြီးပိုပြီး အံ့ဩငေးမောဖွယ်ရာ
ဖြစ်နေတယ်လို့ ကျွန်မ မခံစားဘဲ မနေနိုင်ခဲ့ပါဘူး။

သွားမယ်ဆိုရင် အင်းလေးကန်ဒေသ Oriental Balloons မီးပုံးပျံ ခရီးစဉ်ဟာ တစ်ဦးကို
အမေရိကန်ဒေါ်လာ ၄၂၀ ဖြစ်ပါတယ်။

Oriental Balloons မီးပုံးပျံခရီးစဉ်အကြောင်း ပိုပြီးပြည့်ပြည့်စုံစုံ သိချင်ရင်၊ ဒါမှမဟုတ်
ကြိုတင်စာရင်းပေးချင်တယ်ဆိုရင်တော့ www.orientalballooning.com ကို
ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဒါမှမဟုတ် ညောင်ရွှေမြို့ လမ်းမတော်လမ်းက Oriental Balloons ရုံးကိုပဲဖြစ်ဖြစ်၊ အမှတ် ၁၀၊
အင်းလျားရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ ရန်ကုန်အရောင်းဌာနကိုပဲဖြစ်ဖြစ်
သွားရောက်လေ့လာနိုင်ပါတယ်။

ဘယ်မှာ တည်းခိုမလဲ

အင်းလေးကန်ပတ်ဝန်းကျင်ဒေသဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က မြင်တွေ့ခဲ့ရတဲ့ပုံစံနဲ့ အတော့်ကို
ကွဲပြားသွားပါပြီ။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်တည်းခိုနိုင်မယ့်
အဆောက်အအုံတွေ ၀န်ဆောင်မှုတွေကို အပြိုင်အဆိုင်ချဲ့ထွင်ဆောင်ရွက်လာတာကြောင့်
ဟိုတယ်တွေ၊ အဆင့်မြင့်အပန်းဖြေစခန်းတွေ အလျင်အမြန်နဲ့ ပေါ်ပေါက်လာပါတယ်။

အခုဆောက်လုပ်ထားတဲ့ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေဟာ သဘာဝပတ်ဝန်းကျင်နဲ့
လိုက်လျောညီထွေမှုရှိရုံသာမက အနုပညာဆန်ဆန် လှပတဲ့အပြင်အဆင်တွေနဲ့ ဖွဲ့စည်း
တည်ဆောက်ထားကြတာဖြစ်ပြီး တချို့အဆင့်မြင့် အပန်းဖြေစခန်းတွေကတော့ ညောင်ရွှေက
လူကျပ်ကျပ်နေရာတွေနဲ့ ကင်းလွတ်ရာ စိတ်အပန်းပြေစေမယ့် နေရာတွေဖြစ်ပါတယ်။

အဆင့်မြင့်မြင့် တည်းခိုနိုင်မယ့်နေရာကို ရှာနေတယ်ဆိုရင်တော့ Novotel Inle Lake
Myat Min Resort ကသာ အဆင်ပြေမယ်လို့ ယူဆမိပါတယ်။

အပန်းဖြေစခန်းဟာ အင်းလေးကန်ရဲ့ အရှေ့ဘက်ခြမ်းက တိတ်ဆိတ်အေးချမ်းတဲ့ ထောင့်နေရာနားမှာ
တည်ရှိပါတယ်။

ကန်အတွင်း ခုတ်မောင်းသွားလာကြတဲ့ စက်လှေတွေရဲ့ ဆူညံသံတွေနဲ့ကင်းဝေးပြီး ကန်ရေပြင်ပေါ်မှာ
ဆောက်လုပ်ထားတဲ့ ကျယ်ဝန်းလှတဲ့ lakefront villa တွေက အင်းလေးကန်နဲ့ ဟိုးယွန်းယွန်းက
တောင်တန်းတွေရဲ့ ရင်သပ်ရှုမောစရာ မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါတယ်။

ဒီအပန်းဖြေစခန်းကို ၂၀၁၄ ခုနှစ် မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ရိုးရာသဘာဝအလှပစ္စည်းတွေ မရှိဘူးဆိုတဲ့
ခေတ်မီအခန်းတွေဟာ တန်ဖိုးကြီးပစ္စည်းတွေချည်းနဲ့သာ သီးသန့်ဖွဲ့စည်းတည်ဆောက်ထားတာပါ။

ခုတင်တွေက ဘယ်လောက်နူးညံ့ပြီး ဇိမ်ရှိတဲ့အကြောင်း၊ အခန်းတိုင်းမှာရှိတဲ့ ကော်ဖီဖျော်စက်တွေ
အကြောင်း၊ ရေကူးလို့တောင်ရတဲ့ ရေချိုးကန်ကြီးတွေအကြောင်းကို ကျွန်မတို့ ပြောဆိုမိကြတယ်။

သင့်ရဲ့ ကိုယ်ပိုင်ဝရန်တာလေးပေါ်ကနေ ရှုခင်းတွေ ကြည့်နေရတာ ငြီးငွေ့သင့်လား... villa တွေကို
ရေထဲမှာဆောက်ထားတယ်လို့ ကျွန်မ ပြောခဲ့တယ်နော်... ဘေးပတ်ဝန်းကျင် သဘာဝအလှအပ
တွေနဲ့အတူ ရေကူးကန်ထဲကနေလည်း နေ၀င်ဆည်းဆာအလှအပကို ကြည့်ရှုခံစားနိုင်တယ်လေ။

ဒီနေရာကနေ လုံးဝ ထွက်မသွားချင်ဘူးဆိုရင်တော့ ပြဿနာပဲနော်။

Rooms: Junior suites ဒေါ်လာ ၉၀ မှ ၂၀၀၊ lakefront villas ဒေါ်လာ ၁၇၀ မှ ၄၀၀၊
Novotel Inle Lake Myat Min မိုင်းသောက်ရွာ၊ အင်းလေးကန်၊ ၁၁၁၂၁ ညောင်ရွှေ၊
www.novotel.com

Nawng Kham The Little Inn ကတော့ ကျွန်မတို့ တွေ့ရှိခဲ့တဲ့ အကောင်းဆုံးနဲ့ ဈေးအတန်ဆုံး
နေရာပါပဲ။

ရိုးရှင်းတဲ့ အခန်း ခုနစ်ခန်းဟာ သန့်ရှင်းသပ်ရပ်ပြီး ခေတ်မီ ရေချိုးခန်းအိမ်သာတွေလည်း ရှိပါတယ်။

အေးချမ်းတိတ်ဆိတ်တဲ့ ဥယျာဉ်တစ်ခုထဲမှာ ဆောက်လုပ်ထားတာဖြစ်တာကြောင့် မနက်ခင်း
မီးပုံးပျံစီးပြီးရင် အနားယူအပန်းဖြေဖို့အတွက် အကောင်းဆုံး နေရာတစ်ခုပါပဲ။

Rooms: ဒေါ်လာ ၃၀ Nawng Kham The Little Inn၊ ဖောင်တော်ပြန်လမ်း၊
[email protected]

ကျွန်မတို့ရဲ့ တည်းခိုမှုကို Novotel Inle Lake Myat Min က ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

သီရိမင်းထွန်းနှင့် ဇာဇာစိုး ဘာသာပြန်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်