ဇာတ်ကားတစ်ကားရဲ့ တွန်းအားကြောင့် ဒီဂျေသမား ဖြစ်လာတဲ့ ၂၀၁၆ ဒီဂျေချန်ပီယံ

ီဲDJ Boby။ ဓာတ်ပုံ - ShowNing DJ LabီဲDJ Boby။ ဓာတ်ပုံ - ShowNing DJ Lab

အနောက်တိုင်း ဇာတ်ကားတစ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ဒီဂျေတီးခတ်နေတဲ့ မြင်ကွင်းက
ကိုယ်တိုင် ဒီဂျေသမားတစ်ယောက်ဖြစ်လာဖို့ တွန်းပို့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံရဲ့ ပထမဆုံး
ဒီဂျေပြိုင်ပွဲဖြစ်တဲ့ "Myanmar DJ Championship 2016" ရဲ့ ပူပူနွေးနွေးချန်ပီယံ
DJ Boby Funk ကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလက ကျင်းပခဲ့တဲ့ ဒီဂျေပြိုင်ပွဲမှာ DJ Boby ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပေမယ့်
ဒီဂျေလောကမှာတော့ ဒီဂျေဘိုဘို ဆိုတဲ့နာမည်နဲ့ လူသိများပြီးသား ဖြစ်ပါတယ်။

သူက ရန်ကုန်ဇာတိဖြစ်ပြီး လက်ရှိမှာတော့ စင်ကာပူမှာ နေထိုင်ပြီး ကျောင်းတက်ရင်း ဒီဂျေပညာနဲ့
အသက်မွေးဝမ်းကျောင်း ပြုနေသူလည်း ဖြစ်ပါတယ်။

"အခု စင်ကာပူမှာ Tourism & Event Management ပညာရပ်ကို သင်ယူနေပါတယ်။
ဒီပညာရပ်ကတော့ ကျွန်တော် စိတ်ဝင်စားတဲ့အရာတွေထဲက တစ်ခုဖြစ်သလို ကျောင်းတက်နေတော့
စင်ကာပူမှာ နေထိုင်တဲ့အခါ ဗီဇာရဖို့အတွက်လည်း အကူအညီ ဖြစ်ပါတယ်"လို့ အသက် ၂၇
ရှိပြီဖြစ်တဲ့ Boby က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ကြည့်ခဲ့ရတဲ့ Juice ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ ဒီဂျေသမား
ဟန်ရဲ့ သရုပ်ကို အလွန်နှစ်သက်ခဲ့ပြီး ဒီဂျေကို စတင် စိတ်ဝင်စားလာခဲ့တယ်လို့ သူက ပြောပြပါတယ်။

"အဲဒီအချိန်တုန်းက လင်းခင်းပါ့ခ်အဖွဲ့ ကလည်း အရမ်းခေတ်စားတဲ့အချိန်။ အဲဒီအဖွဲ့ထဲက ဒီဂျေသမား
Mr Hahn တီးနေတာတွေကိုလည်း အရမ်းကြိုက်ခဲ့တယ်။ သူက ကျွန်တော့်ကို ဒီဂျေတီးခတ်တဲ့
အပေါ်မှာ စိတ်ပါဝင်စားပြီး ဒီဂျေသမားဖြစ်လာဖို့ တွန်းအားအပေးဆုံးပဲလို့ ကျွန်တော် ထင်တယ်" လို့
Mr Hahn က ပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ ဒီဂျေတီးခတ်ဖို့ စတင် ကြိုးစားခဲ့ပေမယ့် ဒီဂျေနဲ့ အလှမ်းဝေးလွန်းခဲ့တဲ့ မြန်မာနိုင်ငံမှာ
အခက်အခဲများစွာကိုလည်း ကြုံခဲ့ရပါတယ်။

"ကျွန်တော် မှတ်မိသေးတယ်။ ဒီဂျေကို ရူးသွပ်တုန်းက ဒီဂျေသင်တန်းကျောင်းကို တက်ချင်ခဲ့တာ။
ဒါပေမဲ့ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ ဒီဂျေက သင်တန်းမရှိခဲ့သေး ဘူးလေ။

"အဲဒီတော့ ကျွန်တော် ပထမဆုံး အခြေခံကို Dj Leo ဆီမှာ သင်တယ်။ ပြီးတော့ ဒီဂျေဗေဒါနဲ့
တွေ့တယ်။ သူကတော့ ကျွန်တော့်ကို ကလပ်တွေ၊ ပွဲတွေနဲ့ ထိတွေ့ ခွင့်တွေ ပေးခဲ့သူလည်း
ဖြစ်ပါတယ်။ သူ့ဆီကနေ အတတ်ပညာတွေ အများကြီး သင်ယူခွင့်ရခဲ့တာကတော့ ကျွန်တော့်အတွက်
ကံကောင်းခြင်း တစ်ခုပါပဲ" လို့ Boby ကပြောပါတယ်။

အဲဒီနောက်မှာတော့ စင်ကာပူနိုင်ငံကို သွားရောက်ခဲ့ပြီး ကျောင်းတက်ရင်း ဒီဂျေ ပညာကို အချိန်ပိုင်း
တက်ရောက်ပြီး သင်ကြား လေ့လာခဲ့ပါတယ်။

စင်ကာပူကို မသွားခင်အထိ ပါ့ခ်ရွိုင်ရယ်ဟိုတယ်က Club 5 မှာ ပင်တိုင်ဒီဂျေအဖြစ်
လုပ်ကိုင်ခဲ့တာကြောင့် ကလပ်တွေ၊ ဘားတွေ နဲ့ ပွဲတွေမှာ တီးခတ်ခဲ့တဲ့ အတွေ့အကြုံ ခုနစ်နှစ်ကျော်
ရှိနေပါပြီ။

လက်ရှိအချိန်မှာတော့ ShowNing DJ Lab ကျောင်းမှာပဲ အချိန်ပိုင်းနည်းပြဆရာအနေနဲ့ ဒီဂျေပညာကို
ပြန်လည်ပို့ချနေရင်း ဒီဂျေအတတ်ပညာပိုင်းမှာ ပိုပြီးတိုးတက်ဖို့ အတွက် Turntablism ဆိုတဲ့
ဓာတ်ပြားကို ပွတ်ပြီးတီးခတ်ရတဲ့ ဂီတပညာကိုလည်း အဓိကထားပြီး လေ့လာနေပါတယ်။

တစ်ချိန်တည်းမှာပဲ စင်ကာပူက ကလပ်နဲ့ ဘားတွေမှာ event DJ တစ်ယောက်အနေနဲ့
လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

"ဒီဂျေတီးတဲ့အခါ စင်အောက်ကလူအုပ်ရဲ့ တုံ့ပြန်မှုကိုကြည့်ပြီး လုပ်ဆောင်ဖို့က ဒီဂျေသမား
တစ်ယောက်အတွက် အရမ်းအရေးပါပါတယ်။ ဘယ်လောက်အသစ်ဖြစ်နေ၊ ပေါက်နေတဲ့
သံစဉ်ကိုပဲတီးတီး အောက်က ပရိသတ်က ဘ၀င်မတွေ့ဘူးဆိုရင် ဒါဟာ ကိုယ်လုပ်လိုက်တဲ့အရာကို
အသိအမှတ်ပြုမခံရတဲ့ သဘောပါပဲ" လို့ ပရိသတ်နဲ့ အပေးအယူကို သူ့ရဲ့အတွေ့အကြုံအရ ဆိုပါတယ်။

Hip Hop, R&B, Funk နဲ့ Trap အမျိုးအစားတွေကို တီးခတ်ရတာ အနှစ်သက်ဆုံးဖြစ်ပြီး
အသစ်ထွက်ရှိတဲ့ သီချင်းတွေကို ကူးယူပြီး နားထောင်ရတာဟာလည်း သူ့ရဲ့ နေ့စဉ်လုပ်နေကျ
အလေ့အထတစ်ခုလည်း ဖြစ်ပါတယ်။

"ကျွန်တော် သဘောပေါက်မိတာတစ်ခုက ဒီဂျေကို ပရော်ဖက်ရှင်နယ်ကျကျ အရာတစ်ခုအနေနဲ့
အသိအမှတ်ပြုခံရဖို့က ထုံးစံအတိုင်း အာရှမှာ ခက်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာပေါ့။ ဒါပေမဲ့
မကြာခင်ပဲဖြစ်ဖြစ် အချိန်အတိုင်းအတာတစ်ခုမှာ အဲဒီလို ထင်မြင်နေတာတွေက ပြောင်းလဲသွားပြီး
ဒီဂျေအတွက် အခွင့်အလမ်းတွေ အများကြီး ပွင့်လာလိမ့်မယ်လို့ ယုံကြည်တယ်" လို့ သူက ဆိုပါတယ်။

လက်ရှိမှာ ဒီဂျေပညာရှင်တစ်ယောက် ဖြစ်နေပေမယ့် ငါးနဲ့ ရေသတ္တ၀ါတွေကို လေ့လာရတာ
စိတ်ဝင်စားတာကြောင့် ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဦးစီးလုပ်ကိုင်မယ်လို့လည်း
DJ Boby ပြောပါတယ်။

"ကျွန်တော် အခု ဒီဂျေသမားတစ်ယောက် ဖြစ်မနေဘူးဆိုရင် Fish Science လို့ သိကြတဲ့
Ichthyology ဆိုတဲ့ ငါးတွေကို လေ့လာတဲ့ ဘာသာရပ်ကို သင်ယူပြီးလောက်ပြီး စီးပွားရေး
တစ်ခုတော့ လုပ်နေမှာ သေချာပါတယ်"လို့ သူက ပြောပါတယ်။

လေ့ကျင့်ချိန်နဲ့ အာရုံစူးစိုက်ဖို့ အရေး အကြီးဆုံးဖြစ်တဲ့ ဒီဂျေပညာကို ၃၀ ရာခိုင်နှုန်း
ဆက်လက်သင်ယူလေ့လာပြီး ကိုယ်တိုင်လည်း အသစ်တွေရှာဖွေရင်း လေ့ကျင့်သွားမယ်လို့
DJ Boby က ပြောပါတယ်။

"ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းကို ကျွန်တော် စိတ်အားထက်သန်တဲ့အရာနဲ့ပဲ
ရှေ့ဆက်လျှောက်သွားမယ်။ ဒီဂျေပညာကိုတော့ ၃၀ ရာခိုင်နှုန်းကို သင်ယူလေ့လာဖို့ အချိန်ပေးပြီး
၇၀ ရာခိုင်နှုန်းကိုတော့ ကိုယ့်ဘာသာကိုယ် လေ့ကျင့်ဖို့ အချိန်ပေးသွားမယ်။ အထူးသဖြင့်
Turntablism ကိုပေါ့။ ကျွန်တော်ရောက်ချင်တဲ့ Level တစ်ခုကို ရောက်ဖို့ဆိုရင်တော့ လေ့ကျင့်ဖို့
အချိန်များများနဲ့ အာရုံစူးစိုက်ဖို့တော့ လိုမယ်" လို့ သူက ပြောပါတယ်။

သူ့အတွက်ကတော့ ဒီဂျေပညာဟာ အခြားသူတွေ ပျော်ရွှင်ကျေနပ်ဖို့အတွက် အဓိကထားပြီး
လုပ်ဆောင်သွားမယ့် အနုပညာတစ်ရပ် ဖြစ်တယ်လို့လည်းဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်