ဗုဒ္ဓဘာသာကို ရည်ညွှန်းမယ့် ဓာတ်ပုံတွေအတွက် မြန်မာပြည်အလည်လာသူ

အမေရိကန်လူမျိုး ဓာတ်ပုံဆရာ အိုင်ရာဘလော့ကို Myanmar Deitta ဓာတ်ပုံပြခန်းတွင် ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)အမေရိကန်လူမျိုး ဓာတ်ပုံဆရာ အိုင်ရာဘလော့ကို Myanmar Deitta ဓာတ်ပုံပြခန်းတွင် ဇန်န၀ါရီ ၂၈ ရက်က တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

နှစ်ပေါင်း ၃၀ ကျော်ကြာ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို စွန့်စားသွားလာပြီး National Geographic
မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးခဲ့တဲ့ အမေရိကန်လူမျိုးဓာတ်ပုံဆရာ အိုင်ရာဘလော့ဟာ
မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။

လူမျိုးစုတွေရဲ့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ထုံးတမ်းဓလေ့တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ
ပြဿနာတွေနဲ့ မျိုးတုံးတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်တွေရဲ့အကြောင်း
အသေးစိတ် လေ့လာရေးသားထားတဲ့ ဆောင်းပါးမျိုးကို ဓာတ်ပုံတွေနဲ့တကွ စိတ်ဝင်တစား
ဆွဲဆောင်ပုံနှိပ်ဖော်ပြပေးလေ့ရှိတာကြောင့် National Geographic မဂ္ဂဇင်းက ကမ္ဘာတစ်ဝန်းက
လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။

ဓာတ်ပုံဆရာ အိုင်ရာဘလော့ မြန်မာပြည်ကို လာတဲ့အကြောင်းရင်းက National Geographic
မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးဖို့ မဟုတ်ဘဲ မြန်မာပြည်ရဲ့အလှအပတွေကို ကြည့်ရှုခံစားချင်တဲ့
ဆန္ဒနဲ့လို့ ပြောပါတယ်။

"မြန်မာပြည်က အလွန်လှပြီး ခုဆို လူတိုင်း လာရောက်လည်ပတ်ဖူးချင်တဲ့ တိုင်းပြည်ပါ။
ကျွန်တော်လည်း မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားချင်လို့ အလည်သက်သက်
လာခဲ့တာပါ" လို့ ဓာတ်ပုံဆရာ အိုင်ရာက ပြောပါတယ်။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ အင်းလေးနဲ့ ကျိုက်ထီးရိုးကို သွားရောက်လည်ပတ်ခဲ့ပြီး
ပုဂံဘုရားပုထိုး တွေဆီကိုလည်း ခြေဆန့်ဦးမှာ ဖြစ်ပါတယ်။

"ပုဂံက ဘုရားပုထိုးတွေကို ကျွန်တော် အရမ်းစိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာ ကမ္ဘာ့နေရာ
တော်တော်များများက ရှေးဟောင်းအမွေအနှစ်နေရာတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို
နှစ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံကတော့ ကျွန်တော့်အတွက် ရှေးဟောင်းသမိုင်းတွေကို
လေ့လာဖို့ အလွန်ပြည့်စုံ ကောင်းမွန်တဲ့ နေရာပဲ ဖြစ်တယ်" လို့ အိုင်ရာက ပြောပါတယ်။

အိုင်ရာဟာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ဓာတ်ပုံစီမံကိန်းတစ်ခုကို အချိန်ယူပြုလုပ်နေခဲ့ပြီး
မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီမှာ ရိုက်ကူးမယ့်ပုံတချို့ကို
သူ့စီမံကိန်းထဲ ထည့်သွင်း မှတ်တမ်းတင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

"ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်မှု၊ ကိုးကွယ်မှုက တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ ဒီမှာ
ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖွယ် ယဉ်ကျေးမှုဓလေ့တွေကို ကျွန်တော် တွေ့ပါတယ်။
ဓာတ်ပုံရိုက်လို့ ကောင်းမှာပါ" လို့ အိုင်ရာက ပြောပါတယ်။

အိုင်ရာဟာ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ သူ့ရဲ့ဓာတ်ပုံဆရာဘ၀ ခရီးရှည်ကြီးအကြောင်းကို ၄၄ လမ်း
အထက်ဘလောက်က Myanmar Deitta ဓာတ်ပုံပြခန်းမှာ ပရိသတ်တွေကို ပြောပြခဲ့ပါသေးတယ်။

အိုင်ရာဟာ ဓာတ်ပုံရိုက်ကူးခြင်း အတတ်ပညာကို အသက် ၁၆ နှစ်အရွယ် အထက်တန်းကျောင်းသား
ဘ၀ကတည်းက ၀ါသနာပါခဲ့ပါတယ်။

သူနဲ့ သူ့အဖေဟာ သူတို့နေတဲ့အိမ်ထဲမှာ အမှောင်ခန်းလေးတစ်ခု ဖန်တီးခဲ့ပြီး အဲဒီဓာတ်ပုံခန်းလေးဟာ
သူ့ဓာတ်ပုံဆရာဘ၀ရဲ့ ကနဦးအစပဲ ဖြစ်ပါတယ်။

ကောလိပ်ကျောင်းသား ဖြစ်လာတဲ့အချိန် ၀စ္စကွန်ဆင် ပြည်နယ်သတင်းစာတိုက်မှာ အချိန်ပိုင်း
အလုပ်ရခဲ့ပြီး အဲဒီသတင်းစာအတွက် အားကစားဓာတ်ပုံတွေ အများဆုံး ရိုက်ကူးဖြစ်ခဲ့ပါတယ်။

အဲဒီမှာ ဓာတ်ပုံပညာကို သေသေချာချာ လေ့လာခွင့်ရခဲ့တယ်လို့ သူကပြောပါတယ်။

၁၉၇၆ ခုနှစ်မှာတော့ National Geographic မဂ္ဂဇင်းက ဓာတ်ပုံအယ်ဒီတာတစ်ယောက်က
သူ့ဓာတ်ပုံတွေကို မြင်သွားပြီး သူ့ကို National Geographic မဂ္ဂဇင်းမှာ အလုပ်လုပ်ပေးဖို့
ကမ်းလှမ်းပါတော့တယ်။

"အဲဒီခေတ်ကာလက ဓာတ်ပုံဆရာ သိပ်များများစားစား မရှိလှပါဘူး။ လူတိုင်းလည်း ကင်မရာ
မကိုင်နိုင်ကြပါဘူး။ ခုခေတ်မှာတော့ လူတိုင်းမှာ ကင်မရာရှိကြတယ်။ လူတိုင်း လူတိုင်း ခရီးသွားပြီး
ဓာတ်ပုံတွေ ရိုက်နိုင်ကြတယ်" လို့ သူက ပြောပါတယ်။

National Geographic မဂ္ဂဇင်းအတွက် သူပထမဆုံး ဓာတ်ပုံရိုက်ကူးပေးရတဲ့ ဆောင်းပါးကတော့
The Continental Shelf: Man New Frontier ဆောင်းပါးဖြစ်ပြီး အမေရိကန်နိုင်ငံ
တစ်နံတစ်လျားက မြို့ငယ်လေးတွေနဲ့ ကမ်းလွန်ဒေသတွေမှာ သွားရောက်ရိုက်ကူးခဲ့တာပါ။

အဲဒီဆောင်းပါးကို ၁၉၇၈ ခုနှစ် ဧပြီလထုတ် မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။

"ကျွန်တော့်ပုံတွေ မဂ္ဂဇင်းမှာ ပထမဆုံးမြင်ရတော့ အရမ်းဂုဏ်ယူမိတယ်။ အရမ်းပျော်တာပေါ့" လို့
သူက ပြောပါတယ်။

ဓာတ်ပုံအယ်ဒီတာရဲ့ ယုံကြည်မှုရလာတဲ့ အိုင်ရာဟာ မြောက်ဝင်ရိုးစွန်းတန်းထိ စေလွှတ်ခြင်းခံရပြီး
ဂျပန်လူမျိုး စွန့်စားသွားလာသူ Naomi ရဲ့ စွတ်ဖားလှည်းနဲ့ မြောက်ဝင်ရိုးစွန်းဆီ တစ်ကိုယ်တော်
စွန့်စားခရီးနှင်မှုကို မှတ်တမ်းတင်ခွင့်ရခဲ့ပါတယ်။

"လူတွေက ကျွန်တော် သွားခဲ့ဖူးသမျှ ခရီးစဉ်တွေထဲမှာ ဘယ်ခရီးစဉ်က မမေ့နိုင်ဆုံးလဲလို့ မေးပါတယ်။
ကျွန်တော့်အဖြေကတော့ ခရီးစဉ်တိုင်းပါပဲ။ ဒါပေမဲ့ ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ ခရီးစဉ်ကတော့
မြောက်ဝင်ရိုးစွန်းကို သွားခဲ့တဲ့ ခရီးစဉ်ပါပဲ။ မြောက်ဝင်ရိုးစွန်းမှာ ကျွန်တော် အသက်ရှင်ဖို့
တော်တော်ရုန်းကန်ခဲ့ရပါတယ်။ ဒီခရီးစဉ်က ကျွန်တော့်ကို စိတ်ဓာတ်ရော၊ ခန္ဓာပါ သန်မာလာအောင်
သင်ကြားပေးခဲ့ပါတယ်" လို့ အိုင်ရာက ပြောပါတယ်။

National Geographic မဂ္ဂဇင်းအတွက် သူရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ ပီရူးနိုင်ငံက
မာမီရုပ်အလောင်းများပုံ၊ ဂရိနိုင်ငံမှ ရှေးဟောင်းပစ္စည်းများနှင့် အာရှတိုက်ရှိ ဂိုဘီသဲကန္တာရမှ ဒိုင်နိုဆော
ကျောက်ဖြစ်ရုပ်ကြွင်းတွေရဲ့ ပုံတွေဟာ National Geographic မဂ္ဂဇင်းဖတ်ရှုသူ စာဖတ်ပရိသတ်ကို
အလွန်ဆွဲဆောင်ခဲ့ပါတယ်။

အလုပ်လုပ်ချိန်ကစပြီး နှစ်ပေါင်း ၃၀ အတွင်း တောင်အမေရိက၊ အာရှတိုက်၊ ဥရောပတိုက်၊
အာဖရိကတိုက်ရှိ တိုင်းပြည်တော်တော်များများ ကို သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။

"ကျွန်တော် မရောက်ဖူးတဲ့နိုင်ငံ အတော်လေးနည်းပါတယ်။ အိန္ဒိယနိုင်ငံ အပါအ၀င်ပေါ့။
စိတ်ဝင်စားစရာ ကောင်းတဲ့လူတွေနဲ့ ယဉ်ကျေးမှုတွေရှိတဲ့ အိန္ဒိယကို မရောက်ဖူးဘူးလို့ ပြောတော့
လူတွေက အံ့ဩကြတယ်။ ကျွန်တော့်ကို National Geographic က အိန္ဒိယမှာ ဓာတ်ပုံရိုက်ကူးဖို့
တစ်ခါမှ တာဝန်မပေးခဲ့ဖူးဘူး။ ဓာတ်ပုံ ဆရာတစ်ယောက်အနေနဲ့ အဲဒီကိုတော့
ရောက်ဖူးချင်တယ်" လို့ သူက ပြောပါတယ်။

သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ လူငယ်ဓာတ်ပုံ ဆရာတချို့နဲ့လည်း ဆုံတွေ့ခွင့် ရခဲ့တယ်လို့
သူကဆိုပါတယ်။

"မြန်မာပြည်က လူငယ်ဓာတ်ပုံဆရာတွေဟာ အမြဲတမ်းတိုးတက်သထက် တိုးတက်လာအောင်
ကြိုးစားနေကြသူတွေလို့ မြင်ပါတယ်။ ကျွန်တော်ဟာ မဂ္ဂဇင်းနဲ့ ရပ်တည်ခဲ့သူ တစ်ယောက်ပါ။
ဒါပေမဲ့ ခုနောက်ပိုင်းမှာ ပုံနှိပ် မဂ္ဂဇင်းတစ်ခုတည်းနဲ့ ဓာတ်ပုံဆရာတွေက ရပ်တည်လို့ မရတော့ပါဘူး။
ဒါကြောင့် လူငယ်ဓာတ်ပုံဆရာတွေအနေနဲ့ ဓာတ်ပုံရိုက်ကူးရာမှာ စိတ်ကူးစိတ်သန်းကောင်းဖို့ လိုသလို
ခရီးတွေထွက်ပြီး ဓာတ်ပုံရိုက်ကူးနိုင်ဖို့အတွက် လိုအပ်တဲ့ ၀င်ငွေရဖို့ နည်းလမ်းသစ်တွေ
ရှာရတော့မှာပါ။ ဥပမာ အွန်လိုင်းသတင်းဌာန၊ သို့မဟုတ် ရုပ်သံလိုင်းတစ်ခုခုနဲ့
ချိတ်ဆက်တာမျိုးပေါ့" လို့ သူက ပြောပြပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်