ရုပ်ရှင်မင်းသမီးကြီးတွေ နာမည်နဲ့ စိတ္တဇပန်းချီပြပွဲ

အရောင်နဲ့ ဆေးတွေကို စုတ်ချက်ပြင်းပြင်းနဲ့ ပုံဖော်ထားတဲ့ စိတ္တဇပန်းချီကားတွေကို ရှေးခေတ်
နာမည်ကျော်ရုပ်ရှင်မင်းသမီးကြီးတွေရဲ့ နာမည်တွေနဲ့ တွဲစပ်ပြသမယ့် Legend of Damsels
ပန်းချီပြပွဲကို ယောမင်းကြီးလမ်းပေါ်က Gallery ၆၅ မှာ ဖေဖော်ဝါရီ ၂ဝ ကနေ ၂၃ ရက်နေ့အထိ
ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပန်းချီဆရာ သူရိန်ရဲ့ ခြောက်ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံက နာမည်ကျော်
ရုပ်ရှင်မင်းသမီး ၁ဝ ယောက်နဲ့ နိုင်ငံတကာ ရုပ်ရှင်မင်းသမီး ၁ဝ ယောက်တို့ရဲ့ နာမည်နဲ့ ပန်းချီကား
အချပ်၂ဝ ကို ပြသမှာဖြစ်ပါတယ်။

ရုပ်ရှင်မင်းသမီးတွေရဲ့ နာမည်တွေတပ်ထားတဲ့ ပန်းချီကားတွေဖြစ်ပေမယ့် တကယ်တမ်းတော့
မင်းသမီးတွေရဲ့ ကိုယ်စားပြုအရောင်တွေ၊ အမှတ်အသားတွေ ဘာတစ်ခုမှမပါဘဲ မင်းသမီးတွေ
ကို ချစ်ခင်လေးစားတဲ့ စိတ်နဲ့သာ ဂုဏ်ပြုနာမည်ပေးခြင်းလို့ ပန်းချီ သူရိန်က မြန်မာတိုင်း(မ်)ကို
ပြောပြပါတယ်။

“မင်းသမီး မေရီမြင့်နာမည်နဲ့ ပန်းချီကားဆိုရင် သူ့ကိုရည်ညွှန်းတဲ့ အရာတစ်ခုတောင်မပါဘူး။
တချို့က ရှေးခေတ်မင်းသမီးဆိုရင် အဖြူ၊ အမည်း တို့၊ အနောက်တိုင်းမင်းသမီးတွေဆိုရင်
အရောင်များများတို့တွေ ထင်ကြမှာစိုးပါတယ်''လို့ ကိုသူရိန်က ပြောပါတယ်။

ပုံတူပန်းချီတွေ ရေးဆွဲလေ့ရှိတဲ့ ပန်းချီသူရိန်က Legend of Damsels ပြပွဲအတွက် စတင်စိတ်ကူး
တဲ့အချိန်မှာတော့မင်းသမီးတွေရဲ့ ဟန်ပန်တွေနဲ့ ကိုယ်စားပြုမှုတွေကို ရိုးတိုးရိပ်တိပ်ထည့်ရေးမယ်
လို့ စဉ်းစားခဲ့ပေမယ့် ပန်းချီရေးချိန်မှာတော့ စိတ်ကူးကို ဘောင်မခတ်ထားတော့ဘဲ လွတ်လွတ်
လပ်လပ်ရေး ဆွဲဖြစ်ခဲ့ပါတယ်။

''အိမ်မှာ အရမ်းချစ်ရတဲ့ ကြောင်လေးမှာ ကိုယ်အကြိုက်ဆုံးမင်းသားနဲ့တူတဲ့ အမူအကျင့်လည်း
မရှိ၊ ဟန်ပန်လည်းမတူဘဲ နာမည်ပေးတဲ့အခါ ချစ်တဲ့စိတ်နဲ့နာမည်တူ ပေးတတ်ကြတယ်။
အဲဒီသဘောပါပဲ'' လို့ ကိုသူရိန်က ပြောပါတယ်။

ပန်းချီသူရိန်က အခု ခြောက်ကြိမ်မြောက် တစ်ကိုယ်တော်ပြပွဲအတွက် အချိန်တစ်နှစ်တိတိ
ယူခဲ့ပြီး အရင်နှစ်တွေမှာတော့ ပန်းချီပြပွဲအပါအဝင် အင်စတော်လေးရှင်းနဲ့ ဓာတ်ပုံပြပွဲတွေကိုပါ
တစ်နှစ်စီ ကျင်းပခဲ့ပါတယ်။စိတ္တဇပန်းချီမှာ နိုင်ငံရေး၊ ရာသီဥတု၊ စီးပွားရေး စတဲ့ အခြေအနေတွေကို
သေချာ လေ့လာပြီးမှ ပြန်ထင်ဟပ်အောင် ဖန်တီးရတာကြောင့် ပန်းချီရေးသူတွေအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းကလည်း မြန်မာနိုင်ငံမှာ စိတ္တဇပန်းချီကို ရေးဆွဲသူ ပန်းချီဆရာအရေအတွက်
အလွန်နည်းပါးတဲ့ အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ကိုသူရိန်က သုံးသပ်ပါတယ်။''ပုံမှန်ဆိုရင်တော့
ကိုယ်ပြောချင်တဲ့အရာတွေကို ပန်းချီထဲမှာထည့်ရေးပြီး ပန်းချီကားတိုင်းမှာ ဇာတ်လမ်းတွေပါတတ်
တယ်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့ နိုင်ငံရေး၊ လူမှုရေး စတဲ့ စိတ်ဖိစီးမှုတွေ အကုန်လုံးကို လုံးဝမထည့်ဘဲ
အရောင်တွေရဲ့အားကို လွတ်လွတ်လပ်လပ်ရေးလိုက်တာပါ''လို့ ကိုသူရိန်က ပြောပါတယ်။
မှိုင်းခံစက္ကူပေါ်မှာ ကင်းဗတ်စခံပြီး အက်ခရိုင်းလစ်နဲ့ ရေးထားတဲ့ပန်းချီကား ဆိုက်အသေးအကြီး
နှစ်မျိုးရှိပြီး ရောင်းဈေး ကို အမေရိကန်ဒေါ်လာ ၁,၅ဝဝ နဲ့ ၂,ဝဝဝ သတ်မှတ်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်