Monday, April 24, 2017

အနုပညာကို ကန့်သတ်ထားသင့်သလား

Gallery 65 မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ တစ်ကိုယ်တော်ပွဲမှာ အနုပညာရှင် မအိက ခုလိုမျိုး တင်ဆက်မှုကို ပြုလုပ်ခဲ့ပါတယ်။ အောင်ခန့်/မြန်မာတိုင်း(မ်)Gallery 65 မှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကျင်းပခဲ့တဲ့ တစ်ကိုယ်တော်ပွဲမှာ အနုပညာရှင် မအိက ခုလိုမျိုး တင်ဆက်မှုကို ပြုလုပ်ခဲ့ပါတယ်။ အောင်ခန့်/မြန်မာတိုင်း(မ်)

အနုပညာရှင် မအိက အမျိုးသမီးတွေကြုံရတဲ့ လစဉ်ဓမ္မတာဆိုတာ သဘာဝ တရားတစ်ခုပဲဆိုတာကို
"Period" အမည်နဲ့ အနုပညာပါဖောင်း မန့်တစ်ခုကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ရန်ကုန်မြို့က
Gallery 65 မှာ တင်ဆက်ခဲ့ပါတယ်။

အဲဒီပွဲမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောင်း၊ ဒါမှမဟုတ် ဓမ္မတာလာကြောင်း
ထုတ်ပြောလေ့မရှိတဲ့ မြန်မာနိုင်ငံရဲ့ ဓလေ့ကို ကျန်းမာရေးရှုထာင့်ကနေ တင်ပြခဲ့ပြီး "အမျိုးသမီးတွေ
ရာသီ လာနေတဲ့အချိန်မှာ ဇီဝဖြစ်စဉ်ပြောင်းလဲမှုကြောင့် ကြုံရတဲ့ စိတ်ဖိစီးမှုနဲ့ အခြေအနေတွေကို
အမျိုးသားတွေကို သိစေချင်လို့ပါ"လို့ မအိက ပြောခဲ့ပါတယ်။

ပြည်တွင်းမှာ အမျိုးသမီးအနုပညာရှင်အရေအတွက် များလာတာနဲ့အတူ ရဲရဲဝံ့ဝံ့ထုတ်ဖော်
ပြသလာကြတဲ့ တင်ဆက်မှုတွေထဲမှာ မအိရဲ့ အင်စတော်လေးရှင်းတင်ဆက်မှုဟာ
မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေ နဲ့ အခွင့်အရေး ခွဲခြားခံရမှုတွေကို ထင်ဟပ်တဲ့
လက်ရာတစ်ခုအဖြစ် လူအများရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

အမျိုးသမီး ပန်းချီအနုပညာရှင်တွေရဲ့ စိန်ခေါ်မှုတွေ၊ ခွဲခြားခံရမှုတွေကို ဆန့်ကျင်မှုတွေနဲ့
အနုပညာဖန်တီးရာမှာ ကိုယ်ပိုင်ရပ်တည်ချက်တွေအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြတဲ့
အမျိုးသမီး အနုပညာရှင်ကြီးတွေအတွက် မျိုးဆက်သစ်အမျိုးသမီးငယ်တွေက အနုပညာနဲ့
ဆက်လက် ဖော်ထုတ်နေကြတာ ဖြစ်ပါတယ်။

ပန်းချီ၊ ဓာတ်ပုံ၊ ကဗျာနဲ့ တင်ဆက်မှုတွေကို မာတီမီဒီယာအဖြစ် ရသပေါ်လွင်အောင် ဖန်တီးရာမှာ
နာမည်ကျော်တဲ့ အနုပညာရှင် ဖြူမွန်က အမျိုးသမီး ပန်းချီအနုပညာရှင်တွေရဲ့ ရပ်တည်မှုနဲ့
နေရာအတွက် ဦးဆောင်ကြိုးပမ်းသူတစ်ဦးဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ်က စတင်ခါ အမျိုးသမီးအနုပညာရှင်တွေရဲ့ သီးသန့်အနုပညာပြပွဲ Blue Wind
Multimedia အနုပညာပွဲတော်ကို စီစဉ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ဇာတိမြို့ဖြစ်တဲ့ စစ်ကိုင်တိုင်းဒေသကြီး၊ ကသာမြို့မှာ ပန်းချီပညာကို
စတင်သင်ယူခဲ့ပေမယ့် ဆက်သွယ်ရခက်ခဲတဲ့ ကျေးရွာတစ်ရွာဖြစ်တာကြောင့် လေ့လာစရာ
ပန်းချီစာအုပ်အနည်းငယ်သာ ရှိခဲ့ပြီး သူ့ဆရာ ပန်းချီ ကသာဘသောင်းကလွဲရင် တစ်ရွာလုံးမှာ
ပန်းချီ အနုပညာရှင်မရှိခဲ့ဘူးလို့ ဒေါ်ဖြူမွန်က ပြောပါတယ်။

"ဆရာ ကသာဘသောင်းဆီက impression နဲ့ expression ကို သင်ယူခဲ့ရပြီး ဆရာကတော့
ကန့်သတ်မှုမရှိတဲ့ အနုပညာအတွက် လေ့လာမှု အသစ်တွေဆက်လုပ်ဖို့၊ လေ့ကျင့်ဖို့ အကြိမ်ကြိမ်
ပြောခဲ့တယ်"လို့ အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်ဖြူမွန်က ပြောပါတယ်။

အထက်တန်းအောင်မြင်ပြီး မန္တလေးတက္ကသိုလ် တက်ရောက်ခဲ့တဲ့ အချိန်တွေမှာတော့ အရင်က
လက်လှမ်းမမီခဲ့တဲ့ ပန်းချီအနုပညာတွေလေ့လာဖို့ ကာလတစ်ခုဖြစ်ခဲ့ပေမယ့် ပတ်ဝန်းကျင်ရဲ့
ပန်းချီဆရာမတွေအပေါ် အထင်မြင်သေးမှုတွေကို စတင်ရင်ဆိုင်ခဲ့ရပါတယ်။

"ယဉ်ကျေးမှုဘောင် သတ်မှတ်ချက်တွေကြောင့် ပန်းချီဆရာမတွေကို ဘ၀တူပန်းချီဆရာတွေကတောင်
အရောတ၀င်မနေခဲ့ကြဘူး။ အမျိုးသမီးတွေအတွက် သတ်မှတ်ထားသလိုဖြစ်တဲ့ စည်းကမ်းတွေကို
ဖောက်ဖျက်ဖို့ ကြိုးစားကြတဲ့ ပေါ့ပျက်ပျက်မိန်းကလေးတွေအဖြစ်ပဲ အမြင်မှားခဲ့ကြတယ်"လို့
ဒေါ်ဖြူမွန်က ပြောပါတယ်။

နာမည်ကျော် လောကနတ်ပန်းချီကားနှင့် ဖန်တီးသူ ဒေါ်နွဲ့နွဲ့ရည်။ အောင်ခန့်/မြန်မာတိုင်း(မ်)နာမည်ကျော် လောကနတ်ပန်းချီကားနှင့် ဖန်တီးသူ ဒေါ်နွဲ့နွဲ့ရည်။ အောင်ခန့်/မြန်မာတိုင်း(မ်)

အဲဒီလို ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေကြောင့် အမျိုးသားပန်းချီ ဆရာတွေကလည်း
မလွှဲရှောင်သာစွာဘဲ အမျိုးသမီးပန်းချီဆရာမတွေကို လက်တွဲခေါ်ဖို့ ငြင်းဆန်ခဲ့ကြပါတော့တယ်။

"ပန်းချီဆရာတွေ အုပ်စုလိုက် အောက်ဒိုးထွက်ရေးကြရင် ကိုယ်မရေးဖူးတဲ့ မြင်ကွင်းသစ်တွေ
သဘာဝပတ်ဝန်းကျင်က အနုပညာသစ်တွေအတွက် ကျွန်မလည်း အရမ်းလိုက်ချင်ခဲ့တယ်။
ပန်းချီရေးရင်း ရှင်တို့ အရက် သောက်တတ်ကြပေမယ့် ဘာမှမဖြစ်ပါဘူး၊ လိုက်ခွင့်ပဲ
ပေးပါဆိုတာတောင် အမျိုးသမီးတွေပါလာရင် စိတ်ရှုပ်ပြီး မလိုလားအပ်တဲ့ ပြဿနာ တွေပေါ်လာမှာ
စိုးတာကြောင့် လိုက်ခွင့်မပြုခဲ့ကြဘူး"လို့ ဒေါ်ဖြူမွန်က ပြောပြပါတယ်။

"ယဉ်ကျေးမှု စည်းကမ်းချက်တွေက မြန်မာနိုင်ငံက အမျိုးသမီး အနုပညာရှင်တွေအတွက် တကယ့်
ပြဿနာတစ်ရပ်ဖြစ်ခဲ့ပြီး ထိုးဖောက်ဖို့ မကြိုးစားရင် အနုပညာရှင်မဖြစ်ဘဲ သာမန်အိမ်ရှင်မတစ်ယောက်ပဲ
ဖြစ်သွားတတ်တယ်"လို့လည်း သူက ထပ်ပြောပါတယ်။

အနုပညာရှင်အမျိုးသမီးတွေအတွက် ဘယ်လိုပဲ စိတ်မချမ်းသာစရာ ဖိနှိပ်မှုတွေရှိခဲ့ပါစေ၊
လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာ နိုင်ငံတကာ အနုပညာရှင်တွေနဲ့အတူ ဆွေးနွေးနိုင်တဲ့ အနုပညာ
အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပနိုင်တဲ့အထိ တိုးတက်မှုရလာပြီဖြစ်ပါတယ်။

"အရင်က သတ်မှတ်ထားခဲ့ကြတဲ့ ယဉ်ကျေးမှုမူဘောင်တွေအောက်ကနေ ရုန်းထွက်ဖို့ ကျွန်မတို့
ကြိုးစားခဲ့ကြတယ်၊ အခုနိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး အနုပညာတွေ လုပ်နိုင်တဲ့ အချိန်မှာတော့
စိတ်ဖိစီးမှုက လေ့လာနိုင်စွမ်းပေါ် မူတည်လာတာပါပဲ။ ကျွန်မတို့မှာ ပန်းချီအနုပညာနဲ့ ပတ်သက်ပြီး
လုံလောက်တဲ့ လေ့လာစရာခုထိ မရှိသေးဘူး"လို့ ဒေါ်ဖြူမွန်က ပြောပါတယ်။

Art in Myanmar ပန်းချီမဂ္ဂဇင်းရဲ့ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်ဖြစ်တဲ့ ပန်းချီဆရာမ ဒေါ်ခင်သန်းဖြူက
၁၉၇၀ ပြည့်နှစ်များက ရန်ကုန်တက္ကသိုလ်တက်နေရင်း ညကျောင်းမှာ ပန်းချီပညာသင်ယူဖို့
မိဘအသိုင်းအ၀ိုင်းနဲ့ ဆန့်ကျင်ခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။

"အဲဒီအချိန်က ပန်းချီဆရာတွေတောင် ၀င်ငွေမမှန်လို့ အထင်သေးခံ နေကြရတဲ့အနေအထားဆိုတော့
ပန်းချီသင်တန်းတက်တယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေလို့ လူတိုင်းလိုလိုက ထင်ပါတယ်။
အမျိုးသမီးဆိုတော့ ပိုဆိုးရောပေါ့၊ ယောက်ျားတွေတရုန်းရုန်းနဲ့ ပန်းချီအတူရေးကြဖို့ ဘယ်အမျိုးသမီးကိုမှ
ကြည်ကြည်ဖြူဖြူ ခွင့်မပြုခဲ့ကြပါဘူး"လို့ ဒေါ်ခင်သန်းဖြူက ပြောပြပါတယ်။

ခရီးထွက်ရင်း ပန်းချီရေးတဲ့ ဓလေ့ကို အမျိုးသမီးတွေ မပါဝင်ရဆိုတဲ့ ပတ်ဝန်းကျင်ရဲ့ အထင်သေး
တားမြစ်မှုတွေကို ဆန့်ကျင်ခဲ့တဲ့ ပန်းချီဆရာမ မသိင်္ဂီနဲ့ နန်းနန်း တို့အပြင် သူမတူတဲ့ လက်ရာတွေနဲ့
ရပ်တည်ချက်ခိုင်မာခဲ့ကြတဲ့ အမျိုးသမီး ပန်းချီပညာရှင် ဒေါ်တင်တင်စန်း၊ ဒေါ်ခင်မြင့်မြင့်နဲ့ ဒေါ်နွဲ့နွဲ့ရည်
တို့ဟာ လက်ရှိမှာ အသက် ၆၀ ကျော်လာပြီဖြစ်တဲ့ ဒေါ်ခင်သန်းဖြူရဲ့ လေးစားအားကျရတဲ့
အမျိုးသမီးအနုပညာရှင်တွေပဲ ဖြစ်ပါတယ်။

"ကိုယ်စွဲလမ်းတဲ့ ပန်းချီအနုပညာကို ဘယ်သူတားတား ဆက်လုပ်ဖြစ်ခဲ့တယ်။ ဇီဝဗေဒမှာ သင်ရတဲ့
ဆဲလ်တွေနဲ့ ဗိုင်းရပ်စ်တွေကတော့ စာကျက်ရင်း အမြဲရေးဖြစ်၊ အခန်းထဲက သူငယ်ချင်းတွေကိုလည်း
ရေးဆွဲပေးခဲ့ရင်း ပုံရေးရတာ ကြိုက်သထက် ကြိုက်လာပါတယ်"လို့ ဒေါ်ခင်သန်းဖြူက ပြောပါတယ်။

အဲဒီခေတ်က ပန်းချီချစ်သူတိုင်းရဲ့ လက်ထဲမှာ ရှိတတ်တဲ့ ပုံတူပန်းချီ ရေးဆွဲနည်း စာအုပ်ထဲက
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေရဲ့ ပုံတူတွေကို ထပ်ကာထပ်ကာ ကူးရေးကျင့်ခဲ့ပေမယ့်
နောက်ပိုင်းမှာ realism ကိုသာ အားသာခဲ့ပြီး ၁၉၉၃ ခုနှစ်မှာ ပထမဆုံး တစ်ကိုယ် တော်ပန်းချီပြပွဲကို
ကျင်းပနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကျား၊ မ ခွဲခြားခံရမှုတွေကို ရဲရဲတင်းတင်း ဆန့်ကျင်ပြီး ကိုယ်ယုံကြည်တဲ့
အနုပညာကို ရေးဆွဲပုံဖော်ရဲကြတဲ့ မြန်မာအမျိုးသမီးအနုပညာရှင်တွေ အများအပြားပေါ်ထွက်လာပြီလို့
သူက ဆိုပါတယ်။

"အရင်က အမျိုးသမီးအနုပညာရှင်တွေက တစ်ခုခုရေးချင်ရင်တောင် ယဉ်ကျေးမှုအရ
အဆင်ပြေပါ့မလား၊ ဒါမှမဟုတ် ရေးပြီးရင် ပတ်ဝန်းကျင်က ၀ိုင်းရှုတ်ချတဲ့ ဖိစီးမှုတွေရှိခဲ့ကြတော့
ကိုယ်ပိုင်အတွေးအခေါ်တွေကို ဖန်တီးမပြနိုင်ကြဘူး၊ အခုတော့ တော်တော်ကြီးကွာသွားပါပြီ"လို့
ဒေါ်ခင်သန်းဖြူက ပြောပါတယ်။

ဒေါ်ခင်သန်းဖြူကို သူ့လက်ရာ ပန်းချီကား များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့ဒေါ်ခင်သန်းဖြူကို သူ့လက်ရာ ပန်းချီကား များနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

ဒါပေမဲ့လည်း အမျိုးသမီးအနုပညာရှင်တွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ ထဲက တချို့ကတော့
လက်ရှိအချိန်ထိ ကြုံတွေ့နေရဆဲပါပဲ။

"အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်ရမယ်ဆိုတဲ့အတွေးက အမျိုးသမီး တိုင်းမှာရှိတတ်ကြတော့
အိမ်မှုကိစ္စတွေကို မလစ်ဟာအောင် ဖြည့်ဆည်းရင်း ကိုယ်ဝါသနာပါတဲ့ အနုပညာကို ပုံဖော်ရင်း
ပန်းချီဆရာတွေထက် ပန်းချီဆရာမတွေက ပိုပင်ပန်းတတ်ကြပါတယ်"လို့ ဒေါ်ခင်သန်းဖြူက
ပြောပါတယ်။

ဒေါ်ခင်သန်းဖြူ  လေးစားအတုယူရတဲ့ ပန်းချီဆရာမကြီး ဒေါ်နွဲ့နွဲ့ ရည်က ဒီနှစ်ဆိုရင် ၇၆ နှစ်ရှိပြီဖြစ်ပြီး
ရန်ကုန်မြို့၊ အင်ဒိုနီးရှားသံရုံးမှာ အနုပညာနဲ့ ဘာသာရေး ဆရာမ အဖြစ် စာသင်ပေးနေသလို အိမ်မှာ
ကလေးပန်းချီအတွက် သင်တန်းများစွာ ပို့ချနေသူတစ်ယောက်ပါ။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလထဲမှာလည်း မြန်မာနိုင်ငံက အမျိုးသမီး ပန်းချီဆရာမ ၁၃၂ ယောက်ပါဝင်တဲ့
ပန်းချီအနုပညာ ပြပွဲကြီးကို ဦးဆောင်စီစဉ်နိုင်ခဲ့ပါတယ်။

ပန်းချီဆရာမတွေရဲ့ ငယ်ဘ၀အတိုင်း ဒေါ်နွဲ့နွဲ့ရည်မှာလည်း ကျောင်းက လေ့ကျင့်ခန်းစာအုပ်တွေမှာ
အပြည့်ရေးဆွဲခဲ့တဲ့ ကာတွန်းတွေ၊ ပန်းချီ တွေ တစ်ပုံတစ်ပင်ပိုင်ဆိုင်ခဲ့ပါတယ်။

တခြား ပန်းချီဆရာမတွေ ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်မှုတွေအတိုင်း ပန်းချီကျောင်းကို အတိုက်အခံပြု
တက်ရောက်နိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

"လူတိုင်းက အမျိုးသမီးတွေအိမ်အလုပ်ပဲ နိုင်အောင်လုပ်သင့်တယ်လို့ ပြောနေကြပေမယ့်
တကယ်တမ်း အပြင်ထွက် အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေက များသထက်များလာကြပြီ။
ပန်းချီဆရာမ အပါအ၀င် အင်ဂျင်နီယာ၊ ကျောင်းဆရာမ၊ ကုမ္ပဏီဝန်ထမ်း၊ ဈေးသည်စတဲ့ အမျိုးသမီးတွေ
ရှိနေတာပဲ။ သူတို့က ယဉ်ကျေးမှုအရလည်း အိမ်အလုပ်တွေ ပြီးအောင်လုပ်ကြ၊ သားသမီးတွေကို
ပြုစုပျိုးထောင်ပေးတဲ့ မိခင်တာဝန်တွေ ကျေကြရပါတယ်"လို့ ဒေါ်နွဲ့နွဲ့ရည်က ပြောပါတယ်။

ဒေါ်နွဲ့နွဲ့ရည်က သူ့ပတ်ဝန်းကျင်က အရာဝတ္ထုတွေကို ရေဆေး၊ ဒါမှမဟုတ် အက်ခရိုင်းလစ်နဲ့
အရောင်စိုစို သက်ငြိမ်ပန်းချီတွေ ဖန်တီးရတာ သဘောကျတာကြောင့် သူ့ပတ်ဝန်းကျင်က အရာတွေက
သူဖန်တီးတဲ့ ပန်းချီကားများစွာ ဖြစ်ပေါ်လာခဲ့ရပါတယ်။

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အနုပညာပြပွဲတစ်ခုကို တက်ရောက်နေသည့် ဒေါ်ဖြူမွန်။ ဓာတ်ပုံ - ပေးပို့မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် အနုပညာပြပွဲတစ်ခုကို တက်ရောက်နေသည့် ဒေါ်ဖြူမွန်။ ဓာတ်ပုံ - ပေးပို့

"ကျွန်မ အမျိုးသားကလည်း ပန်းချီဆရာပါပဲ။ ကျွန်မတို့ လက်ထပ်ပြီးစ တစ်ညနေမှာ အလုပ်ကိစ္စနဲ့
သူအပြင်သွားနေခဲ့ပါတယ်။ ကျွန်မက ထမင်းအိုးချက်ဖို့ မီးဖိုပေါ်တင်ပြီး ပြင်ဆင်ထားခဲ့တာပေါ့။
မီးတောက် လာတော့ ထိုင်နေရင်း ဗီရိုပေါ်ကို အကြည့်ရောက်၊ လက်ဖွဲ့ရထားတဲ့
လောကနတ်ရုပ်တုလေးကိုတွေ့၊ အဲဒီအချိန် လောကနတ်ရုပ်လေးကို ကြည့်ရင်း စိတ်မထိန်းနိုင်အောင်
ပန်းချီရေးချင်လာမိတယ်" လို့ ဒေါ်နွဲ့နွဲ့ရည်က ဆိုပါတယ်။

ချက်ချင်းပန်းချီပစ္စည်းတွေချရင်း လောကနတ်ရုပ်ကို စိတ်ဝင်တစား ပုံတူရေးခဲ့တာ ခင်ပွန်းသည်
အိမ်ပြန်ရောက်ချိန်မှ ပန်းချီကား လက်စသတ်ရင်း လက်ရာကိုကြည်နူးချိန်မှ ထမင်းအိုးကို
သတိရပါတော့တယ်။

"ထမင်းအိုးကို အမြန်လှည့်ကြည့်တော့ ထမင်းရည်တွေလည်း မီးဖိုတစ်ခုလုံးညစ်ပတ်၊ မီးလည်းငြိမ်း၊
အဲဒီညက ညစာအပြင်မှာပဲ စားခဲ့ရပါတယ်။ အမှတ်တရဖြစ်တာက အဲဒီ လောကနတ်
ပန်းချီကားလေးကို ပုံနှိပ်တိုက်တစ်ခုက ပြက္ခဒိန်ရိုက်ဖို့လာပြောရင်း တစ်နိုင်ငံလုံး ကိုယ့်လက်ရာ
လောကနတ်ပန်းချီကားတွေကို အကြိုက်တွေ့ကြတာပါ"လို့ ဒေါ်နွဲ့နွဲ့ရည်က ပြောပါတယ်။

ပန်းချီကျောင်းမှာ နှစ်ပေါင်း ၃၀ ကျော် ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပန်းချီဆရာမများစွာ
မွေးထုတ်ပေးခဲ့တဲ့ ဆရာမကြီး ဒေါ်နွဲ့နွဲ့ရည်က ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်မှာ
ပန်းချီကျောင်းတက်တဲ့ အမျိုးသမီးတွေများလာတာ အလွန်ကြည်နူးမိပါတယ်တဲ့။

"အမျိုးသမီး အနုပညာရှင်ငယ်လေးတွေ ဖန်တီးမှုအသစ်တွေအတွက် လွတ်လွတ်လပ်လပ်
ပုံဖော်နိုင်ကြတာ အလွန်ကြည်နူးဖို့ကောင်းပါတယ်။ အများစုက ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့
စိန်ခေါ်မှု တွေကြုံနေရဆဲပေမယ့် အရင်ကထက် ပိုကောင်းတဲ့ အနုပညာတင်ဆက်မှုတွေ
ဖန်တီးနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်"လို့ ဒေါ်နွဲ့နွဲ့ရည်က ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်