ပန်းချီခင်ဇော်လတ် အကြောင်း မှတ်တမ်းတင်ထားတဲ့ စာအုပ် ထုတ်ဝေ

သူ့အကြောင်း ရေးသားထားတဲ့ စာအုပ်နဲ့အတူ ပန်းချီခင်ဇော်လတ်ကို ဗဟန်းမြို့နယ်က နေအိမ်တွင် တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)သူ့အကြောင်း ရေးသားထားတဲ့ စာအုပ်နဲ့အတူ ပန်းချီခင်ဇော်လတ်ကို ဗဟန်းမြို့နယ်က နေအိမ်တွင် တွေ့ရစဉ်။ နိုင်ဝင်းထွန်း/မြန်မာတိုင်း(မ်)

အသက် ၃၅ နှစ်အရွယ် လူငယ်ပန်းချီဆရာ ခင်ဇော်လတ်ရဲ့ သူဖြတ်သန်းခဲ့တဲ့ အနုပညာခရီးစဉ်ကို
သူ့ရဲ့ ပန်းချီပရိသတ်ဖြစ်ပြီး သိပ္ပံဆိုင်ရာစာအုပ်တွေ ရေးသားသူ အမေရိကန်လူမျိုး Bruce Parsons က
Seeing into Portraits စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ပါတယ်။

နိုင်ငံတကာပန်းချီလောကမှာပါ ထင်ရှားတဲ့ မြန်မာလူငယ်ပန်းချီဆရာ ခင်ဇော်လတ်ရဲ့ အတ္ထုပ္ပတ္တိ၊
သူဆွဲခဲ့တဲ့ ဗုဒ္ဓစီးရီး၊ Moving Forward စီးရီးနဲ့ Street People စီးရီးပန်းချီကားတွေကို
အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပြီး ထိုင်းနိုင်ငံမှာ ပုံနှိပ်ကာ မတ်လ ပထမ ပတ်က ထုတ်ဝေခဲ့ပါတယ်။

စာအုပ်တန်ဖိုးက အမေရိကန် ဒေါ်လာ ၃၀ ဖြစ်ပါတယ်။

"Bruce Parsons က ကျွန်တော့်ပန်းချီကားတွေကို အသစ်အဆန်း ဘာများရေးမလဲ ဆိုပြီး
စောင့်ကြည့် စုဆောင်းလေ့ရှိသူပါ။ သူ့ကို ပန်းချီကားတွေ စုဆောင်းရင်းနဲ့ပဲ သိတာ။ သူက ပန်းချီကို
အရမ်းစိတ်ဝင်စားတယ်။ မြန်မာပြည်က ပန်းချီဆရာတော်တော်များများနဲ့လည်း သိတယ်။
ကျွန်တော်ရေးခဲ့တဲ့ ပန်းချီစီးရီးတွေကို မှတ်တမ်းတစ်ခု ဖြစ်စေချင်လို့ စာအုပ်ထုတ်ချင်တယ်လို့
စကားစပ်မိရင်း သူက ငွေကြေးမယူဘဲ ရေးပေးခဲ့တာ ပါ"လို့ ပန်းချီဆရာ ခင်ဇော်လတ်က
ပြောပါတယ်။

ပန်းချီဆရာ ခင်ဇော်လတ်ကို ဧရာဝတီတိုင်း လပွတ္တာမြို့၊ ကံပဲ့ကျေးရွာမှာ မွေးဖွားခဲ့ပါတယ်။

ပန်းချီကို ငယ်စဉ်ကတည်းက ၀ါသနာပါခဲ့ပြီး ကျောင်းစာအုပ်တွေမှာ ပုံတွေ ရေးဆွဲလေ့ရှိပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးတဲ့အခါမှာ သူ့ကို ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှာ
ပန်းချီလေ့လာဖို့ အစ်ကိုအရင်းဖြစ်သူ ပန်းချီဆရာ စိုးစိုး (လပွတ္တာ)က တိုက်တွန်းအားပေးခဲ့ပါတယ်။

နည်းပညာတက္ကသိုလ်ဝင်ဖို့ အမှတ်မီပေမယ့် အင်ဂျင်နီယာတစ်ယောက်ရဲ့ စနစ်တကျ
ပုံဆွဲရတဲ့ အလုပ်ထက် ကိုယ့်စိတ်ကူးပေါ်ရာ ဖန်တီးပြီး ပုံဆွဲရတာ ပိုအားသန်တဲ့အတွက်
ပန်းချီဆရာတစ်ယောက် ဖြစ်လာဖို့ ယဉ်ကျေးမှုတက္ကသိုလ်ကို ရွေးချယ်ဖြစ်ခဲ့တယ်လို့
သူက ပြောပါတယ်။

၂၀၀၂ ခုနှစ်မှာ တက္ကသိုလ်ကနေ ပန်းချီဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး ပန်းချီလောကမှာ
စတင်လှုပ်ရှားခဲ့တုန်းက သူဟာ ပုံတူ၊ ရှုခင်း အစုံ ဆွဲခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဘုန်းကြီး ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ လေ့လာရင်းနဲ့ ဗုဒ္ဓစီးရီး
(ဘုရားမျက်နှာပုံအမျိုးမျိုး)ကို စတင်ရေးဆွဲဖို့ စိတ်ကူးစိတ်သန်း ဖြစ်ပေါ်လာခဲ့ပါတယ်။

သူ့ရဲ့ ဗုဒ္ဓစီးရီးထဲက ပုံတစ်ပုံဟာ ၂၀၀၄ ခုနှစ်မှာ ကျင်းပတဲ့ ခေတ်ပြိုင်ပန်းချီ ပြိုင်ပွဲတစ်ခုမှာ
ဆုရရှိခဲ့ပြီးတဲ့ နောက်မှာ သူဟာ ပန်းချီလောကမှာ ထင်ရှားလာပါတယ်။ ဗုဒ္ဓစီးရီးနောက်ပိုင်း
သူနောက်ထပ်ဆွဲတာကတော့ လူအုပ်စုပုံတွေပဲ ဖြစ်ပါတယ်။

ပန်းချီခင်ဇော်လတ်ရဲ့ 'Street People' စီးရီးမှ ပန်းချီကားတစ်ခု ။ ဓာတ်ပုံ - ပေးပို့ပန်းချီခင်ဇော်လတ်ရဲ့ 'Street People' စီးရီးမှ ပန်းချီကားတစ်ခု ။ ဓာတ်ပုံ - ပေးပို့

"ကျွန်တော်က လူပုံတွေကို ဆွဲရတာ စိတ်ဝင် စားပါတယ်။ ဗုဒ္ဓစီးရီးကို သုံး၊ လေးနှစ်လောက်
ဆွဲပြီးရိုးလာတယ်။ လူအုပ်ကြီး သွားနေတာ မြင်တော့ အဲဒီအကြောင်းအရာကို စိတ်ဝင်စားပြီး
စရေးဖြစ်တယ်"လို့ သူကပြောပါတယ်။

Moving Forward စီးရီးလို့ အမည်ပေးထားတဲ့ လူအုပ်ပုံပန်းချီကားတွေကိုလည်း သုံးနှစ်ခန့်
ဆွဲပြီးနောက်ပိုင်းမှာ Street People ဆိုပြီး အကြောင်းအရာအသစ်ကို ဆွဲဖို့ ဖြစ်လာခဲ့ပါတယ်။

"၂၀၁၂ အကုန်ပိုင်းမှာ မန္တလေး၊ လပွတ္တာနဲ့ ချောင်းသာဘက်ကိုသွားရင်း လမ်းဘေးမှာ
တောင်းစားနေတဲ့ ကလေးတွေနဲ့ ၁၀ နှစ်ဝန်းကျင်အရွယ် အလုပ်လုပ်နေတဲ့ ကလေးတွေကို
တွေ့တယ်။ တချို့က ချောင်းသာမှာ ခရုလေးတွေ ရောင်းပြီး တချို့က ပို့စကတ် ရောင်းကြတယ်။
အဲဒီလို ကလေးမျိုးတွေကို လူတွေ သတိထားမိအောင်၊ ကလေးတွေရဲ့ ဘ၀ကိုလည်း
ပုံဖော်ချင်တာကြောင့် ဒီစီးရီးကို ၂၀၁၂ ကနေ ၂၀၁၄ အထိ ဆက်တိုက် ဆွဲဖြစ်ခဲ့ပါတယ်"လို့
ခင်ဇော်လတ်က ပြောပါတယ်။

သူ့ပန်းချီကားတွေ အထိုက်အလျောက် ရောင်းလာရတာရယ်၊ အရင်က တိုက်ခန်းမှာနေတဲ့အတွက်
သူရေးချင်တဲ့ ပုံအကြီးကြီးတွေ ရေးရတာ အခက်အခဲတွေ့တာကြောင့် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ
သူ့ရဲ့ကိုယ်ပိုင် စတူဒီယိုနဲ့ ပန်းချီပြခန်းတွဲပြီး ဖွင့်လှစ်နိုင်ဖို့ အတွက် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား
ရပ်ကွက်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။

"ကျွန်တော့်ကိုယ်ကျွန်တော် အောင်မြင်တယ်လို့ မသတ်မှတ်ပါဘူး။ ကျွန်တော် ကြိုးစားနေရတုန်းပါပဲ။
ကျွန်တော် တတ်တာကိုပဲ ကျွန်တော်ဖန်တီးတယ်။ အတတ်နိုင်ဆုံး အရိုးရှင်းဆုံးနေတယ်။ ဘ၀ကို
တည့်တည့်လေးပဲ သွားချင်တယ်။ အဲဒီလို ဖြစ်အောင်လည်း ကြိုးစားနေပါတယ်"လို့
ပန်းချီဆရာခင်ဇော်လတ်က ပြောပါတယ်။

Seeing into Portraits စာအုပ်ကို ရေးသားသူ Bruce Parsons ဟာ ဒီစာအုပ်ဖြစ်မြောက်ဖို့အတွက်
မြန်မာပြည်ကို နှစ်ခေါက်လာပြီး ပန်းချီဆရာခင်ဇော်လတ်ကို လူတွေ့မေးမြန်းခဲ့သလို ဖုန်းနဲ့လည်း
တစ်ပတ်ကိုတစ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

စာအုပ်ကို ပန်းချီဆရာခင်ဇော်လတ် ရဲ့ ပြခန်း KZL studio and gallery အမှတ် ၁၈၄/၈၄ (အေ)၊
ပဋိတာရာမဘုန်းတော်ကြီးကျောင်းအနီး၊ သံလွင်လမ်း၊ ရွှေတောင်ကြားမှာ ၀ယ်ယူနိုင်ပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်