ဆံပင်ယာယီ အရောင်ဆိုးဆေး စမ်းသပ်ကြည့်ရအောင်

ဆံပင်အနက်ရောင်ပေါ်မှာ အပြာရောင်ဆိုးဆေးက အရောက်တောက်ပြီး လှပကြည့်ကောင်းပါတယ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဆံပင်အနက်ရောင်ပေါ်မှာ အပြာရောင်ဆိုးဆေးက အရောက်တောက်ပြီး လှပကြည့်ကောင်းပါတယ်။ ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

သင်္ကြန်နီးလာပြီဆိုတော့ ဆံပင်ပုံစံတွေပြောင်းကြ၊ အရောင်တွေလည်း ဆိုးကြတော့မှာပေါ့။

ဒါနဲ့ ဆံပင်အရောင်ဆိုးတယ်ဆိုလို့ အရင်နှစ်တွေက ကျွန်တော့်ရဲ့ အတွေ့အကြုံအရတော့
ဆံပင်ဆိုးတာ ဆံသားကို တော်တော်လေး ထိခိုက်ပါတယ်။

အပြာ၊ ပန်းရောင်၊ ခရမ်း စတဲ့ အရောင်တွေကို ဆံသားအမည်းပေါ်မှာ ဆိုးတဲ့အခါ
အရောင်သိပ်မထွက်တာကြောင့် အရင်ဆုံး အရောင်ချွတ်ရသေးတယ်ဗျာ။

အရောင်ချွတ်ပြီးတော့ အဲဒီအပေါ်မှာမှ ကိုယ်ဆိုးချင်တဲ့ အရောင်ကို ထပ်ဆိုး ဆိုတော့ ဆိုးဆေး
အကောင်းစား သုံးတယ်ဆိုရင်တောင်မှ ဆံသားကို အနည်းနဲ့အများ ထိခိုက်တာပါပဲ။

ဒါပေမဲ့ ခုနောက်ပိုင်းမှာ ဆံပင်ဆိုးတဲ့ပုံစံတွေက အမျိုးစုံကို ခေတ်စားလာပါတယ်။

အွန်လိုင်းအရောင်း ဆိုင်တွေမှာလည်း ပစ္စည်းအဆန်းလေးတွေ မြင်လာရတော့ အသစ်အဆန်းကို
စိတ်ဝင်စားတဲ့ ကျွန်တော်တို့လို လူငယ်တွေအတွက် ရွေးချယ်စရာတွေ များလာပါတယ်။

အဲဒီထဲမှာမှ ဆံပင်အရောင်ဆိုးတဲ့ နည်းတွေလည်း အမျိုးမျိုးပေါ်လာပါတယ်။

စိတ်ဝင်စားစရာ တစ်ခုက ယာယီဆံပင်ဆိုးတဲ့ နည်းတွေပါပဲ။

အရင်က ကျွန်တော်သိသလောက်ဆို အရောင်စပရေးဖျန်းတာလောက်ပါပဲ။

အခုနောက်ပိုင်း ခေတ်စားလာတာက လွယ်ကူပြီး ဈေးလည်းသက်သာတဲ့ ယာယီကာလာ
ဖယောင်းဆိုးဆေးတွေပါ။

ဒီပစ္စည်းတွေကို သိတာကလည်း အွန်လိုင်းကပါပဲ။

တချို့ အွန်လိုင်းဈေးရောင်းသူတွေရဲ့ အဆိုအရတော့ ဒီဆိုးဆေးက သင်္ကြန်တွင်းအတွက်ပဲ
အရောင်ဆိုးချင်တယ်ဆိုရင် ရေစိုလည်းခံ၊ ခေါင်းလျှော်မှ ပျက်တယ်ဆိုတဲ့အချက်ကြောင့်
တော်တော်လေး စိတ်ဝင်စားသွားပါတယ်။

ကိုယ်တိုင်စမ်းသပ်ကြည့်ပြီး စာဖတ်ပရိသတ်တွေကို ဝေမျှပေးဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။

အွန်လိုင်းကနေမှာရင် စောင့်နေရမှာစိုးတာနဲ့ ဆိုးဆေးတွေကို မြေနီကုန်းက Spirits စတိုးဆိုင်မှာပဲ
ကိုယ်တိုင် သွားဝယ်လိုက်ပါတယ်။

အဲဒီမှာ ယာယီ ကာလာ ဖယောင်းဆိုးဆေးနှစ်မျိုး ရောင်းပေးပါတယ်။

တစ်မျိုးက ကျပ်နှစ်ထောင်၊ နောက်တစ်မျိုးက ကျပ် ၃,၄၀၀ ဆိုတော့ အွန်လိုင်းမှာ ရောင်းတဲ့ဈေးထက်
ထက်ဝက်ကျော်လောက် သက်သာနေပါတယ်။

ကျွန်တော်ဝယ်ခဲ့တဲ့ နှစ်ထောင်တန်ဆေးဘူးက အွန်လိုင်းမှာ ကျပ်ခုနစ်ထောင်နဲ့ ရောင်းနေတာပါ။

သူပြထားတဲ့ပုံအရ အပြင်စက္ကူဘူးက လုံးဝကို ချွတ်စွပ် ဆင်တူပေမဲ့ အထဲကဆေးဘူးကျတော့
ပုံစံကွဲနေတာမို့ ဘယ်ဟာ ကောင်းတယ်ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ သေချာ မပြောနိုင်ပါဘူး။

ဆေးဘူးဝယ်တော့ ခုနောက်ပိုင်း ခေတ်စားနေတဲ့ မီးခိုးနဲ့ အစိမ်းရောင်ကို ၀ယ်ချင်ပေမဲ့
အရောင်းသွက်ပြီး ပစ္စည်းကုန်နေတာကြောင့် ၀ယ်မရခဲ့ပါဘူး။

ဒီတော့ ကျပ် ၃,၄၀၀ တန်ထဲက အပြာ၊ နှစ်ထောင်တန်ထဲက ပန်းဆီရောင် ၀ယ်ခဲ့ပါတယ်။

အွန်လိုင်းဈေးဆိုင် တစ်ဆိုင်ရဲ့အညွှန်းအရ Hair Spray လေးလည်း လိုတာကြောင့် ၀ယ်ခဲ့ပါတယ်။

ကဲ.. စမ်းသပ်မယ့်အချိန် ရောက်ပါပြီ။

ကျွန်တော်အပါအ၀င် ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် သုံးဦးကလည်း ဒီစမ်းသပ်မှုမှာ
ပါဝင်ကူညီပေးကြပါတယ်။

ယာယီဆိုးဆေးတွေရဲ့ အနံ့တွေက တကယ့်ဆိုးဆေးတွေလောက် မဆိုးပေမဲ့ ပြင်းတာတော့
ပြင်းသေးတယ်ဗျ။ အပြာရောင်က ပိုပြီးတော့ ပြင်းပါတယ်။

ဒါပေမဲ့ မွှေးမွှေးလေးဗျ။ ဆေးမဆိုးခင် ခေါင်းလျှော်ထားတာကတော့ အကောင်းဆုံးပါပဲ။

အရင်ဆုံး ဆံပင်အရှည်ကောက်ထားတဲ့ အစ်မက ဆံဖျားလေးတွေမှာ သူကိုယ်တိုင်ပဲ အပြာရောင်
စဆိုးပါတယ်။

ဖယောင်းဆိုပေမဲ့ အပြာက ပန်းရောင်ဆေးထက်စာရင် ဂျယ်လ်ပုံစံအနေအထား ရှိပါတယ်။

ဆံပင်အရှည်အဖြောင့်နဲ့ အစ်မကတော့ ပန်းရောင်ကို ဆိုးပါတယ်။

ဆိုးတဲ့အခါ လက်အိတ်ဝတ် ဆိုးလည်းရသလို မ၀တ်ဘဲ ဆိုးလည်းရပါတယ်။

လက်မှာပေနေတာတွေကို အလွယ်တကူပဲ ဆေးကြောပစ် နိုင်ပါတယ်။

ဆေးတွေက ပျစ်ပျစ်ဆိုတော့ ဆံပင်ဆိုးတဲ့အခါ စေးကပ်ကပ်ဖြစ်နေပါတယ်။

ဆေးကိုများများယူပြီးတော့ ကိုယ်ဆိုးချင်တဲ့နေရာကို နှံ့အောင် ဖြည်းဖြည်းချင်းဖွပြီး လိမ်းပေးပါတယ်။

ဆေးနှစ်ခုမှာ ကျပ် ၃,၄၀၀ တန် အပြာရောင်က ပိုပြီးတော့ ဆိုးလို့ကောင်းတာကို တွေ့ရပါတယ်။

ပြီးတော့ ကိုယ်လိုချင်တဲ့ နေရာလေးတွေကို သေချာနှံ့စပ်ချင်တယ်ဆိုရင် ကိုယ်တိုင်ဆိုးတာထက်
သူများ ဆိုးပေးတာက ပိုပြီးတော့ အဆင်ပြေမှာပါ။

ဆေးနှံ့ပြီဆိုရင် ဆံပင်အခြောက်ခံစက်နဲ့ မှုတ်ပြီး အခြောက်ခံရပါတယ်။

ခြောက်တဲ့အခါ ဆံပင်တွေက ထွေးကပ်နေသလို ဖြစ်နေတာကြောင့် ဘီးလေးနဲ့ ဖြီးလိုက်တော့
ပိုကြည့်ကောင်းသွားပါတယ်။

ဒါပေမဲ့ အရောင်အမှုန့်တွေ နည်းနည်းကျွတ်ကျလာတာကြောင့် ဆိုးစတုန်း ကလို
အရောင်တောက်တောက်တော့ မဖြစ်တော့ပါဘူး။

ဘီးသေချာဖြီးပြီးလို့ နောက်ဆုံး Hair Spray လေး ဖျန်းလိုက်ရင် ပြီးပါပြီ။

အပြာရောင်ဆိုးတဲ့ အစ်မကတော့ သူ့ရဲ့တောက်နေတဲ့ အပြာရောင်လေး အရောင်ဖျော့သွားမှာ
စိုးရိမ်တာကြောင့် ဘီးမဖြီးဘဲ ဒီအတိုင်းလေးပဲ ထားလိုက်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ဆံပင်အကောက် လေးနဲ့ ဘီးမဖြီးထားလည်း အဆင်ပြေပြေ ကြည့်ကောင်း
နေပါတယ်။

ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)ဉာဏ်ဇေထက်/မြန်မာတိုင်း(မ်)

နောက်ထပ် ကျွန်တော်အကူအညီတောင်းတဲ့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုက်ဖက်ကတော့
မူလရွှေရောင်အဖျော့ဆံသားရှိတဲ့ အနောက်တိုင်းသူလေးပါ။

ဘာလို့လဲဆိုတော့ ကျွန်တော်အစမှာ ပြောထားသလို တချို့ အရောင်တွေက ဆံသားမှာ ပိုပေါ်အောင်
အရောင်ကို အရင်ချွတ်ရတယ်လေ။

ဒီတော့ ရွှေရောင်မှာလည်း စမ်းသပ်ကြည့်ပါတယ်။

သူ့ကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း အဆင့်ဆင့်လုပ်ပြီး ရလာတဲ့ရလဒ်ကတော့
ကျွန်တော်တို့ ဆံသားအမည်းတွေထက် သူ့ဆံပင်မှာက ပိုပေါ်တာကို တွေ့ရပါတယ်။

ဆေးလည်း ကျွန်တော်တို့လောက် အများကြီးသုံးဖို့ မလိုပါဘူး။

ကဲ.. ကိုယ်တိုင်စမ်းသပ်ရမယ့် အချိန်ရောက်လာပါပြီ။

အပြာရောင်လေးကို ရွေးလိုက်ပါတယ်။

ကျွန်တော်ကတော့ ဘေးတွေကိုချန်ပြီး အပေါ်က ဆံပင်အကုန်လုံးကို လိမ်းပါတယ်။

လိမ်းတာကတော့ ဆံပင်အရှည်ကြီးတွေထက် ပိုမြန်ပြီးလွယ်ကူပါတယ်။

ကျွန်တော်တို့ ခေါင်းမှာ ဂျယ်လ်တို့၊ ဖယောင်းတို့ ပုံမှန်လိမ်းသလိုပါပဲ။

ဆံသားတွေအားလုံးကို နှံ့အောင် သေချာလိမ်းပေးရုံပါပဲ။

ဒါပေမဲ့ အမြန်လုပ်လိုက်တဲ့အတွက် ဘေးကဆံပင်တွေကိုတော့ အနည်းငယ် ပေကျံကုန်ပါတယ်။

လိမ်းပြီးတော့ ဆံပင်အခြောက်ခံစက်နဲ့ မှုတ်လိုက်တဲ့အခါ ဆံပင်က ထောင်ထားသလိုပဲ
တောင့်တောင့်ကြီး ဖြစ်နေပါတယ်။

အရောင်ကတော့ တောက်နေပါတယ်။

အဲဒီလို အရောင်တောက်တောက်အတိုင်းပဲ ထားမယ်ဆိုရင်တော့ လိမ်းနေတဲ့ အချိန်နဲ့
အခြောက်ခံတဲ့ အချိန်ကတည်းက သေချာလေး ကိုယ်လိုချင်တဲ့ ဆံပင်ပုံကို သွင်းထားမယ်ဆို
အိုကေပါပဲ။

ကျွန်တော်ကတော့ သေချာပုံမသွင်းလိုက်တော့ အရှေ့ က အစ်မတွေလုပ်သွားသလို ဘီးနဲ့ အပေါ်ကို
လှန်ပြီး သေချာလေး ဖြီးလိုက်ပါတယ်။

အပြာရောင်အမှုန့်တွေ ထွက်ပေမဲ့ ဆံပင်က ပိုကြည့်ကောင်းသွားပါတယ်။

အရောင်လည်း အရမ်းမတောက်တော့ဘဲ ကြည့်လို့အဆင်ပြေပါတယ်။

ပြီးတော့ Hair Spray လေး ဖျန်းပြီး ဆံပင်ကို ပုံသွင်းလိုက်ပါတယ်။

ရေစိုခံ၊ မခံကိုတော့ ကျွန်တော့်ရဲ့ ဆံပင်ကိုပဲ စမ်းသပ်ပါတယ်။

ဒါပေမဲ့ ဆေးဆိုးပြီးတာနဲ့ ချက်ချင်းမလုပ်ပါဘူး။

ဆံသားမှာ သေချာတင်အောင်ဆိုပြီး လေးနာရီကြာအောင် စောင့်ပြီးမှ ခေါင်းကိုရေပက်ခံတာပါ။

ရေပက်ခံတယ်ဆိုတော့ သင်္ကြန်မှာ ရေပက်ခံသလောက်တော့ မပြင်းပါဘူး။

အရောင်တွေ ကျွတ်လာပါတယ်။

လက်နဲ့ ဆံပင်ကို သိမ်းလိုက်တဲ့အခါ လက်တွေမှာပါ ဆေးတွေ ပေကျံပြီး ရေထပ်လောင်းလေ
ထပ်ထွက်လာလေပါပဲ။

ဒီတော့ ဒီဆေးက ရေစိုမခံတာ လုံးဝကျိန်းသေပါပဲ။

သင်္ကြန်နဲ့ လုံးဝကို မသင့်လျော်တဲ့ ဆိုးဆေးပါပဲ။

တကယ့်သင်္ကြန်ရေပက်ခံချိန်ဆို မျက်လုံးထဲတောင် ၀င်နိုင်ပါတယ်။

ခေါင်းလျှော်လိုက်တဲ့အခါမှာ ပန်းရောင်ဆေးရဲ့အနံ့က မကျန်ခဲ့ပေမယ့် အပြာရောင်ရဲ့ နို့ခရင်မ်လို
ခပ်ပြင်းပြင်းအနံ့ကတော့ မနံပေမဲ့ ဆံပင်မှာ စွဲကျန်နေပါတယ်။

ဆိုးဆေးတွေက သုံးရလွယ်ကူပြီး အချိန်ကုန်သက်သာတာကတော့ အမှန်ပါပဲ။

ဒါပေမဲ့ ရေစိုလုံးဝမခံပါဘူး။

တစ်ပွဲတိုးစာအနေနဲ့ ပါတီသွားတာတို့၊ ပွဲတက်တဲ့အနေအထားတို့မှာ ယာယီဆိုးချင်ရင်တော့
ဒီဆေးတွေက ဈေးလည်းတန်ပြီး သုံးပျော်တာတော့ အမှန်ပါပဲ။

တစ်ကြိမ်တည်း အသုံးပြုတာကတော့ ဆံသားကို မထိခိုက်ပေမဲ့ ခဏခဏ သုံးမယ်ဆိုရင်တော့
ဘာဖြစ်လာနိုင်မလဲဆိုတာ သေချာမပြောတတ်ပါဘူး။

နောက်လည်း ဒီလိုမျိုးထူးထူးခြားခြား ကုန်ပစ္စည်းလေးတွေ ထွက်လာတဲ့အခါလည်း စမ်းသပ်ပြီး
အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်