ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးဖြစ်ဖို့ မျှော်လင့်နေသူတစ်ဦး (သို့) ကျော်ကျော်မျိုး

ဓာတ်ပုံ - ကျော်ကျော်မျိုး ဖေ့စ်ဘွတ်ခ်မှဓာတ်ပုံ - ကျော်ကျော်မျိုး ဖေ့စ်ဘွတ်ခ်မှ

ဘောလုံးသမားဘ၀နဲ့ သရုပ်ဆောင်ဘ၀..။ တစ်ခုကို ရွေးချယ်ဖို့ဖြစ်လာတဲ့အခါ ကျော်ကျော်မျိုးဟာ
သရုပ်ဆောင်ဘ၀ကို ရွေးချယ်ခဲ့ပါတယ်။ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
အတ္ထုပ္ပတ္တိရုပ်ရှင်ကားမှာ ဗိုလ်ချုပ် နေရာကနေ သရုပ်ဆောင်ဖို့ ရွေးချယ်ခံရပြီးတဲ့နောက်မှာ
ကျော်ကျော်မျိုးရဲ့ ဘ၀မျက်နှာစာမှာ အပြောင်းအလဲတွေ ဖြစ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ငါးနှစ်..၂၀၁၁ ခုနှစ်မှာ အသက် ၂၄ နှစ်သာရှိသေးတဲ့ ကျော်ကျော်မျိုးဟာ ပုံမှန်ဝင်ငွေရနေတဲ့
အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်တဲ့ လက်ရွေးစင်ဘောလုံးကစားသမားဘ၀ကို
စွန့်လွှတ်လိုက်ပါတော့တယ်။

အဲဒီအချိန်ကတည်းက ဗိုလ်ချုပ်ဆံပင်ပုံစံထား၊ သရုပ်ဆောင်နဲ့ စစ်သင်တန်းတွေတက်၊ ဗိုလ်ချုပ်ပုံစံ
လမ်းလျှောက်သွားလာပုံ၊ စကားပြောဆိုပုံနဲ့ ၀တ်စားဆင်ယင်ပုံတွေကို လေ့လာလိုက်စား၊
မိသားစုတွေကို ပြောတဲ့လေသံတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုပြောတဲ့ ဟန်ပန်တွေကို
အချိန်ရရင်ရသလို လေ့ကျင့်ရင်း ဇာတ်ကားရိုက်ကူးချိန်ကို စောင့်စားနေခဲ့ပါတယ်။

တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ်နဲ့ စောင့်စားလာခဲ့တာ ငါးနှစ်လောက်ရှိခဲ့ပြီဖြစ်ပေမဲ့
ဘယ်နေ့မှာ ဇာတ်ကားရိုက်ကူးမယ်ဆိုတဲ့ သတင်းကိုတော့ ခုချိန်ထိ မကြားရသေးပါဘူး။

ဒါပေမဲ့လည်း ကျော်ကျော်မျိုးဟာ ဇာတ်ကားရိုက်ကူးချိန်ကို စိတ်အားထက်သန်စွာနဲ့ စောင့်စားနေဆဲပဲ
ဖြစ်ပါတယ်။

ဗိုလ်ချုပ်ဇာတ်ကား တစ်ခုလုံးအတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းပေါင်း သုံးသောင်းလောက်
လိုအပ်ပေမယ့် လက်ရှိအလှူ ငွေရရှိထားပြီးပမာဏဖြစ်တဲ့ ကျပ်သိန်း ခုနစ်ထောင်လောက်နဲ့ပဲ
ရုပ်ရှင်ကို ဆက်ရိုက်ဖြစ်၊ မရိုက်ဖြစ်ဆိုတာကို ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆုံးဖြတ်သွားမယ်လို့ ဇာတ်ကားရိုက်ကူးရေးမှာ ဒါရိုက်တာအနေနဲ့
တာဝန်ယူသွားမယ့် ဇာဂနာက ဖေဖော်ဝါရီလအတွင်းက မြန်မာတိုင်း(မ်)နဲ့ အင်တာဗျူးမှာ
ပြောခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်ထိတော့ နောက်ဆက်တွဲ သတင်းကို မကြားသိရသေးပါဘူး။

ဖွဲ့စည်းခါစ အစိုးရအသစ်မှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပြီး စီမံခန့်ခွဲနေရတဲ့
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ရုပ်ရှင်ရိုက်ကူးရေးအတွက် အချိန်ပေးပြီး အဖြေရှာနိုင်ဖို့ဆိုတာ
လတ်တလောမှာ သိပ်တော့မဖြစ်နိုင်သေးပါဘူး။

တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇာတ်ကားကို ဆက်ရိုက်ဖြစ်ဖို့ သဘောတူမယ်
ဆိုရင်တောင် ရှိတဲ့ငွေနဲ့ ဘောင်ဝင်အောင်ရိုက်ကူးနိုင်ဖို့အတွက် အရင်ရေးထားတဲ့ ဇာတ်ညွှန်းကို
ပြန်လည်ပြုပြင်မွမ်းမံရဦးမှာဖြစ်တာမို့ စတင်ရိုက်ကူးဖို့ဆိုတာ မိုးမစခင် မဟုတ်ရင်တောင်
မိုးရာသီအကုန်ပိုင်းလောက်မှပဲ ဖြစ်နိုင်တယ်လို့ ဇာဂနာက ပြောပါတယ်။

"ကျွန်တော် ဘောလုံးကန်တဲ့ အလုပ်ကို စွန့်လွှတ်ခဲ့လို့ ကျွန်တော့် သူငယ်ချင်းတချို့က ကျွန်တော့်ကို
အရူးလို့ ပြောခဲ့ဖူးကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်ဖို့ကို
အရမ်းစိတ်ဝင်စားခဲ့တယ်။ အခု ဒီရုပ်ရှင်ဆက်ရိုက်ဖို့ ဘာတွေ ဖြစ်နေသလဲဆိုတာ အတိအကျမသိပေမဲ့
ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ်နေရာက သရုပ်ဆောင်ရဖို့အတွက် အဆင်သင့်အနေအထားမှာပဲ
ရှိနေပါသေးတယ်"လို့ ကျော်ကျော်မျိုး က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ဇာတိဖြစ်တဲ့ ကျော်ကျော်မျိုးဟာ ၂၀၁၁ ခုနှစ်တုန်းက
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၂၆)ကြိမ်မြောက် အရှေ့တောင်အာရှဆီးဂိမ်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့
လက်ရွေးစင်ဘောလုံးသမား တစ်ဦးဖြစ်ခဲ့သလို တစ်ပြိုင်နက်တည်းမှာပဲ ရှမ်းယူနိုက်တက်
ဘောလုံးအသင်း (ယခင်က ကမ္ဘောဇအသင်း)မှာ ပါဝင်ကစားနေတဲ့ ဘောလုံးသမား တစ်ဦးလည်း
ဖြစ်ပါတယ်။

"ကျွန်တော် နောက်ကြောင်းပြန်မလှည့်ချင်ဘူး။ အခုချိန် အသက်အရွယ်ဆိုတာက
ဘောလုံးအားကစားသမား တစ်ဦးအနေနဲ့ အကောင်းဆုံးအချိန် ဖြစ်နေပေမဲ့ ကျွန်တော်ကတော့
သရုပ်ဆောင်အဖြစ်ပဲ ဆက်သွားချင်တယ်"လို့ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကျော်ကျော်မျိုးက
ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနေရာကနေ သရုပ်ဆောင်ရဖို့အတွက် တခြားဝင်ရောက်ယှဉ် ပြိုင်လျှောက်ထားသူ
အယောက် ၁၀၀ ကျော်ထဲကနေ ကျော်ကျော်မျိုးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က လူကြီးတွေ ကျွန်တော့်ကို ဗိုလ်ချုပ်နေရာက
သရုပ်ဆောင်ဖို့အတွက် ရွေးချယ်ခဲ့တဲ့အချိန်ကို သတိရသေးတယ်။ ရွေးချယ်ခဲ့တဲ့ ဒိုင်တွေထဲက
လူကြီးတစ်ယောက်ဆိုရင် ကျွန်တော့်ကို ၀င်ငွေကောင်းတဲ့ ဘောလုံးသမားတစ်ဦးအဖြစ် ဆက်လုပ်ဖို့
ပြောခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်က အဲဒီလောက် ၀င်ငွေမကောင်းနိုင်ဘူးတဲ့။ ဒါပေမဲ့
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး။ ကျွန်တော့် အာရုံက သရုပ်ဆောင်ဖို့ကိုပဲ ပြင်းပြနေမိတယ်"လို့
ကျော်ကျော်မျိုးက ဆိုပါတယ်။

"ကျွန်တော်က လူချမ်းသာတစ်ဦး မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်ခဲ့ရလို့ နောင်တလည်းမရဘူး"
လို့လည်း သူက ဆက်ပြောပါတယ်။

ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်ရဖို့ ငွေကြေးတစ်စုံတစ်ရာမှ မတောင်းခံခဲ့ဖူးသလို လက်ခံမှု
တစ်စုံတစ်ရာလည်း မရှိခဲ့ဖူးသေးပါဘူးလို့လည်း သူက ဆိုပါသေးတယ်။

"ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ အနေနဲ့ ရုပ်ရှင်ဆက်ရိုက်ကူးဖို့အတွက် အလှူငွေတွေ
လိုနေဆဲပဲဆိုတာ ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော်ပါဝင်ထားတဲ့ ပြီးခဲ့တဲ့နှစ်က
ဗိုလ်ချုပ်ရုပ်ရှင် teaser ကိုလည်း ပရိသတ်တွေဆီက ဝေဖန်တဲ့အသံတွေ ကြားရပါတယ်။
teaser ထဲမှာ ကျွန်တော့်မျက်နှာက ပြည့်နေတယ်ဆိုတာရော၊ ဆံပင်ပုံစံရော ဝေဖန်ခံခဲ့ရတယ်။
ဒါကြောင့် ဒီလိုမိနစ်ပိုင်း အတိုလေးတောင် ဒီလိုရှိတာ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားလုံး
ရိုက်ဖို့ဆိုတာကလည်း အချိန်လိုအပ်ပါသေးတယ်"လို့ သူက ပြောပါတယ်။

ဒါကြောင့်မို့ တစ်သက်မှာ တစ်ခါဆိုသလိုပဲ အခွင့်အရေးဖြစ်တဲ့ ဗိုလ်ချုပ်နေရာကနေ သရုပ်ဆောင်ဖို့
ဘယ်အချိန်များ ဆက်သွယ်လာမလဲဆိုတာကို သူ့နေရပ်ဖြစ်တဲ့ မြစ်ငယ်ကနေ ပြင်ဆင်လေ့ကျင့်ရင်းနဲ့
စောင့်ဆိုင်းလို့သာ နေပါတော့တယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်