ကြောင်လေး ၂၅ ကောင်နဲ့ မနီလာတို့ မိသားစု

မနီလာတို့ အိမ်က ကြောင်ကလေးများ။ သီရိလူ/မြန်မာတိုင်း(မ်)မနီလာတို့ အိမ်က ကြောင်ကလေးများ။ သီရိလူ/မြန်မာတိုင်း(မ်)

အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်တတ်သူတွေအတွက် ကိုယ်တိုင်မမွေးထားရင်တောင် သူများ
မွေးထားတာတွေကို တွေ့တဲ့အခါ မနေနိုင်ဘဲ သူတို့လေးတွေကို ချီရ ပွေ့ရ ဆော့ရတာကိုပဲ
ပျော်ရွှင်ရပါတယ်။

ကျွန်တော့်ရဲ့ တချို့အသိအိမ်တွေမှာဆို ခွေးလေးတွေ၊ ကြောင်လေးတွေအပြင် တခြားအကောင်လေး
တွေရော စုံနေအောင်မွေးကြတာတွေ့တော့ အားကျမိပါတယ်။

အိမ်မွေးတိရစ္ဆာန်မွေးတယ်ဆိုလို့ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်ပါဘူး။

သူတို့လေးတွေကို တသွေးတမွေးလှအောင် ပြုစုစောင့်ရှောက်ရတာကလည်း တာဝန်တစ်ခုပါပဲ။

သုံး၊ လေးကောင်မဆိုထားနဲ့ အရင်က ကြောင်လေးတစ်ကောင် မွေးထားတဲ့ ကျွန်တော့်ရဲ့
အတွေ့အကြုံအရ မလွယ်လှမှန်း သိနေပြီးသားပါ။

ကျယ်ဝန်းတဲ့ ခြံနဲ့အိမ်နဲ့ ဆိုရင်တော့လည်း အများကြီးမွေးတယ်ဆိုတာ တော်သေးပေမဲ့
တိုက်ခန်းတစ်ခန်းတည်းမှာ ဆယ်ဂဏန်းကျော် မွေးထားတာမျိုး ကြားလိုက်ရရင်တော့ အတွေးနဲ့တင်
မောပါတယ်။

ဒါပေမဲ့လည်း တိရစ္ဆာန်လေးတွေကို ချစ်တဲ့ စိတ်က နေရာဒေသ ခက်ခဲပင်ပန်းမှုတွေကို
ထည့်မစဉ်းစားတော့ဘူးဆိုတာကို မနီလာတို့ မိသားစုက သက်သေပြလိုက်ပါတယ်။

တကယ်တော့ ကြောင်တွေ အများကြီးမွေးထားတဲ့ အိမ်တွေကို အရင်ကတည်းက စူးစမ်းချင်နေတာပါ။

လုပ်ဖော်ကိုင်ဖက် အစ်မတစ်ယောက်က လမ်းညွှန်ပေးတာမို့ ကြောင် ၂၅ ကောင်မွေးထားတဲ့
မနီလာတို့အိမ်ကို သွားရောက်စူးစမ်းလေ့လာဖို့ ဖြစ်လာခဲ့ပါတယ်။

မိသားစုဦးရေ ခုနစ်ယောက်နေထိုင်တဲ့ မနီလာတို့ရဲ့ နှစ်ခန်းတွဲ တိုက်ခန်းက လမ်း(၉၀)၊
ကန်တော်လေးမှာ တည်ရှိပါတယ်။

ကျွန်တော်နဲ့အတူ ဓာတ်ပုံမှတ်တမ်းတင်ဖို့ ဓာတ်ပုံဆရာမလည်း ပါလာခဲ့ပါတယ်။

အိမ်ထဲဝင်လိုက်တဲ့အခါ ထင်ထားသလို မြန်မာကြောင်လေးတွေ မဟုတ်ဘဲ ပါရှန် (Persian)
ကြောင်တွေကို တွေ့လိုက်ရတာမို့ အံ့အားသင့်သွားပါတယ်။

ခုံပေါ်မှာ ထိုင်နေတာလေးတွေရော၊ ကြမ်းပြင်မှာလှဲနေတာ ရော၊ အိပ်နေတာလေးတွေပါ
အားလုံးရေကြည့်မှ ခြောက်ကောင်ပဲ တွေ့လိုက်ရပါတယ်။

"ခဏလေးနော် ကျန်တဲ့ ကလေးတွေလည်း ခေါ်ပေးမယ်"လို့ အိမ်ရှင် မနီလာက ကျွန်တော်တို့ကို
ခရီးဦးကြိုဆိုရင်း ပြောလိုက်ပါတယ်။

မီးဖိုချောင်ထဲက ကြောင်စာထုပ်လေးကိုလှုပ်ပြီး "လာ..လာ..လာ"ဆိုပြီး ခေါ်လိုက်တာနဲ့ တစ်ပြိုင်နက်
အခန်းတွေ၊ ခုတင်အောက်တွေ၊ ချောင်ထဲကနေ အမြီးလေးတွေ တထောင်ထောင်နဲ့
"ညောင် ညောင်"လို့ အော်ပြီး ကြောင်ကလေးတွေ ထွက်လာကြပါတော့တယ်။

ပါရှန်တွေဆိုတော့ သိတဲ့အတိုင်း အမွေးအရှည်ကြီးတွေနဲ့ ပွပွရောင်းရောင်း ဖက်ချင်စရာ
ကြောင်ကြီးတွေပါ။

"အစ်မတို့ မိသားစုအားလုံးလိုလို အိမ်မွေးတိရစ္ဆာန်လေးတွေ ချစ်ကြတယ်။ မော်လမြိုင်မှာ
နေကတည်းက မွေးလာခဲ့တာ။ အဲဒီတုန်းကတော့ ဗမာကြောင်တွေပေါ့။ ရန်ကုန်ကို ပြောင်းလာတော့
ဗမာကြောင်လေး တစ်ကောင် ပါလာတယ်။ အရမ်းလည်း ယဉ်တယ်။ အစ်မရဲ့ အမေဆို အရမ်းချစ်တာ။
နောက် အပြင်ကြောင်တွေ လာကိုက်လို့ အဆိပ်တက်ပြီး သေသွားရှာတယ်။ အဲဒီမှာ အမေက
စိတ်တွေမကောင်းဖြစ်ပြီး ငိုပဲ ငိုနေတာ။ အဲဒါနဲ့ အစ်ကိုက အမေ့အတွက်ဆိုပြီး ပါရှန်လေးတစ်ကောင်
ဝယ်လာတယ်။ အဲဒါလွန်ခဲ့တဲ့ ခြောက်နှစ်လောက်ကပေါ့။ နောက်.. အဲဒီ ပါရှန်လေးလည်း
ဟိုကြောင်လေးလိုပဲ အပြင်ကြောင်တွေ လာကိုက်လို့ သေသွားတယ်။ နောက်နည်းနည်းကြာတော့
အစ်ကိုက ပါရှန်တွေရှာပြီး ထပ်ဝယ်လာတယ်။ တစ်ယောက်တည်း ဖြစ်နေမှာစိုးလို့ ဂါဖီးဆိုတဲ့
အထီးလေးရယ်၊ ဖြူမဆိုတဲ့ အမလေးတစ်ကောင်ရယ် ၀ယ်လာခဲ့တယ်"လို့ မနီလာက သူ့အိမ်မှာ
ကြောင် ၂၅ ကောင်ဖြစ်လာပုံအစကိုပြောပြပါတယ်။

မနီလာတို့အိမ်မှာ လတ်တလောမွေးထားတာတွေက ပါရှန်အကောင် ၂၀၊ ပါရှန်နဲ့ ဗမာကြောင်
စပ်ထားတာ လေးကောင်နဲ့ ကျန်တဲ့ ဗမာကြောင်လေးကတော့ လမ်းကနေ ကယ်တင်ထားတာပါ။

ဒီတော့ ပါရှန်နဲ့ ပါရှန် အစပ်လေးတွေဟာ ဂါဖီးနဲ့ ဖြူမကနေစပြီး ပေါက်လိုက်တာ ခုဆို ၂၄ ကောင်
ပြည့်တဲ့အထိပါပဲ။

"အခုတော့ အစ်မတို့ အထီးလေးတွေကို သင်းထားတယ်။ အမလေးတွေကိုတော့
တားဆေးထိုးပေးထားတယ်။ အစ်မတို့လည်း ဒီလောက်အရေအတွက်ဆိုတော့ တော်ပြီဆိုပြီး
မျိုးပွားတာကို ထိန်းလိုက်တယ်"လို့ သူ့ကြောင်လေးတွေကို အရမ်းချစ်ပုံရတဲ့ မနီလာက ပြောပါတယ်။

တိရစ္ဆာန်တွေမွေးရင် အထူးသဖြင့် တိုက်ခန်းမှာနေတဲ့အခါ တစ်ကောင်၊ နှစ်ကောင်ပဲ မွေးတာတောင်မှ
အနံ့အသက်ကို တော်တော်လေး ဂရုစိုက်ပြီး သန့်ရှင်းပေးရပါတယ်။

၂၀ ကျော် အရေအတွက်ဆိုရင်တော့ တော်တော်ကြီးကို အချိန်ပေးရပါလိမ့်မယ်။

မနီလာကတော့ အပျိုကြီးလည်းဖြစ်ပြန်၊ အိမ်ထဲမှာပဲနေရတာကို နှစ်သက်သူဖြစ်တာမို့
သူ့ကြောင်လေးတွေအတွက် အချိန်ပေးရတာကို လုံးဝကို မငြိုငြင်ပါဘူး။

ပြီးတော့ မနီလာတို့က တိုက်ခန်းမှာ နေတာဖြစ်ပေမဲ့လည်း ကြောင်လေးတွေရဲ့ အညစ်အကြေးနဲ့
ပတ်သက်ပြီး သန့်ရှင်းအောင် ဂရုစိုက်ပါတယ်။

"ညမှာ သူတို့ စွန့်ထားတဲ့ အညစ်အကြေးတွေကို မနက်ရောက်ရင် ရှင်းပါတယ်။ ကြောင်တွေ
များတော့ အဲဒီအလုပ်တွေ လုပ်ဖို့ကိုပဲ အကူကောင်မလေးတစ်ယောက်လည်း ခေါ်ထားတယ်။
ပိုးသတ်ဆေးတွေနဲ့လည်း ကြမ်းတွေကို တိုက်တယ်။ တချို့ကြောင်လေးတွေကတော့ သူတို့
အညစ်အကြေးစွန့်ဖို့ လုပ်ပေးထားတဲ့ သဲထဲမှာ သွားတယ်။ တချို့ကလည်း ရေချိုးခန်းထဲမှာ စွန့်ပေမဲ့
တချို့ကြောင်တွေကျတော့ စွန့်ချင်တဲ့နေရာ စွန့်ထားတာပေါ့။ ရှင်းပေမဲ့လည်း မနက်ရှင်းရင်
ညနေလောက်ရောက်ရင် အနံ့အသက်ကတော့ နည်းနည်းပြန်ရှိတတ်တာပဲ"လို့ ကြောင်တွေအပေါ်
ငြိုငြင်မှုတစ်စက်မှမရှိတဲ့ လေသံနဲ့ မနီလာက ဆိုပါတယ်။

ပါရှန်ကြောင်လေးတွေက ဗမာကြောင်တွေထက် ပိုပြီးအမွေးထူတာကြောင့် သန့်ရှင်းမှုကို ပိုပြီးတော့
ဂရုစိုက်ရပါတယ်လို့လည်း သူက ဆိုပါတယ်။

"အစ်မတို့က အားလုံးကို အနည်းဆုံး တစ်လတစ်ခါ ရေချိုးပေးတယ်။ တချို့ကျတော့လည်း တစ်လမှာ
နှစ်ကြိမ်ချိုးပေးတယ်။ တစ်ခါတလေကျတော့လည်း ချောင်တိုးပြီး ညစ်ပေနေတဲ့ အကောင်တွေ
တွေ့ရင်လည်း ရေချိုးပေးလိုက်တယ်"လို့ မနီလာက ပြောပြပါတယ်။

ကြောင် ၂၅ ကောင်ကို ကျွေးမွေးရတဲ့ တာဝန်ကလည်း မနည်းလှပါဘူး။ မနီလာရဲ့ ပြောပြချက်အရ
ကြောင်တွေစားဖို့ တစ်နေ့ကုန်ကျစရိတ်က ကျပ် ငါးထောင်အထက်မှာ ရှိပါတယ်တဲ့။

"မနက်အိပ်ရာထတာနဲ့ သူတို့ကို ကြောင်စာအရင်ဆုံး ကျွေးတယ်။ နောက် ၁၁ နာရီလောက်ရောက်ရင်
ကြက်သားကိုပြုတ်ပြီး မွထားတာနဲ့ ထမင်းနဲ့နယ်ပြီး ကျွေးတယ်။ အဲဒါကိုတော့ တစ်နေ့နှစ်ခါ
ကျွေးတယ်။ ကြောင်စာကတော့ လေးခါလောက် ကျွေးတယ်"လို့ ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်