ရိုးရာသိုင်းပညာကို အခြေခံပြီး အနှိပ်ကုထုံးနဲ့ ရောဂါကုသပေးတဲ့ ဦးဉာဏ်ဝင်း

လူနာတစ်ဦးကို ကုသပေးနေတဲ့ ဦးဉာဏ်ဝင်း။ အောင်ခန့်/မြန်မာတိုင်း(မ်)လူနာတစ်ဦးကို ကုသပေးနေတဲ့ ဦးဉာဏ်ဝင်း။ အောင်ခန့်/မြန်မာတိုင်း(မ်)

တပ်မတော်က ရာထူးရာခံကြီးမားတဲ့ ဗိုလ်မှူးကြီးတွေကစလို့ ပိုးမွေးသလို မွေးထားကြတဲ့
ခရိုနီကြီးတွေရဲ့ သားသမီးတွေ၊ ကြွက်သားအဖုအထစ်တွေနဲ့ ခန္ဓာကိုယ်ပိုင်ရှင် လက်ဝှေ့သမားတွေ၊
တင်းနစ်ကစားသူတွေ၊ ဂေါ့ဖ်ရိုက်သူတွေ၊ အမြဲတမ်းထိုင်ပြီး အလုပ်လုပ်နေရတဲ့ ၀န်ထမ်းတွေအပြင်
အိမ်ထောင်ရှင်မတွေ၊ ဆိုက်ကားဆရာကြီးတွေပါမကျန် အားလုံးဟာ ဦးဉာဏ်ဝင်းရဲ့ လက်ထဲက
အရုပ်လေးတွေပါပဲ။

သူ့ရဲ့ စကားကိုလည်း အားလုံးက နားထောင်ကြရပြီး သူ့ရဲ့ စွမ်းအားတွေအောက်မှာ ခုခံခြင်းအလျဉ်း
မရှိဘဲနဲ့ နေကြရပါသေးတယ်။

ဒါပေမဲ့ သူကတော့ ဒီတိုင်းပြည်ရဲ့ သမ္မတမဟုတ်သလို၊ သမ္မတအထက်က ပုဂ္ဂိုလ်လည်း
မဟုတ်ပါဘူး။

ဦးဉာဏ်ဝင်းဟာ မြန်မာ့ရိုးရာသိုင်းပညာကို အခြေခံပြီး ခန္ဓာကိုယ်ညောင်းညာနာကျင်မှုတွေကို
နှိပ်နယ်တဲ့ ကုထုံးနဲ့ ပြေပျောက်အောင် ကုသပေးသူတစ်ဦးပဲ ဖြစ်ပါတယ်။

"အားလုံးကတော့ ကျွန်တော့်ကို အနှိပ်သည်ရယ်လို့ပဲ ခေါ်ကြပါတယ်။ တချို့တွေဆိုရင် ဒီအလုပ်က
အခိုင်းအစေ အလုပ်လို့တောင် ခေါ်ကြပေမဲ့ ကျွန်တော်ကတော့ ဒီအလုပ်ကိုလုပ်ရတာကို
ပျော်မွေ့ပါတယ်"လို့ နောက်ကျောနာကျင်တဲ့ဝေဒနာ ခံစားနေရတဲ့ လူနာတစ်ဦးကို ကုသပေးလို့
အပြီးမှာ ဦးဉာဏ်ဝင်းက ပြောလိုက်ပါတယ်။

အသက် ၅၆ နှစ်ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ သူ့ရဲ့ မနက်ပိုင်းအလုပ် ဖြစ်တဲ့ လုံခြုံရေးသင်တန်းပေးတဲ့
အလုပ်ကို အမေရိကန်သံရုံးမှာ လုပ်ကိုင်ပါတယ်။

ကျန်တဲ့ အားလပ်ချိန်တွေမှာတော့ သူတီထွင်ထားတဲ့ အနှိပ်ပညာနဲ့ ရောဂါတွေကို
လိုက်လံကုသပေးပါတယ်။

မြန်မာ့ရိုးရာသိုင်းပညာကိုတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ကျွမ်းကျင်တတ်မြောက်တာ
ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို သုံးကြိမ်ကျပြီးတဲ့နောက်မှာတော့ ဖခင်ဖြစ်သူရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး
အားကစားဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

"ကျွန်တော့် အဖေက တိုင်းရင်းဆေးသမားတော်ဆိုတော့ ကျွန်တော့်ကို သူ့လိုပဲ ဣနြေ္ဒရရနဲ့
အသက်မွေးစေချင်တယ်"လို့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

ဆေးကုသအပြီး လူနာတစ်ဦးရဲ့နေအိမ်မှာ တွေ့ရတဲ့ ဦးဉာဏ်ဝင်း။ အောင်ခန့်/မြန်မာတိုင်း(မ်)ဆေးကုသအပြီး လူနာတစ်ဦးရဲ့နေအိမ်မှာ တွေ့ရတဲ့ ဦးဉာဏ်ဝင်း။ အောင်ခန့်/မြန်မာတိုင်း(မ်)

ဒီလိုနဲ့ သူ့ကို သိုင်းပညာသင်ကြားပေးတဲ့ ဆရာကြီး ဦးပြည်သိမ်းနဲ့ ကွန်ဖူးစိုးမြင့်တို့ဆီကနေ
အခြေခံရိုးရာသိုင်းပညာတွေဖြစ်တဲ့ ဗန်တို၊ ဗန်ရှည်၊ ရှမ်းသိုင်း၊ လက်ဝှေ့၊ ဂျူဒိုနဲ့ ကရာတေး
အစရှိတာတွေကို ဆယ်ကျော်သက်အရွယ်ကစလို့ ၁၉၉၀ ပြည့်နှစ်အထိ သူ့ရဲ့မွေးရပ်မြေ ဖြစ်တဲ့
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာပဲ သင်ယူခဲ့ပါတယ်။

"ပထမတော့ ကိုယ်ခံပညာကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက်ပဲ သင်ကြားခဲ့တယ်။ ဒါပေမဲ့
နောက်ပိုင်းတော့ တခြားသူတွေကို အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်
ဆရာတွေရဲ့ လမ်းစဉ် (သိုင်းပညာအခြေခံပြီး အနှိပ်ကုထုံးနဲ့ ရောဂါကုသပေးခြင်း) အတိုင်းပဲ
လိုက်နာခဲ့တယ်။ အခုတော့ ကျွန်တော်လည်း ဒီလုပ်ငန်းလေးနဲ့ အခြေတကျဖြစ်နေပါပြီ"လို့
အသက်အရွယ်နဲ့ မလိုက်အောင် ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ဆရာဦးဉာဏ်ဝင်းက
ဆိုပါတယ်။

ဦးဉာဏ်ဝင်းရဲ့ ကုသပေးမှုကြောင့် နှစ်ရှည်လများ ခံစားနေရတဲ့ နောက်ကျောဝေဒနာ
ပျောက်ကင်းခဲ့သူတွေထဲမှာ ကာယလေ့ကျင့်ရေး ဆရာတစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်လည်း ပါဝင်ပါတယ်။

"ကျွန်တော့်ဝေဒနာကို ဒီက အနောက်တိုင်းဆေးပညာ၊ တရုတ်အပ်စိုက် ကုသတာရော၊
ခန္ဓာဗေဒနည်းအရရော နောက်ပြီး ယူကေမှာရော သွားပြီးကုသခဲ့ပါတယ်။ အလျှင်းမပျောက်ဘဲ
ခဏပဲ သက်သာခဲ့တယ်။ ဒါပေမဲ့ ဆရာဦးဉာဏ်ဝင်းဆီမှာ session သုံးခေါက်လောက်ပဲ ၀င်ပြီး
နောက်ပိုင်း တော်တော်လေးသက်သာခဲ့တယ်"လို့ ကိုဇော်ဇော် ကဆိုပါတယ်။

ဦးဉာဏ်ဝင်းရဲ့ လူနာတွေထဲမှာ ပြည်တွင်းကတင်မကဘဲ နိုင်ငံခြားသားတွေလည်း ပါဝင်ကြပါတယ်။

မြန်မာပြည်မှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ ပြင်သစ်လူမျိုး သံတမန်တစ်ဦးဆိုရင် သူ့ရဲ့ ဝေဒနာကို
ကုသခံဖို့အတွက် ဆရာဦးဉာဏ်ဝင်းကို ပြင်သစ်က သူ့နေအိမ်ဆီကို သုံးလကြာ
ခေါ်ဆောင်သွားခဲ့ပါတယ်။

"လူတော်တော်များများက လေ့ကျင့်ခန်း လုပ်တဲ့အချိန်၊ အလုပ်တစ်ခုကို အာရုံစူးစိုက်နေတဲ့အချိန်မှာ
အသက်ပြင်းပြင်းမှန်မှန်ရှူဖို့ကို မေ့နေတတ်ကြတယ်။ လုံလောက်တဲ့ အောက်စီဂျင်က နာကျင်မှုတွေကို
သက်သာစေတယ်လို့ ထင်ပါတယ်။ တချို့တွေကျတော့ သူတို့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေ၊
အပြုအမူတွေနဲ့ လေ့ကျင့်ခန်း ပုံမှန်မလုပ်တာတွေကြောင့် ခန္ဓာကိုယ်ကိုက်ခဲတဲ့ ဝေဒနာကို
ခံစားရတာပါ"လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

လူနာတစ်ဦးကို ကုသပေးနေတဲ့ ဦးဉာဏ်ဝင်း။ အောင်ခန့်/မြန်မာတိုင်း(မ်)လူနာတစ်ဦးကို ကုသပေးနေတဲ့ ဦးဉာဏ်ဝင်း။ အောင်ခန့်/မြန်မာတိုင်း(မ်)

သူ့ရဲ့ ကုသမှုကို အသက်ရှူလေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းနဲ့ အစပြုလေ့ ရှိပြီးတော့ နောက်ပိုင်းမှာတော့
ဘာကြောင့်၊ ဘယ်လိုနာကျင်ခံစားရတာလဲ ဆိုတာကို လူနာနဲ့တိုင်ပင်ပြီး အဖြေရှာလေ့ရှိတယ်လို့
ဆိုပါတယ်။

အဲဒီနောက်မှာတော့ လူနာကို သင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခု ပေးသင့်ရင်ပေးလို့ မသက်သာခဲ့ရင်
သူတတ်မြောက်ထားတဲ့ ပညာကိုအခြေခံပြီး နှိပ်နယ်ကုသတဲ့ကုထုံးကို နောက်ဆုံးအဆင့်အနေနဲ့
အသုံးပြုပါတယ်။

အများအားဖြင့်တော့ နှိပ်နယ်ပေးရတဲ့အဆင့် မရောက်ခင်မှာပဲ လူနာတွေဟာ
သက်သာလာကြတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ပညာကို လက်ဆင့်ကမ်း ယူချင်တဲ့သူကတော့ တော်တော်လေးရှားတယ်လို့
ဆိုပါတယ်။

"အခုခေတ်လူငယ်တချို့ကတော့ ကျွန်တော်တို့ ရိုးရာသိုင်းပညာကို မေ့လျော့နေကြပါပြီ။ တန်ဖိုးရှိတဲ့
ငယ်ရွယ်တဲ့ သူတို့ရဲ့ အချိန်တွေကို ကွန်ပျူတာရှေ့မှာ၊ ဒါမှမဟုတ် ဖုန်းတစ်လုံးနဲ့
အချိန်ဖြုန်းနေကြတယ်လေ။ ဒါကြောင့် ဒီအိုင်တီခေတ်လူငယ်လူရွယ်တွေကလည်း မြန်မာ့ရိုးရာ
သိုင်းပညာကို ကွယ်ပျောက်အောင် လုပ်နေကြပါတယ်"လို့ ဆရာဦးဉာဏ်ဝင်းက မချင့်မရဲလေသံနဲ့
ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၂,၀၀၀ ကျော်ကတည်းက အရင်းခံခဲ့တဲ့ မြန်မာရိုးရာသိုင်းပညာကို မပျောက်ပျက်ဘဲ
ဆက်လက်ပြန့်ပွားစေဖို့အတွက် အားကစားရုံတွေ အများအပြားရှိသင့်သလို အရည်အချင်းပြည့်ဝတဲ့
ဆရာတွေကို အစိုးရနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေအနေနဲ့ စုစည်းထောက်ပံ့ပေးသင့်တယ်လို့လည်း
သူက တိုက်တွန်းပြောဆိုပါတယ်။

ဦးဉာဏ်ဝင်းနဲ့ ကုသမှုခံယူချင်တယ်ဆိုရင်တော့ ၀၉ ၅၁၂၁၃၁၅ ကို ဆက်သွယ်နိုင်ပါတယ်။

ဆေးကုသခရယ်လို့ သတ်မှတ်မထားဘဲ စိတ်စေတနာရှိသလောက် ပေးတာကိုပဲ လက်ခံပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်