ဆံပင်နဲ့ အသားအရေအတွက် ကောင်းတဲ့ အသားလှအနှစ်

မြန်မာတိုင်း(မ်)ရဲ့ ကျန်းမာရေးနဲ့ အလှအပရေးရာ ပညာရှင်ဖြစ်တဲ့ စတိဗ်ပီဂီလိုက အလှကုန်ပစ္စည်းတွေ
ကိုယ်တိုင် ဖန်တီးပြုလုပ်ရတာကို နှစ်သက်တဲ့သူဆိုတာ ခုဆိုရင် စာဖတ်ပရိသတ်တွေလည်း
သိလောက်ကြပါပြီ။

ဒီတစ်ပတ်မှာလည်း သူက ၀င်းဝါချောမွတ်တဲ့ အသားအရေမျိုး ရရှိဖို့အတွက် စုံစီနဖာအမယ်
(အမည်)တွေနဲ့ ပြုလုပ်ထားတဲ့ အိမ်လုပ်အလှကုန် ပြုလုပ်နည်းတစ်မျိုးကို ဝေမျှပေးလိုက်ပြန်ပါတယ်။

သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အသားလှအနှစ်ကို ပုံမှန်အသုံးပြုမယ်ဆိုရင် အသားအရေကို
စိုပြည်စေပြီး အရေးအကြောင်းဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။

သစ်ကြံပိုးမှုန့်၊ သင်္ဘောသီး၊ royal jelly နဲ့ ပျားရည်တို့ရဲ့ အာနိသင်အစွမ်းတွေက ၀က်ခြံတွေကိုလည်း
တိုက်ဖျက်ပေးတယ်လို့ စတိဗ်က ပြောပါတယ်။

"ဆံပင်အတွက်ကိုလည်း သဘာဝထုတ်ကုန်တစ်မျိုးအနေနဲ့ အကောင်းဆုံး သုံးနိုင်ပါတယ်"လို့လည်း
သူက ဆိုပါတယ်။

စတိဗ် ပြောတာ မှန်ပါတယ်။

သင်္ဘောသီးက ဗောက်ထတာကို ထိန်းချုပ်ပေးသလို ဆံကေသာသန်စွမ်းဖို့နဲ့ ဆံပင်ရဲ့
လိုအပ်ချက်တွေအတွက်လည်း ပံ့ပိုးကူညီပေးပါတယ်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီးစိတ်
  • သစ်ကြံပိုးမှုန့် ထမင်းစားဇွန်း ၁ ဇွန်း
  • အုတ်ဂျုံ ခွက်တစ်ဝက် (instantအမျိုးအစားမဟုတ်)
  • Almond စေ့ ခွက် ၁/၎
  • သကြားမပါတဲ့ ဒိန်ချဉ်
  • ပျားရည်ရောထားတဲ့ Royal jelly ထမင်းစားဇွန်း ၁ ဇွန်း
    (Royal jelly in Honey စာသားပါတဲ့ ဘူးတွေကို စူပါမားကက်တွေမှာ ရနိုင်ပါတယ်)

ပြုလုပ်နည်း

Royal jelly ကလွဲလို့ ပါဝင်ပစ္စည်းတွေအားလုံးကို အနှစ်တွေဖြစ်လာတဲ့အထိ ရောကြိတ်ပါ။

ခွက်တစ်ခုထဲ ပြောင်းထည့်ပြီး အပေါ်ကနေ ပျားရည်တွေလောင်းထည့်လိုက်ပါ။

ပြီးတဲ့အခါ အနည်ထိုင်ပြီး ပူတင်းအတုံးလေးလို ဖြစ်သွားအောင် ရေခဲသေတ္တာထဲမှာ
တစ်ညထည့်ထားလိုက်ပါ။

လုပ်ရတာ အရမ်းကိုလွယ်ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ တစ်ဝက်ကို စားချင်ရင်လည်းစား (စားကောင်းတယ်ဆိုပြီး
အကုန်လုံးတော့ မစားလိုက်နဲ့နော်)၊ ကျန်တဲ့ တစ်ဝက်ကိုတော့ တစ်ကိုယ်လုံး ပေါင်းတင်ဖို့အတွက်
သုံးပါမယ်။

ခွက်ကို ရေချိုးခန်းထဲကို ယူသွားပြီး အနှစ်တွေနဲ့ တစ်ကိုယ်လုံးကို ပွတ်တိုက်ပေးပါ။

ငါးမိနစ် (သို့) ၁၀ မိနစ်လောက် ထားပြီးရင်တော့ ရေနဲ့ဆေးချလိုက်လို့ ရပါပြီ။

ဆံပင်မှာလိမ်းမယ်ဆိုရင် လက်ဖ၀ါးထဲကို အနည်းငယ် ကော်ထည့်ပြီး ရေချိုးပြီး လိမ်းနေကျတွေထဲ
ရောပြီးလိမ်းပေးလို့ ရပါတယ်။


(ဒီတစ်ပတ်ဆောင်းပါးက လေးပတ်ဖော်ပြပေးသွားမယ်လို့ ကြိုတင်အသိပေးခဲ့တဲ့အတိုင်း စတိဗ် ရဲ့
အလှအပရေးရာကော်လံအတွက် နောက်ဆုံး ဆောင်းပါးပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့သုံးပတ်မှာ
အသားအရေကို ကြည်လင်တောက်ပစေဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်စေပြီး ကိုယ်ခန္ဓာကို
သက်သောင့်သက်သာဖြစ်စေတဲ့ အိမ်လုပ် ကိုယ်တိုက်အလှဆီခဲ နှစ်မျိုးပြုလုပ်နည်းကို
ဖော်ပြပေးခဲ့သလို အသားအရေအတွက် အာဟာရဓာတ်တွေ အပြည့်အသိပ်ပါဝင်ပြီး
ကျန်းမာရေးဓာတ်စာအဖြစ်လည်း စားသုံးနိုင်တဲ့ မျက်နှာပေါင်းဆေးပြုလုပ်နည်းကို ဝေမျှပေးခဲ့ပါတယ်။)

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်