နိုင်ငံတကာဇာတ်ညွှန်း ရေးနည်းသင်တန်း ပဲန်မြန်မာ ဖွင့်လှစ်

မြန်မာ့အငွေ့အသက်ပါတဲ့ ဇာတ်လမ်းတွေကို နိုင်ငံတကာက ဇာတ်ညွှန်းရေးနည်း ပုံစံအတိုင်း
ရေးသားနိုင်ဖို့ သင်ကြားပေးတဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေးနည်းသင်တန်းကို ပဲန်မြန်မာက ဒီလထဲမှာပဲ
ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ပြည်တွင်းရုပ်ရှင်လောကမှာ ဇာတ်ညွှန်းရေးတဲ့အခါ စာရွက်ကိုနှစ်ခြမ်းခေါက်ကာ ဘယ်ဘက်မှာ
လှုပ်ရှားမှုတွေရေးပြီး ညာဘက်မှာ အပြန်အလှန်စကားပြောဟန် (ဒိုင်ယာလော့ခ်)တွေ
ရေးလေ့ရှိပါတယ်။

ဒါကြောင့် မြန်မာ့ဇာတ်ညွှန်းတွေနဲ့ နိုင်ငံတကာက ပွဲတော်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့အခါ
ရွေးချယ်မခံရဘူးလို့ သင်တန်းကို ဦးဆောင်သင်ကြားပေးနေတဲ့ အကယ်ဒမီ ဆွေဇင်ထိုက်က
မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

"ကျွန်မ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေ သွားတက်တဲ့အခါမှာ ပွဲတော်တွေမှာ ရုပ်ရှင်ဇာတ်လမ်း
စိတ်ကူးစိတ်သန်းတွေကို တင်ပြယှဉ်ပြိုင်ရတဲ့ပွဲ (Film Pitching Competition) တွေရှိတယ်။
အဲဒီပြိုင်ပွဲတွေကို ဥရောပတိုက်သားတွေရော အာရှ တိုက်သားတွေပါ ၀င်ပြိုင်ကြပြီး သူတို့နိုင်ငံရဲ့
ယဉ်ကျေးမှုတွေကို ထင်ဟပ်ထားတဲ့ စိတ်ကူးစိတ်သန်းလေးတွေကို ပြသတာတွေ့ရတယ်။ ပြိုင်လို့
အရွေးခံရတဲ့ စိတ်ကူးလေးတွေကို ရုပ်ရှင်ရိုက်ဖြစ်သွားတယ်"လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

မြန်မာပြည်ဟာ တောတောင်ရေမြေအလှနဲ့ ယဉ်ကျေးမှု ထွန်းကားပြီး မေတ္တာတရားကို အခြေခံတဲ့
နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတွေထက် ဇာတ်လမ်းအကြောင်းအရာ အားသာချက်ရှိတယ်လို့လည်း
သူက ပြောပါတယ်။

ဒါကြောင့် မျိုးဆက်သစ်တွေက ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ နိုင်ငံတကာက ဇာတ်ညွှန်းရေးနည်း
ပုံစံအတိုင်း ရေးသားယှဉ်ပြိုင်မယ်ဆိုရင် နိုင်ငံတကာကို ရုပ်ရှင်ပညာနဲ့ ခြေလှမ်းစတင်နိုင်မယ်လို့လည်း
ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

"ကျွန်မတို့မှာ ပြစရာတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့မှာ ဇာတ်ညွှန်းရေး နည်းပုံစံ format
သက်သက်ရှိတယ်။ သူတို့ရဲ့ ရေးပုံရေးနည်းတွေကို သင်ပေးချင်တယ်။ ဒီကလူငယ်တွေကိုလည်း
နိုင်ငံတကာဇာတ်ညွှန်းအတိုင်း ရေးနိုင်ပြီး အပြည်ပြည်ဆိုင်ရာကို သွားနိုင်ဖို့ ကျွန်မရည်ရွယ်ပါတယ်"
လို့လည်း သူက ဆိုပါတယ်။

၂၀၀၇ ခုနှစ်တုန်းက ပြည်ပအလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ စာရေးဆရာမ မစန္ဒာရဲ့ ၀တ္ထုကို
ဒါရိုက်တာကြည်စိုးထွန်းက ဇာတ်ညွှန်းရေးပြီး သူ (ဒေါ်ဆွေဇင်ထိုက်)နဲ့ ချမ်းသာ (ဇာတ်သဘင်)တို့
နှစ်ဦး သွားပြီး တင်ပြယှဉ်ပြိုင်ခဲ့ပါတယ်။

အဲဒီတုန်းက ဇာတ်ညွှန်းရေးတဲ့ပုံစံက နိုင်ငံတကာက ဇာတ်ညွှန်းရေးပုံစံမျိုးထဲ ဘောင်မ၀င်တဲ့အတွက်
အရွေးမခံခဲ့ရဘူးလို့ ဆိုပါတယ်။

"အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပြီး နိုင်ငံတကာဇာတ်ညွှန်းရေးတဲ့ ပုံစံကို ပြည်တွင်းက ဇာတ်ညွှန်းရေး
ဆရာတွေကို သင်ပေးလာတာ ဆယ်နှစ်ရှိပါပြီ။ ဒါပေမဲ့ နိုင်ငံတကာပုံစံအတိုင်း ရေးနိုင်တဲ့လူတွေ
ထွက်ပေါ်မလာခဲ့ဘူး"လို့ ဒေါ်ဆွေဇင်ထိုက်က ပြောပါတယ်။

ရုပ်ရှင်ဇာတ်ညွှန်းပညာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွင့်လှစ်တဲ့ သင်တန်းတစ်ခု
ရှိခဲ့ပြီး သင်တန်းကို နိုင်ငံခြားသားပညာရှင်တစ်ဦးက နိုင်ငံတကာဇာတ်ညွှန်းရေးနည်းပုံစံအတိုင်း
သင်ကြားပို့ချခဲ့ပါတယ်။

သင်တန်းသားတွေထဲက တစ်ဦး ဖန်တီးခဲ့တဲ့ ဇာတ်ညွှန်းဟာ နိုင်ငံတကာပွဲတော်တစ်ခုမှာ ဆုတစ်ဆု
ရခဲ့ဖူးပါတယ်။

"ခု ဒီသင်တန်းကနေ ဇာတ်လမ်း သုံးခုလောက် ရဖို့ မျှော်လင့်ပါတယ်။ နိုဝင်ဘာလောက်ကျရင်
ဘန်ကောက်မှာ လုပ်မယ့် ကမ္ဘာ့ရုပ်ရှင်ပွဲတော်ကို ပို့ဖို့အတွက် ရည်ရွယ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်တဲ့အခါကျရင် ကျွန်မတို့ မြန်မာပြည်က ထုတ်ထားတဲ့ ဇာတ်ညွှန်းက
အပြည်ပြည်ဆိုင်ရာက ရုပ်ရှင်အဖြစ် ဖန်တီးဖို့ ကမ်းလှမ်းလာလိမ့်မယ်ဆိုတဲ့ လောဘနဲ့ လုပ်တာပါ"
လို့လည်း ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။

ဇာတ်ညွှန်းသင်တန်းကို လူ ၁၀၀ ကျော် လျှောက်လွှာတင်ခဲ့ပြီး အဲဒီအထဲကမှ သင့်တော်မယ့်
၃၇ ယောက်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သင်တန်းကာလက စနေနဲ့ တနင်္ဂနွေနှစ်ရက် တစ်ပတ်ခြားတစ်ခါ သတ်မှတ်ထားပြီး ဇူလိုင်လကုန်အထိ
သုံးလကြာမြင့်မှာ ဖြစ်ပါတယ်။

သင်တန်းကို အသစ်ပြောင်းရွှေ့ ဖွင့်လှစ်ထားတဲ့ ပဲန်မြန်မာရုံးခန်း အမှတ် ၄၄၅/၄၄၇၊ လေးလွှာ၊
အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်