စစ်ဘေးရှောင်ကလေးတွေ စိတ်ပိုင်းဆိုင်ရာ သက်သာရာရရေး ပန်းချီနဲ့ ကုစားပေး

စစ်ဘေးရှောင်ကလေးငယ် တစ်ဦးရဲ့ ပန်းချီလက်ရာ တစ်ခု။စစ်ဘေးရှောင်ကလေးငယ် တစ်ဦးရဲ့ ပန်းချီလက်ရာ တစ်ခု။

ကောင်းကင်ကို လွင့်တက်သွားတဲ့ မီးခိုးငွေ့တန်းတွေကို သရုပ်ဖော်ရေးဆွဲထားတဲ့ စစ်ဘေးရှောင်
ကလေးငယ်တစ်ဦးရဲ့ လက်ရာပန်းချီကားတစ်ချပ်ဟာ သူ့အမေ သူ့အတွက် စားစရာချက်ပြုတ်လေ့ရှိတဲ့
အိမ်က မီးဖိုချောင်လေးကို သူဘယ်လောက် သတိရလွမ်းဆွတ်နေတဲ့ အကြောင်းကို
ပြောပြလျက်ရှိပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်ကစပြီး ပြန်လည် ဖြစ်ပွားတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်
ဂျိန်ဖော့လို့ ခေါ်တဲ့ ကချင်မျိုးနွယ်တွေဟာ အိုးအိမ်ကို စွန့်ခွာပြီး ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က
စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ခဲ့ရတာ ဒီနှစ်ဆို ငါးနှစ်မြောက်ခဲ့ပါပြီ။

အများကောင်းကျိုးအတွက် လုပ်ဆောင်သူတွေကို ဖိလစ်ပိုင်နိုင်ငံက ချီးမြှင့်တဲ့ Ramon Magsaysay
ဆုကို ရခဲ့ဖူးတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားက လူမှုရေးလုပ်ငန်း တွေလုပ်ကိုင်သူ လဖိုင်ဆန်းရော်
တည်ထောင်တဲ့ Airavati ဖောင်ဒေးရှင်းဟာ ၂၀၁၄ ခုနှစ်က စတင်ပြီး လိုင်ဇာရှိ စစ်ဘေးရှောင်စခန်း
သုံးခုမှာ အခြေပြုဖွင့်လှစ်ထားတဲ့ ကျောင်းသုံးကျောင်းက စစ်ဒဏ်ခံကလေးငယ်တွေအတွက် ပန်းချီကို
သင်ခန်းစာတစ်ခုအနေနဲ့ စတင်သင် ကြားပေးခဲ့ပါတယ်။

စစ်ကြောင့်ရရှိလာတဲ့ ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေကို အနုပညာအားဖြင့်
အတိုင်းအတာတစ်ခုထိ ကျော်လွှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

"သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ပစ်ထွက်ပြေးရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံရတဲ့အတွက်
အစစအရာရာ မပြည့်စုံမှုတွေ ရှိတယ်။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ ရှိလာတယ်။
အထူးသဖြင့် ကလေးတွေက ပိုဆိုးတယ်"လို့ ဖောင်ဒေးရှင်း အတွင်းရေးမှူးဖြစ်တဲ့ ကိုစောမင်းနိုင်က
ပြောပါတယ်။

ကချင်တိုင်းရင်းသား လုပ်အားပေး ပန်းချီဆရာ သုံးဦး ဦးဆောင်တဲ့အဖွဲ့ (ကော့ဆိုင်၊ မုန်းဆန်းနဲ့
ဆိုင်းဘူ) ဟာ လိုင်ဇာရှိ ဂျေယန်းမူလတန်းကျောင်း၊ ဖုန်လွန်းယန် မူလတန်းကျောင်းနဲ့ အလန်းဘွန်း
အထက်တန်းကျောင်း သုံးကျောင်းက အသက်ခုနစ်နှစ်က ၁၉ နှစ်အရွယ် ကျောင်းသူကျောင်းသား
၆၅၀ ခန့်ကို တစ်နေ့နှစ်နာရီ (တစ်ပတ် ငါးရက်)ကြာမြင့်တဲ့ ပန်းချီသင်ကြားချိန်အတွင်းမှာ
ကလေးတွေနဲ့အတူတူ ဆွေးနွေးစကားပြောပြီး သူတို့ရင်ထဲက ဖွင့်အန်လာတဲ့ ခံစားချက်တွေကို
ကင်းဗက်စ်ပေါ်မှာ အတူတူ ရေးဆွဲခဲ့ကြပါတယ်။

တစ်နှစ်နဲ့ ကိုးလကြာမြင့်လာပြီဖြစ်တဲ့ ပန်းချီသင်တန်းကနေ ပန်းချီကား ၇,၀၀၀ ကျော်
ဖန်တီးနိုင်ခဲ့ကြပါတယ်။

အဲဒီထဲကမှ ၁၀၀ ကျော်ကို ရွေးချယ်ပြီး Goethe Villa နဲ့ ပန်းဆိုးတန်း ရှုမျှော်ခင်းပန်းချီပြခန်းတို့မှာ
ပြီးခဲ့တဲ့ တစ်ပတ်က ပြသခဲ့ပါတယ်။

ပြပွဲအမည်ကို "Art of Survival" လို့ပေးခဲ့ပါတယ်။

"ပန်းချီသင်ခန်းစာ နှစ်နာရီအတွင်းမှာ ကလေးတွေဟာ သူတို့စိတ်ကူးလေးတွေကို
ပုံဖော်ခွင့်ရတဲ့အတွက် ပျော်ရွှင်ကြတယ်။ ဒီအချိန်လေးကို အရမ်းမျှော်လင့်ကြတယ်။
နှစ်နာရီ ကုန်သွားမှာကို သူတို့အင်မတန် စိုးရိမ်ကြတယ်"လို့ ကိုစောမင်းနိုင်က ပြောပါတယ်။

ပန်းချီဆရာနှစ်ဦးနဲ့ ကလေးတွေဟာ 'ဇာစ်မြစ်'၊ 'ကျွန်ုပ် ၏ဇာတိမြေ'၊ 'ဘာတွေဖြစ်ပျက်ခဲ့သလဲ'၊
'ငါမင်းကို သတိရတယ်။ ဒါပေမဲ့ မင်းဟာ ဒီမှာ မရှိတော့ဘူး'၊ 'အရှိတရားကို ရင်ဆိုင်လက်ခံနိုင်ခြင်း'၊
'အနာဂတ်' စတဲ့ ခေါင်းစဉ် ခြောက်ခုကို အခြေခံပြီး စိတ်ကူးစိတ်သန်းတွေကို အတူတူ စဉ်းစားပြီးမှ
ရွှံ့၊ မြေကြီး၊ ဆီဆေးနဲ့ အခရိုင်းလစ်တွေကို အသုံးပြုပြီး ပုံဖော်ခဲ့ကြပါတယ်။

"သူတို့ ဖန်တီးထားတဲ့ ပန်းချီကားလက်ရာတွေကလည်း တကယ်ကောင်းတယ်။ သူတို့ရဲ့ စိုးရိမ်
သောကတွေကို အတိုင်းအတာတစ်ခုထိ ကျော်လွှားနိုင်တာကို တွေ့ရ တယ်"လို့လည်း
ကိုစောမင်းနိုင်က ပြောပါတယ်။

ကလေးတွေနဲ့ လူငယ်လေးတွေဟာ သူတို့ရဲ့ စိုးရိမ်သောကတွေ၊ မျှော်လင့်ချက်တွေကို အနုပညာနဲ့
ပုံဖော်လိုက်ခြင်းဖြင့် တဒင်္ဂစိတ်သက်သာရာရသလို သူတို့ရဲ့ ကိန်းအောင်းနေတဲ့ အနုပညာပါရမီ
လေးတွေကို ထုတ်ဖော် အသိအမှတ်ပြုပေးရာလည်း ရောက်တယ်လို့လည်း သူက ပြောပါတယ်။

"စစ်နဲ့ ပဋိပက္ခတွေဖြစ်လာရင် တကယ်တမ်း လူတွေပဲ ဒုက္ခရောက်ကြတယ်။ စစ်ပွဲတွေဟာ
မရှိသင့်တော့ဘူး။ သူတို့ဆွဲတဲ့ ပန်းချီကားတွေက စစ်ပွဲနဲ့ သက်ဆိုင်သူတွေအတွက်
သတင်းစကားတွေလည်း ဖြစ်တယ်။ စစ်နဲ့ မဆိုင်တဲ့ ပြည်သူတွေသိပြီး ကရုဏာထား
သတိပြုလာနိုင်ဖို့လည်း ရည်ရွယ်တယ်"လို့လည်း ပန်းချီသင်တန်းပေးရခြင်းရဲ့ ရည်ရွယ်ချက်ကို
ပြောပြပါတယ်။

အနုပညာနဲ့ စိုးရိမ်သောကတွေကို လျှော့ချပေးတာက တကယ်ကို ထိရောက်မှုရှိတာ တွေ့ရတာကြောင့်
၂၀၁၇ ခုနှစ်မှာ စစ်ဘေးရှောင်စခန်း ၂၀ လောက်က ကျောင်းတွေအထိ တိုးချဲ့သင်တန်းပေးနိုင်ဖို့
လျာထားတယ်လို့လည်း သူက ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်