ဂျပန်အမျိုးသမီးတွေ ဒေါက်မြင့်ဖိနပ်ကိုသာ အမြဲ စီးကြတော့မလား

ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဒေါက်မြင့်ဖိနပ်စီးသင်တန်းတွင် ဂျပန်ဒေါက်မြင့်ဖိနပ်အသင်းက အုပ်ချုပ်မှုဒါရိုက်တာ မဒမ်ယုမိကို သင်တန်းပို့ချနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီပြီးခဲ့တဲ့ ဧပြီလအတွင်းက ဒေါက်မြင့်ဖိနပ်စီးသင်တန်းတွင် ဂျပန်ဒေါက်မြင့်ဖိနပ်အသင်းက အုပ်ချုပ်မှုဒါရိုက်တာ မဒမ်ယုမိကို သင်တန်းပို့ချနေစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

နိုင်ငံရဲ့သမိုင်းဝင် 'ကီမိုနိုဝတ်စုံယဉ်ကျေးမှု'ဟာ ဂျပန်နိုင်ငံက အမျိုးသမီးတော်တော်များများရဲ့
ကိုယ်နေဟန်ထားကို မလှမပဖြစ်စေတယ်လို့ ဂျပန်နိုင်ငံက အမျိုးသမီးတွေရဲ့ ဖက်ရှင်နဲ့ ပတ်သက်ပြီး
စောင့်ကြည့် ထိန်းသိမ်းပေးနေသူတွေက အခိုင်အမာပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် သူတို့ဟာ အမျိုးသမီးတွေ ဒေါက်မြင့်ဖိနပ်စီးလာအောင် စည်းရုံးပြီး ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိလာအောင် အားပေးမြှင့်တင်ပေး ချင်နေကြပါတယ်။

ဒါကတော့ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးရလိုတဲ့ အမျိုးသမီးဝါဒကို ထောက်ခံအားပေးသူတွေရဲ့
စိတ်ကူးတစ်ခုဆိုလည်း မမှားပါဘူး။

ဒေါက်မြင့်ဖိနပ်ကြောင့် ကိုယ်ဟန်မြင့်မြင့်မားမားဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး
လမ်းလျှောက်ဟန်ကိုလည်း ပိုပြီး လှပစေပါတယ်လို့ ဂျပန်ဒေါက်မြင့်ဖိနပ်အသင်းက အခိုင်အမာ
ပြောကြားထားပြီး ရှူးဖိနပ်အနိမ့်တွေဝယ်မယ့်အစား ခွာသေးသေးမြင့်မြင့်နဲ့ ဒေါက်မြင့်ဖိနပ်လေးတွေကို
ဝတ်ဆင်ကြဖို့ ဂျပန်နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေကို တိုက်တွန်းထားပါတယ်။

"ဂျပန်အမျိုးသမီးတွေ လမ်းလျှောက်တဲ့ပုံစံက ဘဲသွား သွားနေသလိုပါပဲ"လို့ ဂျပန်ဒေါက်မြင့်ဖိနပ်
အသင်းက အုပ်ချုပ်မှုဒါရိုက်တာ မဒမ်ယုမိကိုက သူ့ရဲ့တိုကျိုက အဆင့်မြင့်အလှပြင်ဆိုင်မှာ
အေအက်ဖ်ပီနဲ့ တွေ့ဆုံရာမှာ ပြောလိုက်ပါတယ်။

"ခြေလှမ်းတွေကို ရှေ့ကို ခပ်ကျယ်ကျယ်မလှမ်းနိုင်ဘဲ ဘဲသွား သွားသလို ယက်ကန်ယက်ကန်နဲ့
သူတို့ခြေလှမ်းလှမ်းနေကြတဲ့ပုံစံက အိမ်သာအရမ်းသွားချင်စိတ်ကိုထိန်းပြီး လမ်းလျှောက်နေသလိုပါပဲ။
ကြည့်ရတာ တော်တော်အရုပ်ဆိုးလှပါတယ်"လို့ မဒမ် ယုမိကိုက ပြောပါတယ်။

ဒီလိုအခြေအနေကနေ ပြောင်းလဲတိုးတက်လာအောင် အမျိုးသမီးတွေသာပါဝင်တဲ့ ဒီအဖွဲ့အစည်းဟာ
လောကကျင့်ဝတ်ဆိုင်ရာသင်တန်းတွေအတွက် သင်တန်းကြေးကို ဒေါ်လာထောင်ချီပြီး
ကောက်ခံပါတယ်။

ဒီသင်တန်းတွေမှာ အမျိုးသမီးတွေကို စမတ်ကျကျ လမ်းလျှောက်တတ်အောင် အထူးသဖြင့်
ဒေါက်မြင့်ဖိနပ်စီးပြီး လမ်းလျှောက်နည်းတွေကို သင်ပေးတဲ့ အထူးသင်တန်းတွေလည်း ပါဝင်ပါတယ်။

အမျိုးသမီးတွေဟာ အမျိုးသားတွေရဲ့နောက်သုံးလှမ်းအကွာကနေ လမ်းလျှောက်ရမယ်လို့ အရင်တုန်းက
ယူဆထားကြပြီး ဒီလိုမျိုး အမျိုးသားကြီးစိုးတဲ့ ယဉ်ကျေးမှုဟာ အခုအချိန်အထိ အမြစ်တွယ်နေဆဲ
ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ အဲဒီအယူအဆကို အခုအချိန်အထိ ရင်ဆိုင်နေကြရတုန်းပဲဖြစ်တဲ့အတွက်
အမျိုးသမီးတွေရဲ့ ဒီကြိုးပမ်းချက်ဟာ ဆန့်ကျင်ဘက်လိင်ကို ချိုးနှိမ်လိုတဲ့ စိတ်ကူးမျိုးဖြစ်ပြီး
ရယ်စရာကောင်းတယ်လို့ ဝေဖန်သူတွေက နာမည်ဆိုးတပ်ထားကြပါတယ်။

ဒါပေမဲ့ 'စမတ်ကျကျ လမ်းလျှောက်နည်းသင်တန်း'တွေကတော့ ဂျပန်နိုင်ငံမှာ လူကြိုက်
အရမ်းများလာပါတယ်။

ဂျပန်ဒေါက်မြင့်ဖိနပ် အသင်းမှာ သင်တန်းသူတွေဟာ ခြောက်လတာ သင်တန်းတစ်ခုအတွက်
ဂျပန်ယန်း လေးသိန်း (အမေရိကန်ဒေါ်လာ ၃,၇၀၀) ပေးရပြီး အခုအချိန်အထိ တက်ရောက်ခဲ့တဲ့
သင်တန်းသူဦးရေဟာလည်း ၄,၀၀၀ ရှိနေပါပြီ။

အလားတူ သင်တန်းတွေ၊ကျောင်းတွေလည်း ဂျပန်နိုင်ငံတစ်ဝန်းမှာ ပေါ်ပေါက်လာနေပါတယ်။

အသက် ၄၈ နှစ်အရွယ် ဘဲလေးကချေသည်ဟောင်း တစ်ဦးကတော့ ဂျပန်အမျိုးသမီးတွေရဲ့
ကိုယ်နေဟန်ထားနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ဝတ်ပုံ စားပုံယဉ်ကျေးမှုကို အပြစ်တင်ထားပါတယ်။

"တရုတ်နိုင်ငံတို့၊ ကိုရီးယားနိုင်ငံတို့က အမျိုးသမီးတွေမှာ ဒီလိုပြဿနာမျိုး မရှိပါဘူး။
ဒီလိုလမ်းလျှောက်ဟန်မျိုးဖြစ်ရတဲ့အကြောင်း ရင်းက ကီမိုနိုဝတ်စုံနဲ့ ကောက်ရိုးဖိနပ်စီးပြီး
ခြေထောက်ရှပ်တိုက်လျှောက် ရတာကြောင့်ပါ။ ဒါကြောင့် ဂျပန်မ လမ်းလျှောက်ဟန်ဆိုပြီး
အရိုးစွဲသွားတာပါ"လို့ သူက ပြောပါတယ်။

"ဒါပေမဲ့ အခုခေတ်မှာတော့ ကီမိုနိုဝတ်စုံကို တစ်နေကုန် ၀တ်ဆင်ထားတဲ့သူ မရှိတော့ပါဘူး။
အနောက်တိုင်းယဉ်ကျေးမှုနဲ့ ဒေါက်မြင့်ဖိနပ် ဘယ်လိုစီးရတယ်ဆိုတာကို ကျွန်မတို့ အမျိုးသမီးတွေ
သိထားသင့်ပါတယ်"လို့ မဒမ် ယုမိကိုက ပြောပါတယ်။

ခြေဗလာနဲ့ ပွဲတက်ပြီးဆန္ဒပြခြင်း

ဂျပန်ရိုးရာအ၀တ်အစားတွေကို သိပ်မ၀တ်ကြတော့တဲ့ အလေ့အထဟာ ၁၉ ရာစု
နောက်ပိုင်းလောက်ကစပြီး တဖြည်းဖြည်း စတင်လာပေမဲ့ ဒေါက်မြင့်ဖိနပ်တွေ အဓိကဖက်ရှင်တစ်ခု
ဖြစ်လာတာကတော့ ၁၉၈၀ ပြည့်နှစ်ကျော် ကာလအတွင်းမှာပါ။

ဂျပန်နိုင်ငံမှာ အမျိုးသမီးတွေ ဒေါက်မြင့်ဖိနပ်စီးကြဖို့ တိုက်တွန်းတာဟာ အနောက်နိုင်ငံမှာ
အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးရလိုတဲ့ အမျိုးသမီးဝါဒီတွေက အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်ပုံ
စည်းမျဉ်းတွေကို ခုခံတွန်းလှန်နေတဲ့အချိန်မှာ ထွက်ပေါ်လာခဲ့တာပါ။

ဟောလိဝုဒ်စတား ဂျူလီယာရောဘတ်ဟာ မေလထဲမှာ ကျင်းပခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ
ကော်ဇောနီပေါ် ခြေဗလာနဲ့ လမ်းလျှောက်ပြီး ပွဲတက်ခဲ့ပါတယ်။

အကြောင်းရင်းကတော့ မနှစ်ကပွဲမှာ ရှူးဖိနပ်အပါး ၀တ်လာခဲ့တဲ့ အမျိုးသမီးတွေကို ပွဲစီစဉ်သူတွေက
ပွဲတက်ခွင့်မပေးဘဲ မောင်းထုတ်ခဲ့တာကြောင့် အဲဒီဖြစ်ရပ်ကို ပုန်ကန်တဲ့အနေနဲ့ ဒီနှစ်မှာ ခြေဗလာနဲ့
ပွဲတက်လာခဲ့တာပါ။

အမျိုးသမီးတွေကို လုပ်ငန်းခွင်မှာ ဒေါက်မြင့်ဖိနပ်စီးရမယ်လို့ အလုပ်ရှင်တွေကို စည်းမျဉ်းသတ်မှတ်ခွင့်
ပေးထားတာကြောင့် ခေတ်ကာလနဲ့ မကိုက်ညီတော့တဲ့ ၀တ်စုံစည်းမျဉ်းဥပဒေနဲ့ ပတ်သက်ပြီး
ပြင်ဆင်ပေးဖို့ ပြီးခဲ့တဲ့လမှာ ဗြိတိန်လူမျိုးတစ်သိန်းကျော်ဟာ ယူကေက ပါလီမန်ဆီ
ပန်ကြားထားကြပါတယ်။

အခုတော့ နိုင်ငံရေးသမားတော်တော်များများက ထောက်ခံလာကြပြီဖြစ်တဲ့ ဒီလှုပ်ရှားမှုဟာ
ရှူးဖိနပ်အပါးစီးပြီး ရုံးတက်လာတဲ့ ဧည့်ကြိုဝန်ထမ်းတစ်ဦးကို အိမ်ပြန်ခိုင်းခဲ့တဲ့ ဖြစ်ရပ်ကနေ
စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မဒမ် ယုမိကိုကတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းဟာ ဂျပန်အမျိုး သမီးတွေကို ကိုယ့်ကိုယ်ကိုယ်
ပိုပြီးယုံကြည်မှုရှိလာစေဖို့ ကူညီပေးတယ်လို့ အခိုင်အမာ ပြောဆိုနေပါတယ်။

"အမျိုးသမီးတော်တော်များများဟာ သူတို့ရဲ့ခံစားချက်ကို ဖော်ထုတ်ဖို့ ၀န်လေးတတ်ကြပါတယ်။
ဂျပန်ယဉ်ကျေးမှုအရ အမျိုးသမီးတွေဟာ သူတို့ကို လူသိထင်ရှားဖြစ်အောင်နေတာမျိုးတို့၊ ကိုယ့်အတွက်
ဦးစားပေးရှေ့တန်းတင်ဆောင်ရွက်တာမျိုးတို့ မလုပ်လိုကြပါဘူး"လို့ မဒမ် ယုမိကို က ရှင်းပြပါတယ်။

ဒီလိုမျိုးတင်းကျပ်တဲ့ ကျင့်ဝတ်တွေကြောင့် မွန်းကျပ်နေတဲ့ အမျိုးသမီးတွေအတွက် သူ့ရဲ့
ဖြေရှင်းနည်းကတော့ "ဒေါက်မြင့်ဖိနပ်တစ်ရန်လောက် စီးလိုက်ရုံပါပဲ"လို့ ပြောပါတယ်။

ဒေါက်မြင့်ဖိနပ်စီးပြီး ခံစားရတဲ့ လွတ်လပ်မှုကြောင့် သူတို့ရဲ့ ပိတ်လှောင်ထားတဲ့ စိတ်တွေကို
ပွင့်သွားစေနိုင်လိမ့်မယ်လို့လည်း သူက အခိုင်အမာ ပြောထားပါတယ်။

ဂျပန်နိုင်ငံက လူမှုရေးရာတွေနဲ့ ပတ်သက်ပြီး နာမည်ကြီး မျက်မှောက် ရေးရာဟောပြောသူ
မစ်ဆူကိုရှီမိုမူရာကတော့ ဒီအတွေးအခေါ်ကို လူအများစုက ရယ်သွမ်းသွေးနိုင်တဲ့
'မဟုတ်မဟတ်စိတ်ကူး'ပဲလို့ ဆိုပါတယ်။

"ဒေါက်မြင့်ဖိနပ်စီးတာနဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စွမ်းဉာဏ်စွမ်း အရည်အသွေးအကြား
ဘာဆက်စပ်မှုမှ မရှိပါဘူး။ ဒီစိတ်ကူးကတော့ ရူးသွပ်မိုက်မဲရာ ရောက်ပါတယ်"လို့
သူက ပြောပါတယ်။

အမျိုးသားတွေလည်း ခွာမြင့်မြင့်ဖိနပ်စီးသင့်

ရာစုနှစ်ပေါင်းများစွာအတွင်းမှာ ခွာမြင့်မြင့်ဖိနပ်တွေဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအတွက်
ခေတ်စားတဲ့အရာဖြစ်ခဲ့သလို ခေတ်မစားတော့တဲ့အရာလည်း ဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဘီစီ ၄၀၀၀ လောက်ကို ပြန်ကြည့်မယ်ဆိုရင် ရှေးအီဂျစ်ဂူတွေရဲ့ နံရံပေါ်က
ဆေးရေးပန်းချီတွေမှာ ခွာမြင့်ဖိနပ်တွေကို တွေ့မြင်နိုင်ပါတယ်။

ဒါပေမဲ့ ခေတ်သစ်ချဉ်းကပ်စည်းရုံးမှုမှာလည်း ခွာမြင့်ဖိနပ်တွေဟာ အဓိကနေရာကနေ
ပါဝင်နေဆဲပါပဲလို့ ဂျပန်ဒေါက်မြင့်ဖိနပ်အသင်းဒါရိုက်တာ တိုမိုကို ကူဘိုတာ က ပြောပါတယ်။

"တကယ်လို့ အမျိုးသမီးတွေ (ဒေါက်မြင့်ဖိနပ်ကြောင့်) ဆွဲဆောင်မှု ပိုရှိလာမယ်ဆိုရင် သူတို့ရဲ့
စိတ်ကူးတွေကို အမျိုးသားတွေကလည်း ထောက်ခံလာပါလိမ့်မယ်"လို့ အသက်၄၅ နှစ် ရှိပြီဖြစ်တဲ့
တိုမိုကို ကူဘိုတာက ပြောပါတယ်။

ဒီသဘောတရားကို ပြင်သစ်နိုင်ငံရဲ့ Universite de BretagneSud က သိပ္ပံပညာရှင်တွေ
၂၀၁၄ ခုနှစ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်က ထောက်ခံထားပါတယ်။

ဒေါက်မြင့်ဖိနပ်စီးထားတဲ့ အမျိုးသမီးတွေကို အမျိုးသားတွေက ပိုပြီးတလေးတစား ဆက်ဆံတယ်ဆိုတဲ့
အချက်ကို သက်သေပြထားတဲ့ လူမှုရေးဆိုင်ရာ လက်တွေ့သုတေသနတွေကို အဲဒီအဖွဲ့က
ဆောင်ရွက်ခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ လက်အိတ် လမ်းပေါ်ကျသွားတဲ့အခါ ဒေါက်မြင့်ဖိနပ်စီးထားတဲ့
အမျိုးသမီးတွေအတွက် ပြန်ကောက်ပေးတဲ့ အမျိုးသားအရေအတွက်ဟာ ရှူးဖိနပ် အပါးစီးထားတဲ့
အမျိုးသမီးတွေအတွက် ကောက်ပေးတဲ့ အရေအတွက်ထက် ၅၀ ရာခိုင် နှုန်းကျော်ပိုများပြီး
အမျိုးသမီးတွေရဲ့ အပြုအမူကတော့ ဒေါက်မြင့်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ
အပြောင်းအလဲမရှိကြောင်း လေ့လာမှုအရ တွေ့ရှိရတယ်လို့ Archives of Sexual Behaviour ဆိုတဲ့
ဂျာနယ်မှာ ဖော်ပြထားပါတယ်။

ဒေါက်မြင့်ဖိနပ်စီး သင်တန်းဆရာဖြစ် လက်မှတ်ရဖို့အတွက် ဂျပန်ဒေါက်ဖိနပ်အသင်းမှာ
စာမေးပွဲဝင်ဖြေကြတဲ့ ဂျပန်နိုင်ငံတစ်လွှားက သင်တန်းသူတွေကလည်း ဒေါက်မြင့်ဖိနပ်စီးဖို့
တိုက်တွန်းတဲ့ စိတ်ကူးနဲ့ပတ်သက်ပြီး တူညီတဲ့အမြင်တွေ ရှိကြပါတယ်။

"ကီမိုနိုဝတ်ပြီး ဘယ်လိုလမ်းလျှောက်ရမယ်၊ ဖဲပြားကို ဘယ်လိုချည်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး
ကျွန်မတို့ သင်ယူခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးပြီး ဘယ်လိုလမ်း လျှောက်ရမယ်ဆိုတာကိုတော့
ကျွန်မတို့ မသင်ခဲ့ရသေးပါဘူး"လို့ အသက် ၄၆ နှစ် ရှိပြီဖြစ်တဲ့ စိတ်ကုထုံးပညာရှင်
တာကာကိုဝါတာနာဘီက လမ်းလျှောက်လေ့ကျင့်ခန်း အပြီးမှာ ပြောပါတယ်။

"လမ်းလျှောက်ဟန်ကောင်းကောင်းကြောင့် ဆွဲဆောင်မှုရှိတဲ့ ခပ်မိုက်မိုက်ဘဲ တစ်ဗွေလောက်ကို
ကျွန်မတို့ အမိဖမ်းနိုင်စေမှာပါ"လို့လည်း သူက ပြောပါတယ်။

ဒေါက်ဖိနပ်စီးပြီး စမတ်ကျကျ လမ်းလျှောက်တာဟာ အရေးပါတဲ့ကျွမ်းကျင်မှု တစ်ရပ်ဖြစ်ပြီး
ဂျပန်အမျိုးသမီးအနည်းငယ်လောက်သာ ကျွမ်းကျင်ပိုင်နိုင်ထားကြပါတယ်လို့ ဂျပန်ဒေါက်ဖိနပ်အသင်းရဲ့
ဒေါက်ဖိနပ်စီးသင်တန်းသူဟောင်းတစ်ဦးဖြစ်တဲ့ အေယာကို မီယာတာကလည်း
ထောက်ခံပြောဆိုထားပါတယ်။

"ဒေါက်မြင့်ဖိနပ်စီးလိုက်တဲ့အတွက် ပိုပြီးမိန်းမဆန်သွားတယ်"လို့ အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့
အေယာကိုမီယာတာက ပြောပါတယ်။

သူကတော့ ဒေါက်မြင့်ဖိနပ်တွေကို စုဆောင်းဖို့အတွက် ငွေတော်တော်များများ အသုံးပြုထားပါတယ်။

"ခေတ်မီအမျိုးသမီးတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖို့နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု
ရှိစေဖို့အတွက် ဒေါက်မြင့်ဖိနပ်တွေဟာ မရှိမဖြစ်အရာတစ်ခုပဲရှင့်"လို့ သူက ပြောပါတယ်။

ယုမိကိုကတော့ သူ့ရဲ့အလှပြင်ဆိုင်ကို ပြင်သစ်ဘုရင် လူဝီ(၁၄)ရဲ့ ဗိမာန်သဖွယ် ၀တ်ကောင်းစားလှ
ဝတ်ဆင်ပြီး ခွာမြင့်ဖိနပ်စီးထားတဲ့ ဘုရင်ကြီးရဲ့ပုံ ပန်းထိုးထားတဲ့ ထပ်ခေါက်တွန့် ခန်းဆီးနဲ့ ကာပြီး
အလှဆင်ယင်ထားပါတယ်။

ဒါကြောင့် သူဟာ ဆန့်ကျင်ဖက်လိင်ကို နှိမ့်ချဖို့အတွက် အမျိုးသမီးတွေဒေါက်ဖိနပ်စီးဖို့
တိုက်တွန်းနေတာဆိုတဲ့ စွပ်စွဲချက်အတွက် ဖြေရှင်းချက်ပေးထားသလို ဖြစ်နေပါတယ်။

သူကတော့ အမျိုးသားတွေကိုလည်း ခွာမြင့်ဖိနပ်စီးစေချင်နေပါတယ်။

"ရှေးဂရိယဉ်ကျေးမှုပုံစံမျိုး ပြန်လည်ခေတ်စားလာတဲ့အချိန်မှာ အမျိုးသားတွေဟာ အရပ်ပိုမြင့်တယ်လို့
ထင်ရအောင်နဲ့ ပိုပြီးစတိုင်ကျအောင် လုပ်ချင်ကြပါတယ်။ အမျိုးသားတွေလည်း ခုံမြင့်ဖိနပ်
စီးသင့်ပါတယ်။ ဒါမှသာ လူဝီဘုရင်(၁၄)လို ငွားငွားစွင့်စွင့်မြင့်ပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်မဆုံး
ဖြစ်နေနိုင်မှာပါ။ အဲဒီလိုမျိုး တစ်နေ့ဖြစ်လာမယ်လို့ ကျွန်မယုံကြည်ပါတယ်" လို့ သူက ရှင်းပြပါတယ်။

- အေအက်ဖ်ပီ

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်