ဖေ့စ်ဘွတ်ခ်က သင့်ကို ဘယ်လောက်အထိ လွှမ်းမိုးထားသလဲ

ဖေ့စ်ဘွတ်ခ်ကို ၂၀၀၄ ခုနှစ်ကစတင်ပြီး ကမ္ဘာလုံးကို မိတ်ဆက်ပေးခဲ့တာဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့
ယေဘုယျအားဖြင့်ပြောရရင် ၂၀၀၅၊ ၂၀၀၆ ခုနှစ်လောက်မှာ သုံးစွဲသူအရေအတွက်ဟာ
အနည်းငယ်သာ ရှိခဲ့ပါလိမ့်မယ်။

၂၀၀၇၊ ၂၀၀၈ ခုနှစ်လောက်မှာ သုံးစွဲသူအရေအတွက် တိုးပွားလာပေမဲ့ အင်တာနက်သုံးစွဲနိုင်တဲ့
လူတန်းစားတစ်ရပ်သာ အများဆုံး အသုံးပြုခဲ့ကြပါတယ်။

တကယ်တမ်း သိသိသာသာ လူသုံးများ လာတာကတော့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းလောက်မှာ
ဖြစ်ပါတယ်။

ခုချိန်မှာတော့ 'ဖေ့စ်ဘွတ်ခ်'ကို မြို့နေလူတန်းစားတော်တော်များများ သိကြသလို သူတို့ရဲ့
နေ့စဉ်ဘ၀မှာလည်း အချိန်ပေးပြီး အသုံးပြုကြပါတယ်။

ဒီအတွက် သုံးတတ်ရင်ဆေး၊ မသုံးတတ်တော့ ဘေးဖြစ်တယ်ဆိုတဲ့အတိုင်း ဖေ့စ်ဘွတ်ခ်ကြောင့်
ကောင်းကျိုးတွေရရှိပေမဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ ခံစားရတယ်ဆိုတာကိုတော့ ဘယ်သူမှ
ငြင်းနိုင်မယ်မထင်ပါဘူး။

ဒါကြောင့် မြန်မာတိုင်း(မ်) သတင်းထောက် မျိုးဆက် က လူတချို့ကိုတွေ့ဆုံပြီး ဖေ့စ်ဘွတ်ခ်က
သူတို့ရဲ့ နေ့စဉ်နေထိုင်မှုဘ၀ကို ဘယ်လောက်အထိ လွှမ်းမိုးမှုရှိသလဲဆိုတာကို မေးမြန်းထားပါတယ်။

သီရိလူ/မြန်မာတိုင်း(မ်)သီရိလူ/မြန်မာတိုင်း(မ်)

ကိုစိုးတင့်၊ ၃၇ နှစ်
(ကုမ္ပဏီဝန်ထမ်း)

"ဖေ့စ်ဘွတ်ခ်ကို နေ့တိုင်းတော့ သုံးဖြစ်ပါတယ်။ နေ့စဉ် အားတဲ့အချိန်တိုင်း သုံးဖြစ်တယ်။
အဓိကသုံးဖြစ်တာကတော့ သူငယ်ချင်းတွေနဲ့ စကားပြောဖြစ်တယ်။ ကျွန်တော်က နည်းပညာကို
စိတ်ဝင်စားတော့ နည်းပညာနဲ့ ပတ်သက်လို့ အသစ်အသစ်တွေကို ဖေ့စ်ဘွတ်ခ်ကနေ
လေ့လာဖြစ်တယ်။ နောက်ဆုံးရသတင်းတွေဆိုလည်း ဖေ့စ်ဘွတ်ခ်ကနေ ချက်ချင်းသိရတာမျိုးတွေက
ဒီဘက် ခေတ်မှာ အဆင်ပြေလာတယ်။ နေ့တိုင်း သုံးဖြစ်နေတယ်ဆိုတော့ ဒါ ကျွန်တော့်ဘ၀မှာ
တစ်ထောင့်တစ်နေရာကနေ အရေးပါနေတာပေါ့ဗျာ။"


သီရိလူ/မြန်မာတိုင်း(မ်)သီရိလူ/မြန်မာတိုင်း(မ်)

ကိုအောင်ကိုသက်၊ ၃၉ နှစ်
(ကော်ဖီဆိုင်ဝန်ထမ်း)

"ကျောင်းတုန်းက သူငယ်ချင်းတွေအများကြီးနဲ့ ဖေ့စ်ဘွတ်ခ် ပေါ်မှာ ပြန်ပြီးခင်မင်ခွင့်ရတယ်။
သူတို့တွေနဲ့ လိုင်းပေါ်မှာ စကားပြောဖြစ်တယ်။ အားတဲ့အချိန်လေးတွေလောက်ပဲ ဘာသတင်းတွေ
တက်လာလဲဆိုတာ ကြည့်ဖြစ်တယ်။ ကျွန်တော်က ပုံတွေ၊ စာတွေတင်တာလည်း မလုပ်ဘူး။
ကျွန်တော့်ဘ၀ကိုတော့ ဖေ့စ်ဘွတ်ခ်က လွှမ်းမိုးမထားပါဘူး။ ဒါပေမဲ့ ခေတ်အရတော့ ဖေ့စ်ဘွတ်ခ်က
ကျွန်တော့်အတွက် အရမ်းအရေးမပါပေမဲ့ တစ်စိတ်တစ်ဒေသလောက်တော့ အရေးပါတယ်လို့
ပြောနိုင်ပါတယ်။"


သီရိလူ/မြန်မာတိုင်း(မ်)သီရိလူ/မြန်မာတိုင်း(မ်)

ချောစုနန္ဒာ၊ ၁၈ နှစ်
(ကျောင်းသူ)

"ဖေ့စ်ဘွတ်ခ်ကတော့ ပုံမှန်တော့ အားရင်အားသလို သုံးဖြစ်ပါတယ်။ ဒါပေမဲ့ ညီမဘ၀အတွက်တော့
အရမ်းအရေးမပါပါဘူး။ ဖေ့စ်ဘွတ်ခ်မရှိလို့ မသုံးရလည်း ဖြစ်ပါတယ်။ မနက်ပိုင်းလေးတွေနဲ့
ညနေပိုင်းအချိန်လေးတွေမှာ ဖွင့်ကြည့်ဖြစ်ပါတယ်။ အဓိကတော့ သတင်းအသစ်တွေ
တော်တော်များများ ဖတ်ရတာကို ကြိုက်တယ်။ မှတ်မှတ်ရရ သူငယ်ချင်းတွေနဲ့ အပြင်သွားဖြစ်တာတို့၊
တွေ့ဖြစ်တာတို့ ဆိုရင်တော့ ပုံလေးတွေ တင်တတ်တယ်။"


သီရိလူ/မြန်မာတိုင်း(မ်)သီရိလူ/မြန်မာတိုင်း(မ်)

နေမင်းကို၊ ၁၉ နှစ်
(ကျောင်းသား)

"ကျွန်တော့်အတွက် ဖေ့စ်ဘွတ်ခ်က အရေးပါလားဆိုရင်လည်း ပါတယ်လို့ မပြောနိုင်သလို
အရေးမပါဘူးလို့လည်း မဆိုနိုင်ဘူး။ မရှိမကောင်း ရှိမကောင်းပေါ့ဗျာ။ အဓိကတော့
သတင်းအချက်အလက်လေးတွေ အချိန်နဲ့တစ်ပြေးညီ သိနေရတာတော့ ကြိုက်တာပေါ့။
တချို့ကိုယ့်အတွက် လိုအပ်တဲ့အချက်အလက်လေးတွေဆိုလည်း မှတ်ပြီးသိမ်းထားလို့ရတယ်။
ဥပမာ - ပညာရေး၊ အလုပ်အကိုင်နဲ့ ပတ်သက်တာမျိုးပေါ့။ နောက် သူငယ်ချင်း တွေနဲ့လည်း
လိုင်းပေါ်ကနေ အဆက်အသွယ်လုပ်လို့ ရတာကလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်