အချိန် နေရာမရွေးတဲ့ အိမ်တွင်း အလှစိုက်ပန်းပင်လေးတွေ

အရောင်အသွေးစုံတဲ့ အိမ်တွင်းအလှစိုက် သစ်ပင်ငယ်လေးများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)အရောင်အသွေးစုံတဲ့ အိမ်တွင်းအလှစိုက် သစ်ပင်ငယ်လေးများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)

မြေဆွေးထည့်ထားတဲ့ ပန်းအိုးလေးတစ်အိုး၊ အပင်လေးတစ်ပင်ကို ပုံမှန် ရေလေးလောင်း၊
ပန်းလေးတွေပွင့် အသီးလေးတွေသီးလာရင် ကြည်နူးကြရင်း ရန်ကုန်မြို့က လူသားတွေဟာ မြို့ပြရဲ့
မွန်းကျပ်မှုတွေကို လျှော့ချလာကြပါတယ်။

အလုပ်အကိုင်၊ စီးပွားရေး၊ လူမှုရေးနဲ့ မိသားစုလို အိမ်တွင်းရေးတွေကြောင့် နိုင်ငံအနှံ့အပြားက
လူတွေဟာ စီးပွားရေးအပါအ၀င် အစစအရာရာ အချက်အချာကျတဲ့ ရန်ကုန်မြို့ကြီးကို ပြောင်းရွှေ့လို့
ကျောတစ်ခင်းစာနေရာအတွက် ကျဉ်းမြောင်းကျပ်တည်းစွာ တိုးဝှေ့နေထိုင်ရင်း မြို့ကြီးရဲ့ လူဦးရေကို
တိုးမြှင့်ပေးနေပါတယ်။

အမျိုးမျိုးသော စိတ်ဖိစီးမှုတွေအတွက် အိမ်တွင်းစိုက်အပင်ငယ် လေးတွေက စိတ်ကျဉ်းကျပ်မှုတွေကို
လျှော့ချနိုင်သလို အလုပ်လုပ်နိုင်မှုစွမ်းအားကို မြှင့်တင်စေတဲ့အပြင် လေထုညစ်ညမ်းမှုတွေနဲ့
တခြားသော အကျိုးရလဒ်တွေပေးလို့ ကိုယ်တိုင်အတွက်ရော၊ ပတ်ဝန်းကျင်အတွက်ပါ
ကောင်းမွန်စေပါတယ်။

အပင်ငယ်လေးတွေဖြစ်လို့ သီးသန့်မြေနေရာပေးဖို့နဲ့ ဂရုစိုက်ဖို့မလိုတာ၊ အရောင်အသွေး စုံလင်ပြီး
ဘေးထွက်ဆိုးကျိုးမရှိဘဲ အခန်းကျဉ်းလေးကို လည်း အလှဆင်လို့ရတာတွေကြောင့် အိမ်တွင်းစိုက်
အပင်လေးတွေကို အခုနောက်ပိုင်းမှာ လူကြိုက်များလာကြပါပြီ။

အပင်စိုက်ရတာကို ၀ါသနာပါပေမဲ့ ထိုင်းနိုင်ငံကို သွားရောက်ပြီး ကျောင်းတက်ရင်း အိမ်တွင်းစိုက်
အပင်ငယ်လေးတွေ ပျိုးပြီးရောင်းချတဲ့ စိုက်ခင်းမှာ အလုပ်လုပ်ကိုင်တဲ့ သူငယ်ချင်းကို မသိခင်အထိ
အိမ်တွင်း စိုက်အပင်လေးတွေအကြောင်းကို ပုသိမ်မြို့ကနေ ရန်ကုန်မှာ အလုပ်လုပ်ရင်း
ပြောင်းရွှေ့နေထိုင်တဲ့ ကိုသီဟဖြိုးအနေနဲ့ ဂဃနဏမသိခဲ့ပါဘူး။

"အဲဒီအပင်လေးတွေအကြောင်း စိုက်ခင်းတွေကိုသွားကြည့်ရင်းနဲ့မှ သေချာလေ့လာဖြစ်ခဲ့တာပါ။
နောက်ပြီးဒီလိုမျိုး အပင်လေးတွေရောင်းတဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုအဖြစ်လုပ်ဖို့
စိတ်မကူးခဲ့မိပါဘူး။ နောက်ပြီး ဒီလိုအလုပ်မျိုးက ကျွန်တော့်လို ၀ါသနာ ပါတဲ့သူတောင် လုပ်ဖို့
မလွယ်ကူပါဘူး။ ပြီးတော့ အပင်တွေကို ဂရုတစိုက် ရှိရတယ်။ ကိုယ်မှာလိုက်တဲ့ အော်ဒါတွေက
ဒီကို အဆင်ပြေပြေရောက်ပါ့ မလားဆိုပြီးတော့လည်း တွေးပူပန်ရတယ်။ ငွေအိတ်လို၊ သစ်ခွလို
အပင်မျိုးတွေဆိုရင် ဒီလိုမိုးတွင်းရာသီဥတုမှာ အရမ်းကို ဂရုစိုက်ရပါတယ်" လို့ လွန်ခဲ့တဲ့
ခုနစ်နှစ်ကျော်လောက်ကတည်းက ကန္တာရအပင်၊ သစ်ခွ၊ ဘွန်ဆိုင်းနဲ့ တခြားအိမ်တွင်းစိုက်
အပင်လေးတွေကို ထိုင်းနိုင်ငံကနေ ၀ယ်ယူပြီး လက်လီ၊ လက်ကားရောင်းချတဲ့ အလုပ်ကို
လုပ်ကိုင်နေတဲ့ ကိုသီဟဖြိုးက ပြောပါတယ်။

သူ့ရဲ့ အိမ်တွင်းစိုက် အပင်ပျိုးခင်းအရောင်းပြခန်း Cactus Gallery YGN ကိုတော့ သာကေတမြို့နယ်၊
ယမုံနာလမ်းမကြီးဘေးမှာ တခြား တစ်ဒါဇင်ကျော်လောက်ရှိတဲ့ ပျိုးခင်းအရောင်းပြခန်းတွေနဲ့အတူ
ဖွင့်လှစ်ထားပါတယ်။

အိမ်ပြင်၊ အိမ်တွင်းစိုက်အပင်၊ အလှပန်းပင်၊ အပင်စိုက်ရာမှာ လိုအပ်တဲ့ ဆက်စပ်ပစ္စည်းတွေချည်းပဲ
ရောင်းချတဲ့ အရောင်းဆိုင်တန်းတွေမှာတော့ အပင်ဝယ်တဲ့သူ၊ အပင်အကြောင်း စိတ်ဝင်စားသူတွေနဲ့
စည်ကားနေလေ့ရှိပါတယ်။

အရောင်အသွေးစုံတဲ့ အိမ်တွင်းအလှစိုက် သစ်ပင်ငယ်လေးများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)အရောင်အသွေးစုံတဲ့ အိမ်တွင်းအလှစိုက် သစ်ပင်ငယ်လေးများ။ နန္ဒာအောင်/မြန်မာတိုင်း(မ်)

"ဒီမှာတော့ ဂမုန်း၊ သစ်ခွနဲ့ တခြားအပင်အမျိုးအစားတွေ ရနိုင်ပါတယ်။ အများစုကတော့ တရုတ်နဲ့
ထိုင်းနိုင်ငံက တင်သွင်းပြီး ရောင်းချကြတယ်။ မြန်မာဖြစ်ဆိုလို့ ဂမုန်းနဲ့ အပင်ကြီးပိုင်းတွေပဲ
ရှိပါတယ်"လို့ VIP မင်္ဂလာပန်းအလှဆင်နှင့် ပျိုးဥယျာဉ်က ဆိုင်ပိုင်ရှင်က ဆိုပါတယ်။

ကိုသီဟဖြိုးက အိမ်တွင်းစိုက်အပင်ဈေးကွက်က ၁၉၈၈ ခုနှစ် အစောပိုင်းလောက်ကတည်းက
ရန်ကုန်မှာ စတင်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းကတော့ အပင်ဈေးနှုန်းမြင့်တာကြောင့် ၀ယ်လိုအားနည်းပြီး
စိတ်ဝင်စားမှုလည်း မရှိကြဘူးလို့ ပြောပါတယ်။

နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာပဲ အပွင့်ပွင့်လေ့ရှိတဲ့ သဇင်အပါအ၀င် အိမ်တွင်းရော၊ အိမ်ပြင်မှာပါ
စိုက်နိုင်တဲ့ မြန်မာဂမုန်းအမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပေမဲ့ ရှားပါးဂမုန်းအမျိုးအစားတော်တော်
များများကတော့ ရန်ကုန်မှာ မတွေ့ရသလောက် ပျောက်ကွယ်လုနီးဖြစ်နေပါပြီ။

တချို့ဂမုန်းအမျိုးအစားတွေကျတော့လည်း ကံမကောင်းတာ၊ ခိုက်တာ စတဲ့အယူအဆတွေကြောင့်
ရန်ကုန်မှာ တယုတယစိုက်သူ ရှားပါးလာပြီဖြစ်ပါတယ်။

အရွယ်အစားက အဓိကမဟုတ်ဘဲ အိမ်တွင်းစိုက်အပင်လေးတွေက သာမန်အပင်တွေထက်
အရွယ်အစားသေးငယ်ပေမဲ့ လေထုထဲမှာရှိတဲ့ အဆိပ်ငွေ့တွေ၊ ကာဗွန်တွေကို စုပ်ယူနိုင်ပြီးတော့
သန့်စင်တဲ့ လေထုကို ရရှိစေပါတယ်။

"အခုနောက်ပိုင်းဆိုရင် လူတွေက တိုက်ခန်း၊ ကွန်ဒို စတဲ့ အထပ်မြင့်နေရာတွေမှာ
နေထိုင်မှုများလာတော့ အပင်ကြီးတွေထက်စာရင် အိမ်တွင်း စိုက်အပင်ငယ်လေးတွေကို
ရွေးချယ်လာကြတယ်" လို့ ကိုသီဟဖြိုးက ပြောပါတယ်။

သာကေတမှာ နှစ်နှစ်ကျော်ကြာဖွင့်လှစ်ထားတဲ့ သူ့ပျိုးဥယျာဉ်လေးမှာ ဆိုရင် သစ်ခွ၊ ဘွန်ဆိုင်း
(Bonsai)၊ ကန္တာရပင် (cacti) အမျိုးအစားအစုံ၊ succulents နဲ့ တခြားအပင်သေးလေး
အမျိုးအစားပေါင်း ၆၀ ကျော်ကို အရုပ်ကလေးတွေအပြင် တခြားအလှဆင်ပစ္စည်းလေးတွေနဲ့အတူ
အလှဆင်ပြီး ရောင်းချနေတာပါ။

ဈေးနှုန်းတွေကတော့ ကျပ် ၄,၀၀၀ ကနေ ကျပ် ၉,၀၀၀ အထိ ရှိပါတယ်။

အိမ်တွင်းစိုက် အပင်တွေအနေနဲ့ အပင်သေးလေ ဈေးကြီးလေဖြစ်ပြီး နှစ်ချီခံလေ့ရှိတယ်လို့
သိရပါတယ်။

အထူးသဖြင့် လူငယ်ပိုင်းတွေက နေရာမယူတဲ့ အပင်ငယ်လေးတွေကို ပိုပြီးစိတ်ဝင်စားလာကြပါတယ်။

"လူငယ်တွေ၊ ကျောင်းသားတွေနဲ့ ဆယ်ကျော်သက်တွေတော်တော်များများ indoor plant လေး
တွေကို ပိုသဘောကျကြတယ်။ ပြီးတော့ ပိုပြီးတော့ဂရုတစိုက်ရှိကြတယ်။ နောက်ပြီး
ကျွန်တော့်ဆီမှာဆိုရင် Mega လိုမျိုးကုမ္ပဏီကြီးတွေ၊ ဟိုတယ်တွေ၊ ရုံးခန်းတွေနဲ့
စားသောက်ဆိုင်တွေကလည်း လာဝယ်ကြတယ်" လို့ ကိုသီဟဖြိုးက ဆိုပါတယ်။

City Mart နဲ့ Ocean စတဲ့ဈေးဝယ်စင်တာတွေကိုလည်း အော်ဒါ ဖြန့်ရပါတယ်။

ထိုင်းနိုင်ငံကနေ မှာယူတင်သွင်းတဲ့ နတ်သမီးထောင်ချောက် (Venus Fly Trap) နဲ့ ရေတကောင်း
(Purple Pitcher) စတဲ့ ရှားပါးအပင်တွေလည်း ဈေးကွက်ထဲမှာ တွေ့နေရပြီဖြစ်ပါတယ်။

"လူတွေက ဒီအိုးသေးသေးလေးနဲ့ အပင်သေးသေးလေးကနေ လှတာ၊ ပန်းပွင့်တာ၊
အရောင်စုံတာတွေကို တစ်ပြိုင်တည်း လိုချင်လာကြတယ်။ အိမ်တွင်းအလှစိုက် ဈေးကွက်က
အခုထက် နောက်ပိုင်းဆို ပိုပြီး တွင်ကျယ်လာမှာပါ" လို့ သူက ပြောပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်