သူတို့ပြောတဲ့ မိုးရာသီအကြောင်း

မေ ၂၁ ရက်မှာ စပြီးရွာခဲ့တဲ့ ရန်ကုန်မိုးက ဇွန်လတစ်လလုံးရော အခု ဇူလိုင်လအထိပါ
လေဖိအားနည်းရပ်ဝန်းတွေ၊ မုတ်သုံလေတွေရဲ့ အကူအညီနဲ့ နေ့စဉ်ရက်ဆက်ကို ရွာနေပါတယ်။

အရင်နှစ်ပေါင်းများစွာကတော့ မိုးရွာရင် ရေလျှံတဲ့ဒုက္ခကို ခံစားခဲ့ရပေမဲ့ ဒီနှစ်မှာတော့ တစ်မြို့လုံးနီးပါး
မြောင်းသန့်ရှင်းရေးလုပ်တဲ့ စနစ်ကြောင့် ရေမလျှံတော့ပါဘူး။

ဒါပေမဲ့ နေ့စဉ်ရွာတဲ့ မိုးရဲ့အရှိန်ကြောင့် တစ်ဝမ်းတစ်ခါးအတွက် သွားလာလှုပ်ရှား
စီးပွားရှာနေသူတွေမှာတော့ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပါသေးတယ်။

သဘာဝရာသီဥတုဆိုပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ မိုးရာသီက ဘယ်လိုမျိုး
သက်ရောက်နေမလဲဆိုတာကို မေးမြန်းထားပါတယ်။

ပရိသတ်ရော မိုးရာသီကို ကြိုက်နှစ်သက်ပါသလား။

ကိုရဲဇာနည်၊ ၃၆ နှစ်
(ကော်ဖီဆိုင်ပိုင်ရှင်)

"မိုးရာသီကို သိပ်မကြိုက်ပါဘူး။ သွားလာရတာ စိုစိုစွတ်စွတ်ကြီးဆိုတော့ အဆင်သိပ်မပြေဘူး။
မိုးရွာနေရင် ကော်ဖီပိုသောက်ကြတယ်ဆိုပေမဲ့ ဆိုင်ကို လာသောက်ကြတာထက် မိုးရေစိုမှာစိုးလို့
အပြင်မထွက်ဘဲ အိမ်မှာသောက်ကြတာများပါတယ်။ အဲဒီတော့ မိုးတွင်းမှာ အလုပ်အကိုင်လည်း
ပါးတယ်။ မိုးရွာပြီဆို အရင်ကနဲ့မတူဘဲ မုန်တိုင်းကြောင့်လားဆိုပြီးတော့ မိုးလေ၀သသတင်းတွေတော့
သေချာနားထောင်ဖြစ်တယ်။ အမှန်က မိုးရာသီဆိုတာ အိမ်မှာစောင်ခြုံပြီး အိပ်နေဖို့ပဲ အကောင်းဆုံးပါ။
ကျွန်တော်ကတော့ အေးတာချင်းတူရင်တောင် ဆောင်းရာသီပဲ ပိုကြိုက်တယ်။"


ဦးမြတ်မင်း၊ ၄၇ နှစ်
(ကားမောင်း)

"မိုးဖွဲဖွဲရွာနေရင်တောင် ကားစလစ် ဖြစ်မှာစိုးနေရတော့ မိုးရာသီမှာ ကားမောင်းရတာ
အမြဲသတိထားနေရတယ်။ မိုးသည်းလာပြီဆိုရင်တော့ ဆက်မမောင်းတော့ဘဲ လမ်းဘေးထိုးရပ်ထားမှ
အဆင်ပြေတာ၊ မဟုတ်ရင် ကိုယ့်ဘက်က မှားမှားမှန်မှန် အန္တရာယ်ရှိတယ်။ ကားကြီးတွေထက်
ကားသေးလေးက မိုးရွာရင် ပိုသတိထားရတော့ လမ်းရှင်းနေရင်တောင် သိပ်မမောင်း ရဲဘူး။
ကွန်ကရစ်လမ်းတွေ များလာတော့ မိုးတွင်း မြောင်းရေလျှံလို့ ကားကို ဂရုစိုက်ရတာမျိုးတော့
သိပ်မရှိတော့ဘူး။ လမ်းတွေလည်း မြင့်လာတယ်လေ။ ကားမောင်းနေ တဲ့သူဆိုတော့ အက်ဖ်အမ်
အမြဲဖွင့်ထား ပြီး မိုးလေ၀သသတင်းတော့ နားထောင် ဖြစ်ပါတယ်။"


ဦးဉာဏ်မြင့်၊ ၅၀ နှစ်
(ထမင်းဆိုင်ပိုင်ရှင်)

"မိုးရွာရင် ကုမ္ပဏီဝန်ထမ်းတွေက အဝေးကြီး ထမင်းသွားမစားတော့ဘူးလေ။ အဲဒီတော့
နီးနီးနားနားရှိတဲ့ ဦးလေးဆိုင် ကပဲ မှာစားကြတယ်။ ဈေးပိုရောင်းရတော့ အဲဒီအချက်ကိုတော့
ကြိုက်တယ်။ မကြိုက် တာက ဆိုင်မှာ ထမင်းလာစားတဲ့ သူများနေတဲ့အချိန် မိုးရွာချလာတာကိုပဲ။
ထီးတွေ လုံအောင် မိုးပေးရ၊ ဟင်းတွေ သေချာဖုံးဖိရ၊ လာစားတဲ့သူတွေ မိုးရေစိုကုန်မှာစိုးလို့
ပြင်ဆင်ပေးရနဲ့ အရမ်း ကရိကထများတယ်။ ထမင်းဆိုင်ဆိုတော့ မိုးတွင်းမှာ ဟင်းချက်ဖို့ ဈေးဝယ်ရတာ
နည်းနည်းခက်တယ်။ ဟင်းသီးဟင်းရွက်တွေက လတ်ဆတ်ပေမဲ့ မိုးရွာတာကိုအကြောင်းပြပြီး
ဈေးသည်တွေက ထွက်ချင်မှထွက်တာ။ ဈေးသည် နည်းရင် ဈေးက ကြီးနေပြန်ရော။"


ကိုစိန်ဌေး၊ ၃၆ နှစ်
(စမူဆာရောင်းသူ)

"ကျွန်တော်ကတော့ မိုးရာသီကို ကြိုက်တယ်။ အရောင်းအ၀ယ်လိုက်ပြီး မိုးအေးအေးဆို
လာဝယ်သူတွေပိုများတော့ နွေရာသီထက် နှစ်ဆလောက်ပိုရောင်းရ တယ်။ ကုန်ကြမ်းပစ္စည်းတွေ
ဖြစ်တဲ့ အာလူး၊ ကြက်သွန်၊ ဂေါ်ဖီတွေတော့ မိုးတွင်းမှာ ဈေးနည်းနည်း ပိုကြီးတယ်။ မိုးအရမ်းများလို့
ဆိုင်မထွက်လိုက်ရတဲ့ နေ့လည်း မရှိဘူး။ မိုးသည်းနေတဲ့ကြားက ဆိုင်ရအောင် လာဖွင့်လိုက်တာနဲ့
လာဝယ်ကြတဲ့သူတွေ ရှိနေတာပဲ။ ကျွန်တော်တို့လို မီးဖိုနားကပ်ပြီး ကြော်လှော်နေတဲ့
သူတွေအတွက်တော့ မိုးအေးအေးလေးက ပိုအဆင်ပြေပါတယ်။ ဒီနှစ်က ပလက်ဖောင်းတွေပေါ်လည်း
ရေမလျှံတော့ ဈေးရောင်းရတာ အဆင်ပြေတယ်။"


ကိုကံကြီးမောင်၊ ၃၄ နှစ်
(အုန်းသီးဝေဖာမုန့်ရောင်းသူ)

"မိုးရာသီကို မကြိုက်ပေမဲ့ သဘာဝက ပေးလာတာဆိုတော့ လွန်ဆန်လို့တော့ မရဘူးပေါ့။
ကျွန်တော်က ရွှေရင်အေး ရောင်းတာဆိုတော့ မိုးတွင်းမှာ ဘယ်သူမှ ရွှေရင်အေး
မသောက်တော့ဘူးလေ။ အဲဒီတော့ ဝေဖာကို မိုးတွင်းပြန်ရောင်းရတယ်။ ဒီအုန်းသီးဝေဖာက
ကလေးစာလို့ ထင်ကြပေမဲ့ တကယ်တမ်းစားကြတာက လူကြီးတွေ ပိုများတာ။ နည်းနည်းလေး
မိုးရွာနေရင်တောင် လမ်းပေါ် လူကရှင်းနေပြီဆိုတော့ မိုးတွင်းမှာ ဈေးရောင်းရတာ မလွယ်ပါဘူး။
မိုးလေ၀သကလည်း နေသာမယ်ဆိုရင် တကယ်သာချင်မှ သာတာဆိုတော့ နားထောင်ပေမဲ့
သိပ်အားကိုးမရဘူး။ မုန်တိုင်းသတင်းတွေဘာတွေတော့ အရင်ကထက် မှန်လာလို့
နားထောင်ပါတယ်။"

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်