'မုတ်သုံကဗျာ အနုပညာပွဲတော်' အတွက် လက်မှတ်များ ၀ယ်ယူနိုင်ပြီ

ကဗျာကို ချစ်မြတ်နိုးသူတွေရော စိတ်ပါဝင်စားသူတွေအတွက်ပါ သတင်းကောင်းတစ်ခု ရှိပါတယ်။

'မုတ်သုံကဗျာအနုပညာပွဲတော်' ကဗျာရွတ်ဆိုပွဲကို ဇူလိုင် ၂၃ ရက်မှာ ပဲခူးကလပ်မှတ်တိုင်အနီး၊
ရုရှားသံရုံးနဲ့ စိန်ဂေဟာကြားလမ်းက ရန်ကုန်သာသနာပိုင်ရုံး (အင်္ဂလီကန်)မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီပွဲကျင်းပဖြစ်ဖို့ ကဗျာဆရာ မောင်ဆောင်းခ က စိတ်ကူးရရှိခဲ့တာဖြစ်ပြီး ထူးထူးခြားခြားအနေနဲ့
လက်မှတ်ရောင်းပြီးပြုလုပ်မယ့် ကဗျာရွတ်ဆိုပွဲပဲ ဖြစ်ပါတယ်။

"ကျွန်တော် ထောင်ကျနေတဲ့အချိန်အတွင်းမှာ ဒီပွဲလေးလုပ်ဖို့ အိုင်ဒီယာရခဲ့တာပေါ့။ ကျွန်တော်
ထောင်ကျခံခဲ့ရတာက ပြောရမယ်ဆိုရင် အနုပညာလွတ်လပ်ခွင့် ဆုံးရှုံးတယ်ပေါ့ဗျာ။ အဲဒီတော့
အကျဉ်းကျနေတဲ့အချိန်မှာ ကျွန်တော် စဉ်းစားတယ်။ အနုပညာလွတ်လပ်ခွင့်ရအောင် ဘာတွေကို
လုပ်ကြမလဲဆိုပြီးတော့ စဉ်းစားတယ်။ အဲဒီမှာ ကဗျာရွတ်ပွဲတွေ လုပ်ပြီးတော့ ဒီကဗျာတွေ၊
အနုပညာတွေကို ပြည်သူတွေနဲ့ မိတ်ဆက်မယ်။ လူတွေသိအောင် လုပ်မယ်ဆိုရင်
အနုပညာဆိုတာကို လူတွေ ပိုနားလည်လာကြပြီး အနုပညာဆိုတာ တရားစွဲဆိုလို့ရတဲ့
အရာမဟုတ်ဘူး၊ အနုပညာဆိုတာ လွတ်လပ်တဲ့ နယ်ပယ်တစ်ခု၊ ရှိအပ်တယ်ဆိုတဲ့အသိတစ်ခု
ရသွားစေချင်တာကြောင့် ဒီပွဲလေးကို လုပ်ရတာဖြစ်ပါတယ်"လို့ ကဗျာရွတ်ဆိုပွဲကို
အဓိကစီစဉ်သူဖြစ်တဲ့ ကဗျာဆရာ မောင်ဆောင်းခက ပြောပါတယ်။

ပွဲမှာ မောင်ဆောင်းခအပါအ၀င် စုစုပေါင်း ကဗျာဆရာ အယောက် ၂၀ က ကဗျာတစ်ပုဒ်စီ
ရွတ်ဆိုကြမှာပါ။

"ဒီပွဲမှာ ပါဝင်ရွတ်ဆိုကြမယ့် ကဗျာဆရာတွေက အသက်အရွယ်အပိုင်းအခြား အများကြီးကွာကြတယ်။
အသက်အကြီးဆုံးဆို ဆရာအောင်ချိမ့်အထိ ပါသလို အငယ်ဆုံးအသက် ၂၀ ၀န်းကျင်
ကဗျာဆရာတွေလည်းပါတယ်။ အဲဒီတော့ ကဗျာပုံသဏ္ဌာန်တွေ၊ အတွေးအခေါ်တွေ၊ ရေးဟန်တွေ
ကတော့ တစ်ယောက်နဲ့တစ်ယောက် တော်တော်လေး ကွဲပြားခြားနားကြမှာပါ။ ကဗျာအမျိုးအစား
အစုံဖြစ်မှာပါ" လို့ မောင်ဆောင်းခက ပြောပါတယ်။

ကဗျာရွတ်ဆိုပွဲ အဓိကဖြစ်တဲ့အတွက် ကဗျာတွေပဲရွတ်ဆိုနေတာကို နားထောင်နေရပြီး ပရိသတ်တွေ
ငြီးငွေ့သွားတာမျိုး မဖြစ်အောင်လည်း ဒီပွဲမှာ စီစဉ်ထားပါတယ်။

"ကဗျာကြီးပဲရွတ်နေရင်လည်း ငြီးငွေ့သွားနိုင်တဲ့အတွက် ကြားထဲမှာ Performance Art လေးတွေ
ထည့်ထားပေးတယ်။ နောက် ကိုသည်မော်နိုင်ရဲ့ Installation Art တွေကိုလည်း ပြသသွားမှာပါ"လို့
ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ မသျှားယမုံက ပြောပါတယ်။

Performance Art နဲ့ ပါဝင်တင်ဆက်မယ့် အနုပညာရှင်တွေကတော့ ညိုဝင်းမောင်၊ ဖြူမွန်၊
စန်းဇော်ထွေး၊ စုမီအောင်၊ သွိုင်တာနဲ့ သည်မော်နိုင်တို့ပဲ ဖြစ်ပါတယ်။

"မောင်ဆောင်းခက ဆရာမဆီ ဖုန်းဆက်လာတယ်။ ဒီပွဲလေးအတွက် ဖျော်ဖြေမှုအခန်းကဏ္ဍလေး
ပါအောင် လုပ်ပေးပါဆိုပြီး ဖုန်းဆက်လာတယ်။ ဒီပွဲမှာ ပါမယ့်ကဗျာဆရာတွေကို သူပြောတော့လည်း
တကယ့်ကို နာမည်နဲ့အထင်ကရဖြစ်တဲ့ ကဗျာဆရာတွေ ပါတာကိုလည်း တွေ့ရတယ်။ သူတို့
ရွတ်တာကိုလည်း တခြားပြည်သူတွေကို ကြားစေချင်တယ်။ ပြည်သူတွေကြားမှာလည်း
ပျံ့နှံ့စေချင်တယ်။ ကဗျာရွတ်တယ်ဆိုတာ ခက်တယ်။ နောက် ကဗျာဆရာတွေကိုယ်တိုင်က
ရွတ်ဆိုတယ်ဆိုတာ ဖြစ်ဖို့က ပိုခက်တယ်။ မောင်ဆောင်းခရဲ့ ဒီလှုပ်ရှားမှုလေးက ကောင်းတယ်။
အဲဒါကြောင့်လည်း ပါဝင်ပူးပေါင်း ဖြစ်တာပါ"လို့ ကဗျာတွေလည်းရေး၊ performance Art တွေလည်း
ပြုလုပ်လေ့ရှိတဲ့ ဆရာမ ဖြူမွန်က ပြောပါတယ်။

"ကဗျာဆိုတာကတော့ ရွတ်လိုက်ရင် အသံကြားရတယ်။ ဖတ်တဲ့အခါမှာ ကဗျာရဲ့ ဆိုလိုရင်း
အကြောင်းအရာကို စိတ်နဲ့ မြင်ရတယ်။ ဒါပေမဲ့ ကဗျာဆရာတွေရဲ့ကဗျာကို လူတွေက ပါဝင်ပြီး
ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့တင်ပြရင် ဘယ်လိုဖြစ်မလဲဆိုတာ တွေးကြည့်ရင် တော်တော်လေး
စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကဗျာကို ပိုပြီးအထောက်အကူပြုတဲ့ လှုပ်ရှားမှုတစ်ခုပေါ့။ အဲဒီတော့
ကဗျာကိုလည်း နားထောင်ရတဲ့အရသာကိုလည်း သိသွားပြီ။ ဖတ်ရတဲ့အရသာကိုလည်း သိသွားပြီ။
အဲဒီလိုပဲ တင်ဆက်တဲ့အရသာကိုလည်း နောက်တစ်ဆင့်ပိုပြီးတော့ သိသွားနိုင်အောင်လို့ ဒီပွဲလေးမှာ
တက်ဆက်ဖြစ်တာပါ"လို့ လည်း ဆရာမဖြူမွန်က ပြောပါတယ်။

ပွဲလက်မှတ်ဈေးနှုန်းကို တစ်စောင်ကို ကျပ် ၃,၀၀၀ သတ်မှတ်ထားပြီး အစောင်အရေအတွက်ကိုတော့
ကန့်သတ်ပြီး ၅၀၀ သာ ရောင်းချသွားမှာဖြစ်ပါတယ်။

"ညီမတို့ အစပိုင်းလက်မှတ်ရောင်းတုန်းကဆို လူတွေက ပြောတယ်။ လက်မှတ်ဝယ်ပြီး
ကဗျာနားထောင်ရတာ မရှိဘူးပေါ့။ အမှန်တကယ်တော့ ဒါဟာ ရှိသင့်တယ်။ ကဗျာဆရာတွေရဲ့
တန်ဖိုး၊ သူတို့ရဲ့ကဗျာတွေပေါ်မှာ တန်ဖိုးထားမှုကို ပြန်ပြီးချီးမြှောက်သင့်တယ်။ အဲဒီအတွက်
လက်မှတ်ရောင်းလို့ရတဲ့ပိုက်ဆံတွေကို ကဗျာဆရာတွေကိုပဲ အနုပညာကြေးပြန်ပေးမှာပေါ့"လို့
မသျှားယမုံက ပြောပါတယ်။

လက်မှတ်တွေကို လှည်းတန်းက အင်းဝစာအုပ်တိုက်၊ ပန်းဆိုးတန်းလမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က
စာပေ နန်းတော်၊ River Ayeyarwaddy Gallery ၊ ကျောက်မြောင်း ဩဘာလမ်းက စိတ်ကူးချိုချိုတို့မှာ
ဝယ်ယူနိုင်ပါတယ်။

"ဒီပွဲက ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုပဲ။ ကဗျာအပေါ် မှာ လူတွေရဲ့ စိတ်ဝင်စားမှုကို စိန်ခေါ်တဲ့
သဘောလို့ ပြောရမှာပဲ။ ကျွန်တော်တို့ အများကြီးရင်းပြီး လုပ်ရတယ်။ တကယ်လို့ ဒီပွဲမှာ
မအောင်မြင်ရင်လည်း နောက်ထပ်အောင်မြင်အောင် ဘယ်လိုနည်းနဲ့လုပ်မလဲဆိုတာ စဉ်းစားပြီး
ထပ်လုပ်မှာပဲ။ အောင်မြင်ရင်တော့ ဒီလိုပွဲတွေ ပိုလုပ်ဖြစ်မှာပါ"လို့ မောင်ဆောင်းခက ပြောပါတယ်။


'မုတ်သုံကဗျာ အနုပညာပွဲတော်'

ပါဝင်မယ့်ကဗျာဆရာများ - အောင်ချိမ့်၊ မောင်ပြည့်မင်း၊ ဇေယျာလင်း၊ နေမျိုး၊ ခင်အောင်အေး၊
ဝေးခေါင်၊ ကိုကိုသက်၊ အိန္ဒြာ၊ မောနွေ၊ ဇာတိ၊ ရင်ခွင်ရှိန်း၊ ဒီလူကလေး၊ ဏေသစ်၊ ဆစ်ခ်၊ မောင်ဖြိုးဝေ၊
စမ်၊ ယဉ်ဝယ်ထက်၊ မင်းရည်သွေး၊ ဘုဏ်းခရိုးရာနှင့် မောင်ဆောင်းခ။

နေ့ရက် - ဇူလိုင် ၂၃ ရက်

နေရာ - ပဲခူးကလပ်မှတ်တိုင်အနီး၊ ရုရှားသံရုံးနဲ့ စိန်ဂေဟာကြားလမ်းက ရန်ကုန်သာသနာပိုင်ရုံး
(အင်္ဂလီကန်)

အချိန် - ညနေ ၅ နာရီမှ ၉ နာရီအထိ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - လူမှုဘ၀ရသစုံလင်